ရေလှောင်တမံတွေရဲ့ စိတ်ချရမှုအပေါ် ဘယ်လိုတာဝန်ယူကြမလဲ

ရေလှောင်တမံတွေရဲ့ စိတ်ချရမှုအပေါ် ဘယ်လိုတာဝန်ယူကြမလဲ
Published 3 September 2018

ဆွာချောင်းရေလှောင်တမံမှ ရေမြောင်းလက်တံပြိုကျပြီးနောက် ဆည်မှစီးဆင်းနေသော ရေအခြေအနေကို ဒေသခံအချို့ ကြည့်ရှုနေစဉ်

အစိုးရတစ်ရပ်၏ ပွင့်လင်းမြင်သာမှုရှိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုသည်မှာ အဘယ်နည်းဟု မေးခွန်းထုတ်ရသော အလေ့အထသည် မြန်မာနိုင်ငံတွင် မည်သည့်အစိုးရတက်တက် ပျောက်ရှနေသော အရာဟု မေးခွန်းထုတ်ရမည့် ဖြစ်စဉ်များသည် မြန်မာနိုင်ငံတွင် မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ရေကြီးနစ်မြုပ်မှုဖြစ်စဉ်များ၊ သဘာဝဘေးများနှင့် အစိုးရနှင့် တိုက်ရိုက်သက်ဆိုင်သည့် လျှပ်စစ်မီးကြိုးပြတ်ကျ၍ လူသေဆုံးမှုများတွင် တာဝန်ယူတတ်၊ တာဝန်ခံ တတ်သောအစိုးရတစ်ရပ် မြန်မာနိုင်ငံတွင် အမြဲတစေ ပျောက်ရှနေတတ်သကဲ့သို့ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်များတွင်လည်း ပြည်သူသို့ အသိပေးတာဝန်ခံပြောကြားမှုမျိုးကိုသော်မျှ ပြည်သူတွေ မမြင်ခဲ့ရ။

အစိုးရတစ်ရပ်၏ တာဝန်ယူ၊ တာဝန်ခံမှု ပျောက်ရှနေခြင်းကို ဥပမာပြုရမည်ဆိုပါက လောလောလတ်လတ်ပင် မြောင်းမြတံတား ကျိုးကျမှုဖြစ်စဉ်များ၊ ဆွာချောင်းတမံကျိုးကျမှုဖြစ်စဉ်များ ရှိခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် အဆိုပါ ဖြစ်စဉ်နှစ်ခုစလုံးသည် NLD အစိုးရ၏ ဝန်ကြီးဌာနများက စစ်ဆေးအပြီး ကြံ့ခိုင်သည်၊ ကောင်းမွန်သည်ဆိုကာ ထုတ်ပြန်အပြီး ရက်အနည်းငယ်အတွင်း ကျိုးကျကာ ပြည်သူ့ဘ၀ များစွာ၊ မိသားစုများစွာ သေကျေပျက်စီးခဲ့သည့် ဖြစ်စဉ်နှစ်ခုဖြစ်သည်။

ဆွာချောင်းတမံ ဆည်ကျိုးကျမှုဖြစ်စဉ်တွင် ပိုမိုဆိုးရွားသည့် ဖြစ်စဉ်တစ်ခုမှာ NLD အစိုးရ၏ နိုင်ငံပိုင်သတင်းစာက ဆွာချောင်းတမံ ကြံ့ခိုင်မှုကောင်းသည်ဟု သြဂုတ် ၂၈ ရက်တွင် ရေးသားခဲ့သော်ငြား သြဂုတ် ၂၉ ရက်တွင် တမံရေမြောင်း လက်တံပြိုကျခဲ့မှုကြောင့် ပြည်သူ ၇၀၀၀၀ ခန့် ရေဘေးသင့်ခဲ့သကဲ့သို့ တပ်မတော်သား ဗိုလ်မှူးတစ်ဦးအပါအဝင် လေးဦးသေဆုံးကာ ပျောက်ဆုံးနေသည့် ပြည်သူတွေလည်းများစွာ ရှိခဲ့သည်။ ပြည်သူ့အသက် အိုးအိမ်များစွာ ပျက်သုဉ်းခဲ့ရသည့် ထို ဖြစ်စဉ်ရှိနေသော်ငြား မရှိသည်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုဖြစ်ပြီး အဆိုပါ ဆွာချောင်းတမံပြိုကျခဲ့မှုကြောင့် အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ တာဝန်ယူ၊ တာဝန်ခံမှုစကားများ၊ ပြည်သူ့အသက် အိုးအိမ်စည်းစိမ် ပျက်သုဉ်းမှုအတွက်  မည်သို့ကုစားပါ့မည်ဆိုသော စီမံမှုများကို စက်တင်ဘာ ၂ ရက် နံနက်အထိ ကြားသိရမှုမရှိချေ။

