ရိုက်တာသတင်းထောက်များ၏ ပြစ်မှုသည် ဂျာနယ်လစ်ဇင်နှင့် မသက်ဆိုင်ကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ်၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ရိုက်တာသတင်းထောက်များ၏ ပြစ်မှုသည် ဂျာနယ်လစ်ဇင်နှင့် မသက်ဆိုင်ကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ်၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 14 September 2018

စက်တင်ဘာ ၁၃ ရက်က ဟနွိုင်းမြို့ နေရှင်နယ်ကွန်ဗင်းရှင်းစင်တာ၌ အာဆီယံဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်၌ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးပြောကြားနေစဉ် (Photo: AFP)

ရိုက်တာသတင်းထောက်များ၏ ပြစ်မှုသည် ဂျာနယ်လစ်ဇင်နှင့် မသက်ဆိုင်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့စီးပွားရေးဖိုရမ်၌ စက်တင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်ရှိ ရွာတစ်ရွာတွင် ဘင်္ဂါလီမွတ်စလင်များ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုကို ဖော်ထုတ်သည့် ရိုက်တာသတင်းထောက်နှစ်ဦးကို ယခုလအတွင်း မြန်မာတရားရုံးတစ်ခုက ထောင်ဒဏ်ခုနစ်နှစ် ချမှတ်ခဲ့မှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များ၏ ပြစ်မှုသည် ဂျာနယ်လစ်ဇင်နှင့် မဆိုင်ကြောင်း၊ မြန်မာနိုင်ငံ၏ ကိုလိုနီခေတ်က ဥပဒေဖြစ်သော အစိုးရလျှို့ဝှက်ချက်အက်ဥပဒေအား ချိုးဖောက်ခြင်းသာဖြစ်ကြောင်း ပြောကြားလျက် စီရင်ချက် အကျဉ်းချုပ်ကိုဖတ်ရန် အပင်ပန်းမခံခဲ့ဟု ဝေဖန်သူများအား စွပ်စွဲခဲ့သည်။

“တရားစီရင်ရေးမှာ မှားယွင်းဆောင်ရွက်မှု ရှိခဲ့တယ်လို့ ခံစားရတဲ့သူရှိရင် သူတို့ကို ကျွန်မ ဒါကို ထောက်ပြလိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ယခုလအတွင်း ရိုက်တာသတင်းထောက်နှစ်ဦးအား ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခဲ့မှုကို ရည်ညွှန်းလျက် ပြောကြားခဲ့သည်။

၎င်းအပြင် ဘင်္ဂါလီမွတ်စလင်ကိစ္စနှင့် ပတ်သက်၍ ပိုမိုကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့သင့်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

“တကယ်တော့ ပြန်တွေးကြည့်တဲ့အခါ ကျွန်မတို့ စဉ်းစားမိနိုင်တာက ဒီအနေအထားကို ပိုပြီးကောင်းကောင်းမွန်မွန် ကိုင်တွယ်နိုင်ခဲ့သင့်တယ်ဆိုတာပါ။ ဒါပေမဲ့ ရေရှည်တည်ငြိမ်ရေးနဲ့ လုံခြုံရေးအကျိုးအတွက် ကျွန်မတို့ ယုံကြည်တာက ကျွန်မတို့အနေနဲ့ ဘက်အားလုံးအတွက် မျှတရပါမယ်” ဟု ဗီယက်နမ်နိုင်ငံမြို့တော် ဟနွိုင်းတွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ဖိုရမ်တစ်ခုအား ရှားရှားပါးပါး တက်ရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ကြောက်မက်ဖွယ် သတ်ဖြတ်မှုများ၊ မုဒိမ်းကျင့်မှုများနှင့် ရွာမီးရှို့မှုများ ဖြစ်ပေါ်ခဲ့သည့်အကြား လွန်ခဲ့သည့်နှစ် သြဂုတ်လကတည်းက ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟုဖော်ပြ) မွတ်စလင် ၇၀၀,၀၀၀ ကျော်သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ကြသည်။ ကုလသမဂ္ဂ၏ ခန့်မှန်းတွက်ချက်မှုအရ လူပေါင်း ၁၀,၀၀၀ ထက်မနည်း သေဆုံးခဲ့သည့် သွေးထွက်သံယိုမှုများအား မြန်မာတပ်မတော်က ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့များက အကြီးအကျယ် တင်ပြခဲ့ကြသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်က အာဆီယံနှင့်ပတ်သက်သော ကမ္ဘာ့စီးပွားရေးဖိုရမ်၌ စကားပြောကြားရာတွင် ၎င်းအနေဖြင့် စစ်ရေးအမြင်ဟု လိမ်မာပါးနပ်စွာ ရည်ညွှန်းသော ကိစ္စအား ဝေဖန်ခဲ့ခြင်းမရှိပေ။ ယင်းအစား ဒေါ်အောင်ဆန်းစုကြည်သည် လက်နက်ကိုင် ဘင်္ဂါလီအကြမ်းဖက်သမားများက ရခိုင်ပြည်နယ်ရှိ အခြားတိုင်းရင်းသား လူမျိုးစုများနှင့် ဘာသာရေးအုပ်စုများအပေါ် ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ အဓိကထား ပြောဆိုခဲ့မှု မရှိသည့်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းကို ဝေဖန်ပြစ်တင်ခဲ့သည်။

