တာမွေမြို့နယ် တာမွေဈေးရှေ့တွင် အုပ်စုနှစ်စု ခိုက်ရန်ဖြစ်ပွားပြီး ဓားခုတ်ခံရသောကြောင့် တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

တာမွေမြို့နယ် တာမွေဈေးရှေ့တွင် အုပ်စုနှစ်စု ခိုက်ရန်ဖြစ်ပွားပြီး ဓားခုတ်ခံရသောကြောင့် တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ
Published 12 September 2018

အခင်းဖြစ်နေရာအား တာဝန်ရှိသူများ လာရောက်စစ်ဆေးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)

တာမွေမြို့နယ် တာမွေဈေးရှေ့တွင် အုပ်စုနှစ်စု ခိုက်ရန်ဖြစ်ပွားပြီး  ဓားခုတ်ခံရသောကြောင့် အခင်းဖြစ်နေရာတွင် တစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိမှု  စက်တင်ဘာ ၁၁ ရက် ည ၁၀ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။

ယင်းနှင့်ပတ်သက်၍ တာမွေမြို့မ ရဲစခန်းသို့ သွားရောက်မေးမြန်းခဲ့ရာ ကျူးလွန်သူများကို လိုက်လံဖမ်းဆီးဆဲဖြစ်ပြီး အခင်းဖြစ်စဉ် အသေးစိတ်အား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန် ရေးကိုမေးမြန်းရန် ပြန်လည်ဖြေကြားခဲ့သည်။

“တစ်ယောက်သေပြီး နှစ်ယောက်ဒဏ်ရာရတယ်၊ အခုတော့ ကျူးလွန်တဲ့သူတွေကို လိုက်ဖမ်းနေဆဲဖြစ်တယ်။ ဖြစ်စဉ်ကို တိုင်းရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ရေးကိုမေးပါလို့ တာဝန်မှူးကပြောတယ်” ဟု တာမွေ မြို့မရဲစခန်းမှ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ည ၁၁ နာရီ ၄၅ မိနစ်ခန့်က ပြောသည်။

ရန်ဖြစ်ပြီး ဓားခုတ်မှုဖြစ်ပွားသည့် နေရာမှ ဓားအရှည်နှင့် ဓားအတို လေးချောင်းခန့် တာမွေမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ သိမ်းဆည်းရမိသည်ကို  Daily Eleven  မှ သတင်းသွားယူရာတွင် တွေ့မြင်ခဲ့ရသည်။

တာမွေဈေးအနီးနေထိုင်သူတစ်ဦးက “အုပ်စုနှစ်စု ရန်ဖြစ်တာမှာ ဓားတွေနဲ့ ဝိုင်းခုတ်ကြတယ်လို့ သိရတယ်။ တခြားမြို့နယ်က လူတွေနဲ့ တာမွေမြို့နယ်က လူတွေလို့တော့ ကြားတယ်။ ညနေကတည်းက ဂိမ်းဆိုင်တစ်ခုမှာ ရန်ဖြစ်ခဲ့ကြသေးတယ်လို့လည်း ကြားမိတယ်” ဟု ပြောကြားသည်။

ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အား တာမွေမြို့မရဲစခန်းမှ ဆက်လက်စစ်ဆေးလျက်ရှိပြီး ကျုးလွန်သူများအား ဖမ်းဆီးရမိရန် ဆောင်ရွက်နေကြောင်း သိရသည်။

အုပ်စုနှစ်ဖွဲ့၏ အခင်းဖြစ်ပွားမှုမှ ရရှိသည့် စစ်ဆေးဖော်ထုတ်ချက်များကို ဆက်လက်ဖော်ပြသွားပါမည်။

Most Read

Most Recent