■ ဆွာချောင်းရေလှောင်တမံဖြစ်စဉ်

သြဂုတ် ၂၉ရက် နံနက် ၄ နာရီ မှ စတင်ကာ ဆွာချောင်းရေလှောင် တမံမှ ရေများ အရှိန်ဖြင့်စီးဆင်း လာမှုကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် နှစ်ပေခန့် ရေကျော်မှုဖြစ်ပွားပြီး ဆွာချောင်း တံတားတံတားတိုင် PR1 သည် တစ်ပေခွဲခန့်နိမ့်ကျခဲ့သည်။

ထိုကဲ့သို့ ရေလှောင်တမံ ကျိုးပြီး ရေစီးမှုကြောင့် လူလေးဦး သေဆုံးခဲ့ပြီး တောင်ငူမြို့နယ်၊ ရေတာ ရှည်မြို့နယ်နှင့် ဆွာမြို့နယ်အနီးအနားရှိ ကျေးရွာများ ရေဘေးသင့်ခဲ့ကာ လူဦးရေ ၇၀၀၀၀ ခန့် ဘေး လွတ်ရာသို့ ရွှေ့ပြောင်းမှုများပြုလုပ်ခဲ့ရသည်။

တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးရုံး၏ လူပျောက်ဆုံးမှတ်တမ်းများအရ ဆွာတမံမှဆည်ရေတိုးခြင်းကြောင့် ရေစီးဖြင့်မျောပါ ပျောက်ဆုံးသူ ၁၀ ဦးအထိရှိခဲ့ရာ တပ်မတော်အရာရှိများဖြစ်သည့် ဆွာမြို့ခလရ (၈၄)တပ်မှ ဗိုလ်မှူးမြတ်စံ၊ ဗိုလ်ကြီး ဝဏ္ဏစိုးတို့နှစ်ဦးအပါအဝင် ဆွာမြို့မှ အရပ်သား ရှစ်ဦးအထိပါဝင်ခဲ့ပြီး အဆိုပါ ၁၀ ဦးအနက် ဗိုလ်ကြီး ဝဏ္ဏစိုး၊ ဒေါ်တင်ငွေ (၄၀ နှစ်) (ဘ)ဦးထွန်းရီ၊ အေးသာယာရွာ၊ ဆွာမင်းလမ်းအုပ်စု၊ ဦးထွန်းမြင့် (၅၀ နှစ်)(ဘ)ဦးချစ် အင်ဒိုင်းရွာ ရေတာရှည်မြို့နယ်နှင့် ၁၂ ဘီးယာဉ်တစ်စီးမှ (စပယ်ယာ) ဖြစ်သူ (အမည်၊ နေရပ်၊ လိပ်စာ စိစစ်ဆဲ)တို့ လေးဦးအား အကောင်းပကတိအတိုင်း ပြန်လည်တွေ့ရှိခဲ့ကြောင်း၊ သို့ဖြစ်ရာ ပျောက်ဆုံးသူ ၁၀ ဦးအနက် လေးဦးအား ကောင်းမွန်စွာပြန်လည်တွေ့ရှိကာ လေးဦးမှာ သေဆုံးလျက်တွေ့ရှိခဲ့ပြီး ဗိုလ်မှူး မြတ်စံအပါအဝင် နှစ်ဦးမှာ သြဂုတ် ၃၁ ရက်အထိ ပျောက်ဆုံးနေဆဲ ဖြစ်သည်။

