ကျောက်နီမော်အုပ်စုတွင် ကမန်အမည်ဖြင့် ဘင်္ဂါလီများအား မှတ်ပုံတင်ထုတ်ပေးခြင်းအပေါ် ပြန်လည်စိစစ်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို ပြည်နယ်လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန်အတည်ပြု

ကျောက်နီမော်အုပ်စုတွင် ကမန်အမည်ဖြင့် ဘင်္ဂါလီများအား မှတ်ပုံတင်ထုတ်ပေးခြင်းအပေါ် ပြန်လည်စိစစ်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို ပြည်နယ်လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန်အတည်ပြု
Published 20 September 2018

စက်တင်ဘာ ၁၉ ရက်က ပြုလုပ်သော ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးကို တွေ့ရစဉ်

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်အုပ်စုမှ ဘင်္ဂါလီများကို ကမန်အမည်ဖြင့် ၁၁/ရဗန(နိုင်) မှတ်ပုံတင်ကတ်ပြား ၃၃၀၆ ကတ် ထုတ်ပေးထားသည့်ကိစ္စ ပြန်လည်ဆန်းစစ်ရန်နှင့် လူမျိုးအမည် မှားယွင်းစွာ ဖော်ပြထားသည့်ကတ်များကို ပြန်လည်ရုပ်သိမ်းပေးပါရန် ရခိုင်ပြည်နယ်အစိုးရမှတစ်ဆင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆို စက်တင်ဘာ ၁၉ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ရမ်းဗြဲမြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးက တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကမန်အမည်ဖြင့် နိုင်ငံသားထုတ်ပေးခြင်းသည် ဥပဒေနှင့် ညီ၊မညီဆိုသည်ကို သဘောပေါက်ရန် ခက်ခဲနေကြောင်း၊ ထိုလုပ်ရပ်များသည် နောင်တွင် ပြဿနာဖြစ်လာနိုင်သော ကိစ္စရပ်ဖြစ်ကြောင်း၊ ကမန်အမည် ဖြင့် နိုင်ငံသားကတ် ထုတ်ပေးထားမှုသည် ကမန်တိုင်းရင်းသားများမှ လက်မခံနိုင်သကဲ့သို့ ဒေသခံရခိုင်တိုင်းသားများကလည်း လက်မခံနိုင်ဘူး။ ယင်းအတွက် အမြန်ဆုံး ပြန်လည်ရုပ်သိမ်းပေးစေလိုတဲ့အတွက် အခုလိုမျိုး အဆိုတင်သွင်းရတာ ဖြစ်ပါတယ်”  ဟု ဦးသန်းမောင်ဦးက ပြောကြားသည်။

ယင်းအဆိုနှင့်ပတ်သက်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာကို တစ်ချိန်ချိန်တွင် ထိခိုက်စေနိုင်သည့် အကြောင်းခြင်းရာဖြစ်နေ၍ လွှတ်တော်က လက်ခံဆွေးနွေးသင့်ပါကြောင်း မင်းပြားမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှအောင်ညွန့်က ထောက်ခံ၍ အဆိုတင်သွင်းခဲ့ပြီး ကန့်ကွက်သူမရှိ လက်ခံဆွေးနွေးရန် အတည်ပြုခဲ့ကြောင်း သိရသည်။

ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စုတွင် ဗုဒ္ဓဘာသာကိုးကွယ်သူ အိမ်ထောင်စု ၄၆၀ ခန့်နှင့် ဘင်္ဂါလီအိမ်ထောင်စု ၈၀၀ ခန့်တို့ အတူတကွနေထိုင်လျက် ရှိကြောင်း၊ အစ္စလာမ်ဘာသာကိုးကွယ်သူ နှစ် ထောင်ခန့်ရှိမည်ဟု ခန့်မှန်းရရှိကြောင်း၊ ယင်းတို့အနက် ကမန် ၂၀၀ ခန့်သာရှိပြီး ကျန် အစ္စ လာမ်ဘာသာဝင်များမှာ ဘင်္ဂါလီများသာ ဖြစ်ကြကြောင်း၊ ဒေသ၏ ခေတ်အဆက်ဆက် အခေါ်အဝေါ် အသုံးအနှုန်းမှာကုလားနှင့် ကမန်သာဖြစ်ကြောင်း၊ ဒုတိယကမ္ဘာစစ်မတိုင်မီက ကျောက်နီမော်ဆိပ်ကမ်းမှ ထွက် ခွာရန် ဘင်္ဂါလီမိသားစု ၃၀ ကျော် ရောက်ရှိလာခဲ့ကြောင်း၊ ဆရာတော်တစ်ပါးက ဒကာများကိုမိန့်ကြားကာ သနားညှာတာစွာဖြင့် ကျောက်ထရံရွာတွင် နေရာချထားပေးခဲ့သည်ဟု သမိုင်းကြောင်းအရ သိရကြောင်း ဦးသန်းမောင်ဦးက လွှတ်တော်သို့တင်ပြပြောကြားခဲ့သည်။

ထိုအချိန်မှယနေ့အထိ အတူယှဉ်တွဲနေထိုင်ခဲ့ကြောင်း၊ ယင်းအတွက် ကျောက်နီမော်ကျေးရွာသားများက ဤသူကား ကမန်၊ ဤသူကား ဘင်္ဂါလီဖြစ်သည်ကို မျိုးရိုးရာဇဝင်ကအစ သိရှိထားကြကြောင်း၊ ၂၀၁၈ ခု ဇန်န ဝါရီတွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇော ဦးဆောင်သော လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီး ဌာနအထူးအဖွဲ့တစ်ဖွဲ့သည် ကျောက်နီမော်သို့ ရောက်ရှိကာ နိုင်ငံသားကတ်ပြားများ ထုတ်ပေးနေကြောင်းသိရပြီး အဆိုပါပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံပြောဆိုမှုများရှိခဲ့ကြောင်း ဦးသန်းမောင်ဦးကပြောကြားသည်။

လက်ရှိတွင် ကမန်လူမျိုးအမည်ဖြင့် နိုင်ငံသားကတ်ထုတ်ပေးထားသူ ၃၃၀၀ ကျော် ရှိကြောင်း၊ ယင်းသို့ ထုတ်ပေးရာတွင် ဒေသခံတိုင်းရင်းသားများနှင့်ကမန်များက အဆိုပြုခဲ့ခြင်း၊ ထောက်ခဲ့ခြင်း မရှိခဲ့ကြောင်းလည်း သိရသည်။

 

Most Read

Most Recent