မြန်မာလူမှုကွန်ရက် MM Social ကို စတင်သုံးခွင့်ပြုချိန်မှ ၁၈ နာရီအတွင်း သုံးစွဲသူ ၈,၀၀၀ ကျော်ရှိခဲ့ပြီး ယခုလကုန်ပိုင်းတွင် အက်ပလီကေးရှင်း ထွက်မည်

မြန်မာလူမှုကွန်ရက် MM Social ကို စတင်သုံးခွင့်ပြုချိန်မှ ၁၈ နာရီအတွင်း သုံးစွဲသူ ၈,၀၀၀ ကျော်ရှိခဲ့ပြီး ယခုလကုန်ပိုင်းတွင် အက်ပလီကေးရှင်း ထွက်မည်
Published 10 September 2018

Browser တွင် စတင်အသုံးပြုခွင့် ပေးထဲ့သည့် မြန်မာနိုင်ငံအခြေစိုက် လူမှုကွန်ရက် MM Social အား တွေ့ရစဉ်

မြန်မာနိုင်ငံအခြေစိုက် လူမှုကွန်ရက်တစ်ခုဖြစ်သည့် MM Social ကို စက်တင်ဘာ ၈ ရက် နံနက် ၁ နာရီခွဲတွင် စတင်အသုံး ပြုခွင့်ပေးခဲ့ပြီး ၁၈ နာရီအတွင်း သုံးစွဲသူ ၈,၀၀၀ ကျော် ရှိခဲ့ကြောင်း MM Social ၏ အမှုဆောင် ဒါရိုက်တာ ကိုရန်နိုင်မြင့်ထံမှ သိရသည်။

လက်ရှိအချိန်တွင် အဆိုပါ ပလက်ဖောင်းပေါ်၌ မိမိ၏အကောင့်ဖွင့်ခြင်း၊ Like ၊ Share နှင့် Comment စသည့်လုပ်ဆောင် ချက်များပြုလုပ်နိုင်ခြင်း၊ စာမျက်နှာ (Page) ဖွင့်ခြင်း၊ အစုအဖွဲ့ (Group) များဖွဲ့ခြင်းတို့သာ ပြုလုပ်နိုင်ဦးမည်ဖြစ်ပြီး အသံဖြင့်ဆက်သွယ်ခြင်း (Voice Call) ၊ ရုပ်မြင်သံကြား ဆက်သွယ်ခြင်း (Video Call) နှင့် တိုက်ရိုက်ထုတ်လွှင့်ခြင်း (Live) စသည့် လုပ်ဆောင်ချက်များကို ပြုလုပ်နိုင်ဦးမည် မဟုတ်ပေ။

“တခြားလိုနေသေးတဲ့ လုပ်ဆောင်ချက်တွေကို မကြာခင်ရက်ပိုင်းအတွင်းမှာ ထပ်ဖြည့်သွားမှာပါ။ ဦးစားပေးအစီအစဉ်တွေ ချပြီးတော့ လုပ်နေပါတယ်၊ Search လိုမျိုး၊ တခြားအရေးကြီးတဲ့ လုပ်ဆောင်ချက်တွေကတော့ လာမယ့်အပတ်ထဲလောက် ရဖို့များပါတယ်” ဟု ကိုရန်နိုင်မြင့်က ပြောကြားသည်။

MM Social သည် လက်ရှိအချိန်တွင် အက်ပလီကေးရှင်းဖြင့် အသုံးမပြုနိုင်သေးဘဲ www.mmsocial.net မှ တစ်ဆင့်သာ ဝင်ရောက်အသုံးပြုနိုင်ဦးမည်ဖြစ်ပြီး MM Social အက်ပလီကေးရှင်းအား ယခုလကုန်ပိုင်းတွင် အသုံးပြုနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ယင်းလူမှုကွန်ရက်ကို စက်တင်ဘာ ၂ ရက်တွင် တရားဝင်မိတ်ဆက်ခဲ့ပြီး စတင်လုပ်ဆောင်သည်မှာ နှစ်လရှိပြီဖြစ်သည်။ စတင်မိတ်ဆက်ချိန်မှာ တပ်မတော်မှ အကြီးတန်းအရာရှိအချို့၏ အကောင့်များနှင့် သတင်းစာမျက်နှာများကို Facebook မှ ဖြုတ်ချခံခဲ့ပြီး ရက်ပိုင်းအကြာတွင် ဖြစ်သောကြောင့် တပ်မတော်နှင့် ဆက်စပ်နေနိုင်သည်ဟု ဝေဖန်မှုများရှိခဲ့သည်။

ထိုကိစ္စနှင့် ပတ်သက်၍ ရန်နိုင်မြင့်က “ကျွန်တော်တို့ MM Social ကို အခုမှ မိတ်ဆက်တယ်ဆိုပေမယ့် စတင်ပြီးတော့ အကောင်အထည်ဖော်ခဲ့တာက နှစ်လကြာခဲ့ပါပြီ။ တပ်မတော်က ကျော်ထောက်နောက်ခံပေးထားတာမျိုး မဟုတ်ပါဘူး။ ပုဂ္ဂလိကပိုင်စစ်စစ် ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထို့ပြင်  ပြင်ဆင်ချိန် နှစ်လခန့်သာ ရှိသေးသောကြောင့် လက်ရှိ ရေပန်းစားနေသော လူမှုကွန်ရက်များနှင့် ယှဉ်ပြိုင်နိုင်ဦးမည် မဟုတ်ဘဲ ဆက်လက်အဆင့်မြှင့်တင် သွားရဦးမည်ဖြစ်ကြာင်း ၎င်းက ပြောကြားသည်။

 

Most Read

Most Recent