“ယောကျ်ားလေးအလောင်း သုံးလောင်းနဲ့ အမျိုးသမီးအလောင်း တစ်လောင်းတွေ့တယ်။ ပျောက်ဆုံး တဲ့ အခြေအနေကိုတော့ ပြောလို့မရဘူး”  ဟု ဆွာနယ်မြေရဲစခန်းမှူး ရဲအုပ်သန်းဦးက ပြောကြားသည်။

ရေစီးဖြင့်မျောပါပြီး သေဆုံးသွားသူလေးဦးမှာ ဆွာတိုးဂိတ်မှ ပန်းရံလုပ်သားများဖြစ်သော ကျော်လေး (၁၇ နှစ်)(ဘ)ဦးသိန်းဟန်၊ ၂ ရပ်ကွက် အင်းတကော်မြို့နယ်နေသူနှင့် တင်မျိုးအောင် (၃၈ နှစ်) (ဘ)ဦးခင်လှ ကြို့တန်းရွာ ညိုပင်ကျေးရွာအုပ်စု လယ်ဝေးမြို့နယ်၊ မစိုးသန်း (၄၃ နှစ်) (ဘ)ဦးစံလင်း၊ ဆွာ မင်းလမ်းအုပ်စု ဆွာမြို့နှင့် ဇင်လင်းသူ (၂၈ နှစ်) (ဘ)ဦးချစ်ချစ် ရေနီမြို့နေသူတို့ လေးဦးဖြစ်ပြီး ရေနစ်သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ဆည်ကြံ့ခိုင်ပါသည်ဟု အစိုးရတာဝန်ရှိသူများက နိုင်ငံပိုင် သတင်းစာမှ တစ်ဆင့် ထုတ်လွှင့်သည့် သတင်းမှားကို ယုံစားမိသောကြောင့် အိမ်ထောင်စုများစွာ အိုးအိမ်စည်းစိမ်ထိပါးခဲ့ပြီး မိသားစုများစွာ ခိုကိုးရာအိမ်ထောင်ဦးစီးနှင့် မိသားစုဝင်များစွာ တိမ်းပါးမှု၌ မည်သူ့တွင် တာဝန်ရှိပါသနည်း။

ဆွာဆည်ရေတိုးခြင်းကြောင့် တောင်ငူမြို့၏ စစ်တောင်းမြစ်ရေမှာ မိုးဇလဦးစီးဌာန၏ သြဂုတ် ၃၀ မွန်းလွဲ ၁ နာရီခွဲအချိန်တိုင်းထွာချက်အရ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာအထက် ၆၆၃ စင်တီမီတာ (နှစ်ပေကျော်)ခန့် ကျော်လွန် ရောက်ရှိကာ တောင်ငူမြို့နယ်၊ ကျေးရွာများမှလူဦးရေ ၁၅၀၀၀ ကျော်မှာ ရေဘေးလွတ်ရာသို့ ရွှေ့ ပြောင်းနေရပြီး အမှတ် ၁၀ ရပ်ကွက် မှ အမျိုးသားတစ်ဦးမှာ ရေစီးဖြင့် မျောပါပျောက်ဆုံးခဲ့သည်။

“၁၀ ရပ်ကွက်ထဲမှာတော့ လူတစ်ယောက် ရေထဲမျောသွားတယ်။ ပစ္စည်းပြန်သယ်ရင်းနဲ့လို့ ပြောတယ်။ အခုထက်ထိ မတွေ့သေးဘူးပေါ့။ ကယ်ဆယ်ရေးစခန်းအနေနဲ့ကတော့ ၂၆ ခုပေါ့။ အဲဒီထက်လည်း နည်းနည်းပိုလာနိုင်တယ်ပေါ့၊ ဒါက နေ့လယ် ၁၂  နာရီအထိရတဲ့ဟာ ပေါ့နော်။ အိမ်ထောင်စုအားလုံးပေါင်း ၃၇၃၁ စု၊ အားလုံးပေါင်း လူဦးရေ ၁၅၀၀၀ ကျော်ပေါ့။ ၁၅၀၀၀ ကျော်လောက် ကယ်ဆယ်ရေးစခန်းတွေ မှာရောက်နေတယ်လေ။ လောလောဆယ် ကျွန်တော်တို့ သိထားတဲ့အနေအထားပေါ့”  ဟု တောင်ငူမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ကိုမိုးမခက သြဂုတ် ၃၀ ရက်တွင် ပြောကြားသည်။

