ကျောက်မဲမြို့ရှိ ရွှေကျင်ဘုန်းကြီးကျောင်းတိုက်ဆရာတော် သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်သတ်ဖြတ်ခံရ

ကျောက်မဲမြို့ရှိ ရွှေကျင်ဘုန်းကြီးကျောင်းတိုက်ဆရာတော် သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်သတ်ဖြတ်ခံရ
Published 6 October 2018

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကျည်ဆန်အခွံများအား တွေ့ရစဉ်

ရှမ်းပြည်နယ် (မြောက်ပိုင်း)  ကျောက်မဲမြို့ မြောက်ကုန်းရပ် အမှတ် (၇) ရပ်ကွက်ရှိ ရွှေကျင်ဘုန်းကြီး ကျောင်းတိုက်ဆရာတော်သည် အောက်တိုဘာ ၅ ရက် ညနေ ၆ နာရီကျော်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ပျံလွန်တော်မူခဲ့ကြောင်း သတင်းရရှိသည်။

“ကျောက်မဲမြို့ မြောက်ဘက်က မြောက်ကုန်းဘက်က (၇) ရပ်ကွက်မှာရှိတဲ့ ရွှေကျင်ဘုန်းကြီးကျောင်းနားက ဆောက်လုပ်ရေး လမ်းကြားဘက်ကနေ ဆိုင်ကယ်နှစ်စီး ထွက်လာတယ်တဲ့။ လူကတော့ ဘယ်နှစ်ယောက်လဲ ဆိုတာ မသိသေးဘူး။ အဲဒီအချိန်မှာ ဘုန်းကြီးက ဘုန်းကြီးကျောင်းဝင်းအတွင်းမှာပဲ ရှိနေတယ်လို့ပြောတယ်။ ကျောင်းပေါ်မှာမဟုတ်ဘူး။ အဲဒါ လက်နက်ကိုင်ဆောင်ထားသူတွေက ဆိုင်ကယ်နဲ့ဝင်လာပြီး သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်တယ်လို့ကြားတယ်။ ဆရာတော်က သေနတ်ဒဏ်ရာ ခုနစ်ချက် ရသွားတယ်လို့သိရတယ်။ ဆေးရုံကိုပို့တာတောင် အသက်မမီတော့ဘူး ” ဟု ကျောက်မဲမြို့တွင် ပရဟိတလုပ်ငန်းများ ဆောင်ရွက်နေသူ ကျောက်မဲမြို့ဒေသခံတစ်ဦးက ပြောကြားသည်။

အဆိုပါ ရွှေကျင်ကျောင်းဆရာတော်အား သေနတ်ဖြင့်ပစ်ခတ်ခဲ့သူသည် NCA လက်မှတ်ရေးထိုးထားသည့် ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS/SSA) အဖွဲ့ဝင်ဖြစ်ကြောင်း ကနဦးသတင်းများ ထွက်ပေါ်လျက်ရှိသည်။

ထိုသို့ဆရာတော်အား သေနတ်ဖြင့်ပစ်ခတ်ခြင်းမှာ အခြား ရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ ( SSPP/SSA) အား ရှမ်းလက်နက်ကိုင်အဖွဲ့ အချင်းချင်း တိုက်ပွဲမဖြစ်ပွားစေရေးအတွက် ဆရာတော်က မေတ္တာရပ်ခံပေးရန် RCSS အဖွဲ့က လာရောက် လျှောက်ထားသည်ကို ဆရာတော်က လက်နက်ကိုင်အချင်းချင်းကိစ္စတွင် ဝင်ပါလိုခြင်း မရှိသောကြောင့် မကူညီပေးနိုင်ကြောင်း ပြန်လည်မိန့်ကြားရာတွင် တစ်ဖက်နှင့်တစ်ဖက် စကားများခဲ့ပြီးနောက် RCSS အဖွဲ့ဝင်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့၏ ပြောကြားချက်အရ သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ RCSS ပြောရေးဆိုခွင့်ရှိသူများထံ အောက်တိုဘာ ၅ ရက် ည ၁၁ နာရီက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှုမရရှိသည့်အပြင် သီးခြားအတည်ပြုနိုင်ခြင်းမရှိဘဲ ထပ်မံသိရှိရသည့် သတင်းအချက်အလက်များကို The Daily Eleven သတင်းစာက ဖော်ပြပေးသွားမည်ဖြစ်သည်။

သို့ရာတွင် ယခုပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ကျောက်မဲဒေသ အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အစိုးရ၏ တပ်မတော်၊ တအန်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ရှမ်းပြည်တောင်ပိုင်းအခြေစိုက် (RCSS/SSA)၊ ရှမ်းပြည်မြောက်ပိုင်းအခြေစိုက် (SSPP/SSA) စသည်ဖြင့် လက်နက်ကိုင်အဖွဲ့စုံ လှုပ်ရှားလျက်ရှိပြီး ရှုပ်ထွေးသည့်ဒေသဖြစ်ကြောင်း ဒေသခံတို့အဆိုအရ သိရသည်။

လက်နက်ကိုင် အဖွဲ့ဝင်များ ကျန်ရစ်ခဲ့သည့် ဆိုင်ကယ်အား တွေ့ရစဉ်။

ထို့ပြင် တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) သည် မဟာမိတ်ဖြစ်ပြီး ပူးပေါင်းထားကာ အဆိုပါပူးပေါင်းအဖွဲ့နှင့်သာမက TNLA တစ်ဖွဲ့တည်းဖြင့်လည်း RCSS/SSA သည် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

“ကျောက်မဲမြို့ ရွှေကျင်ကျောင်းဘုန်းကြီး သေနတ်နဲ့ အပစ်ခံရတယ်ဆိုတဲ့ဖြစ်စဉ်သတင်းက မှန်ပါတယ်။လောလောဆယ် အတည်ပြုချက်တွေရယူနေပါတယ်။ အချက်အလက်တွေ အတိအကျတော့ မရသေးပါဘူး။မြို့မရဲစခန်းကို တိုက်ရိုက်လှမ်းမေးရင်တော့ သူတို့ပြောနိုင်လိမ့်မယ်ထင်ပါတယ်”ဟု ကျောက်မဲ မြို့မရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်မဲမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ သတင်း စိစစ်ဆဲသာဖြစ်ကြောင်း ပြောကြားသည်။

ရွှေကျင်ဘုန်းကြီးကျောင်း ဆရာတော်သည် ရှမ်းလူမျိုးဆရာတော် တစ်ပါးဖြစ်ပြီး နမ့်ခုံးပရဟိတအသင်း တည်ထောင်သူ ဆရာတော်တစ်ပါးလည်းဖြစ်ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသော ရွှေကျင်ကျောင်းတိုက်ဆရာတော်မှာ သက်တော် ၄၉၊ (ဝါတော် ၂၀ ကျော်) ရှိပြီဖြစ်ပြီး ရွှေကျင်ကျောင်းတိုက်တွင် စာသင်သားကိုရင်ငယ် ၂၀၀ ကျော် ရှိကြောင်း သိရသည်။

Most Read

Most Recent