“ကမ္ဘာရဲ့ ကျန်တဲ့အပိုင်းက စိတ်ဝင်စားခြင်းမရှိတဲ့တိုင်အောင် အစိုးရအဖွဲ့အနေနဲ့ ကျွန်မတို့ဟာ သူတို့အားလုံးအပေါ် မျှတမှု ရှိရပါမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရအဖွဲ့က ရခိုင်ပြည်နယ်၌ လွန်ခဲ့သည့်နှစ်အတွင်း ဘင်္ဂါလီမွတ်စလင်မဟုတ်သူပေါင်း မည်မျှအသတ်ခံရသည်ကို ပြောကြားခြင်းမရှိသော်လည်း ဒေသဆိုင်ရာ အာဏာပိုင်များ၏ အရိပ်အမြွက် ပြောကြားချက်များအရ ဦးရေ ၅၀ ထက် ပိုနိုင်သည်ဟု ဆိုသည်။

၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း ဘင်္ဂါလီမွတ်စလင် အကြမ်းဖက်သမားများက ရဲစခန်းများနှင့် တပ်မတော်အခြေစိုက်စခန်း တစ်ခုတို့အား တိုက်ခိုက်ခဲ့ပြီး လုံခြုံရေးအရာရှိ တစ်ဒါဇင်ခန့်ကို သေဆုံးစေခဲ့ပြီးနောက် တပ်မတော်စစ်ဆင်ရေးတစ်ရပ် စတင်ခဲ့ခြင်း ဖြစ်သည်။

ယခင်က နိုင်ငံရေးအတိုက်အခံတစ်ဦးနှင့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဖြစ်ခဲ့ပြီး သူ၏ပါတီက ၂၀၁၅ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိပြီးနောက် အရပ်သားအစိုးရအဖွဲ့ခေါင်းဆောင်ဖြစ်လာသူ ဒေါ်အောင်ဆန်းစုကြည်သည် ဘင်္ဂါလီမွတ်စလင်များအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများအား တားဆီးရန် သို့မဟုတ် သတိပြုမိရန်ပင် ပျက်ကွက်ခဲ့သောကြောင့် အပြင်းအထန် ဝေဖန်ခံခဲ့ရသည်။ သူ၏အကြမ်းမဖက်သော ဒီမိုကရေစီရေးအတွက် ခုခံမှုကြောင့် ချီးမြှင့်ခဲ့သည့် နိုင်ငံတကာဆုတံဆိပ် အမျိုးမျိုးကို ပြန်လည် ရုပ်သိမ်းခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဘင်္ဂါလီမွတ်စလင်အရေးနှင့် ပတ်သက်သော မေးခွန်းများကို လက်ခံဖြေဆိုခဲလှသည်။ သူသည် ယခုလအတွင်း ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့လည်း တက်ရောက်မည်မဟုတ်ပေ။ ဘင်္ဂါလီမွတ်စလင်များ အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ရမှုကြောင့် ဒေါသထွက်မှုများ မြင့်တက်နေသည့် ယခင်နှစ်ကလည်း သူသည် အဆိုပါညီလာခံသို့ တက်ရောက်ခဲ့ခြင်း မရှိပေ။

တပ်မတော်က အစိုးရအဖွဲ့ ထိပ်တန်းရာထူးများနှင့် လွှတ်တော်အမတ်နေရာ လေးပုံတစ်ပုံကို ထိန်းချုပ်ထားဆဲဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ဖြစ်ပျက်သမျှအတွက် သူ၏ အရပ်သားအစိုးရအဖွဲ့ကိုသာ အပြစ်တင်ရမည်ဖြစ်ကြောင်း ဟနွိုင်းတွင် ကျင်းပသည့် ဖိုရမ်၌ ဒေါ်အောင်ဆန်းစုကြည်က အသိအမှတ်ပြုခဲ့သည်။

“ကျွန်မတို့မှာ အာဏာ ၇၅ ရာခိုင်နှုန်းပဲ ရှိပေမဲ့ တာဝန်ယူမှုနဲ့ပတ်သက်ရင် ရာခိုင်နှုန်း ၁၀၀ ကို ကျွန်မတို့ လက်ခံရပါမယ်။ ဒါဟာ ရွေးကောက်တင်မြှောက်ခံ အစိုးရနဲ့ ပတ်သက်တဲ့ အရာရာပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

Most Read

Most Recent