ဆွာချောင်းတံတား နိမ့်ကျသွားမှုအခြေအနေကို အပေါ်စီးမှတွေ့ရစဉ်

■ ဆွာရေလှောင်တမံ ကျိုးပေါက်မှုကြောင့် ခရီးသွားလာမှုများ ရပ်ဆိုင်းခဲ့ရ

ဆွာချာင်း ရေလှောင်တမံ၏ ရေပိုလွှဲလက်တံမြောင်းနံရံ ပြိုကျမှုကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ ဆွာချောင်း တံတားနိမ့်ကျသွားသဖြင့် ခရီးသွားလာမှုများ ရပ်ဆိုင်းခဲ့သည်။

ဆွာချာင်းရေလှောင်တမံ၏ ရေပိုလွှဲလက်တံမြောင်းနံရံပြိုကျမှု ဖြစ်ပွားခဲ့ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၆၅ မိုင် ၃ ဖာလုံရှိဆွာချောင်းတံတားကြီးမှာ ရေအားကြောင့် နိမ့်ဆင်းသွားသဖြင့် ခရီးသွားလာမှုများ ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ခရီးသွားလာမှုများ ရပ်ဆိုင်းထားရသည့်အတွက် ၂၄ နာရီအတွင်း ဘေလီတံတားထိုးကာ ခရီးသည်များ အဆင်ပြေရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  ဆောက်လုပ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးကျော်လင်းကပြောသည်။

“ရေအောက် ဂလိုင်ကြီးတွေဘယ်လိုရှိလဲဆိုတာကို ရေငြိမ်သွားတဲ့အချိန်မှာ ရေငုပ်သမားနဲ့ ဆင်း ငုပ်ပြီးတော့ ကျောက်ကျင်းကြီးချပြီး ဆောင်ရွက်မယ်။ ဂလိုင်ကြီးတွေ ငြိမ်သွားပြီဆိုရင် ကားတွေပေးဖြတ်မယ်။ လေလီတံတားထိုးပြီး ၂၄ နာရီအတွင်း ဟိုဘက်ဒီဘက် သွားလို့ရအောင်ချက်ချင်းဆောင်ရွက်မယ်” ဟု ဒုဝန်ကြီးဦးကျော်လင်းက ပြောကြားသည်။

ထို့ပြင် ရန်ကုန်-မန္တလေး အမြန်လမ်းလမ်းပိုင်းအချို့နေရာများ ရေကျော်နေခြင်းကြောင့် မန္တလေးမှ ထွက်ခွာပြေးဆွဲမည့် ယာဉ်လိုင်းများအား ကုန်ကန့်သတ်ပြေးဆွဲရန် နှင့် မန္တလေးဘူတာကြီးမှ သြဂုတ် ၂၉  ရက်တွင် ထွက်ခွာမည့် မန္တလေး - ရန်ကုန် ရထားခရီးစဉ်များ ယာယီရပ်နားခဲ့ရသည်။

“လမ်းရေကျော်မှုနဲ့ ပျက်စီးမှုတွေကြောင့် မနက်က သိသိရချင်းမှာ မန္တလေးကထွက်မယ့် မန္တလေး - ရန်ကုန်ကားဂိတ်တွေကို မထွက်ဖို့ပြောထားတယ်။ လက်မှတ်ရောင်းချပြီး လက်မှတ်တွေကိုလည်း ဂိတ်တွေက သူ့အစီအစဉ်နဲ့သူ ငွေပြန်အမ်းနေပါတယ်။  တကယ်လို့ အခုလို တားထားတဲ့ကြားက ခိုးထွက်လို့ တစ်စုံတစ်ရာဖြစ်ခဲ့ရင် ယာဉ်အသင်းတွေနဲ့ တာဝန်ယူဖို့နဲ့ မနက်ပိုင်း ထွက်သွားတဲ့ ကားအချို့ကိုလည်း ပြန်လှည့်ခဲ့ဖို့ စာထုတ်အသိပေးခဲ့တယ်။ နေ့လယ်ပိုင်းမှာ လမ်းပိုင်းက တစ်စင်းချင်း ဖြတ်သန်းခွင့်ပေးမယ် ဆိုတာကြောင့် ယာဉ်အသင်းတွေအနေနဲ့ ကုန်အများတင်ဆောင်ခွင့်မပြုဘဲ ခရီးသည်တွေ အဓိကတင် ဆောင်ပြီး ဂိတ်ကနေ တစ်စင်းချင်း ထွက်ခွာခွင့်ပြုခဲ့ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းကြီး ကြပ်ရေးကော်မတီ (အဝေးပြေး) မှ ဥက္ကဋ္ဌက ပြောကြားသည်။

ထို့အတူ ရထားလမ်းပိုင်းရေကျော်ခြင်းကြောင့် မန္တလေးဘူတာကြီးမှ ထွက်ခွာမည့် မန္တလေး-ရန်ကုန် ရထားခရီးစဉ် အမှတ် ၆ အစုန် ရထားနှင့် အမှတ် ၄ အစုန်ရထားများကိုလည်း သြဂုတ် ၂၉ ရက် ပြေး ဆွဲမှုဖျက်သိမ်းထားကြောင်း သိရသည်။

“ရထားခရီးစဉ်က မန္တလေးဘူတာကြီးကနေ ညနေ ၃ နာရီထွက်တဲ့ရထားနဲ့ ညနေ ၅ နာရီထွက်တဲ့ ရထားခရီးစဉ်တွေကို ညွှန်ကြားချက်နဲ့ ဒီနေ့တစ်ရက် ခရီးစဉ်ပြေးဆွဲမှု ဖျက်လိုက်တာဖြစ်တယ်။ ဒါ ကြောင့်  လက်မှတ်ခတွေကို ပြန်အမ်းပေးနေတယ်။ နောက်ရက်တွေအတွက် ခရီးစဉ်ပြေးဆွဲမှုက လမ်းပိုင်းအခြေအနေနဲ့ ညွှန်ကြားမှုအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာပါ”ဟု မန္တလေးဘူတာကြီးရှိ တာဝန်ကျ ဒုရုံပိုင်ကြီးက ပြောကြားသည်။

ထိုသို့ အစိုးရတာဝန်ရှိသူများ၏ မှားယွင်းသော သတင်းအချက်အလက်ပေးမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများ ထိုမျှနှင့် မရပ်ဆိုင်းဘဲ ဆွာချောင်းတမံ၏ ရေပိုလွှဲလက်တံ မြောင်းနံရံ ပြိုကျမှုကြောင့် ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းမှ အခြေခံပညာကျောင်းပေါင်း ၃၁၉ ကျောင်း ယာယီပိတ်ခဲ့ရသည်။

ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းတွင် ရေကြီးခြင်းကြောင့် ရေတာရှည်မြို့နယ် တစ်မြို့နယ်လုံးမှ အခြေခံပညာကျောင်းပေါင်း ၂၆၂ ကျောင်း၊ တောင်ငူမြို့နယ်တွင် ၄၁ ကျောင်း၊ ထန်းတပင်မြို့နယ်တွင် ၁၂   ကျောင်း၊ အုတ်တွင်းမြို့နယ်တွင် တစ်ကျောင်း၊ ဒိုက်ဦးမြို့နယ်တွင် နှစ်ကျောင်း၊ ဖြူးမြို့နယ်တစ်ကျောင်း ရှိခဲ့ရာ စုစုပေါင်း ၃၁၉ ကျောင်းအား ယာယီပိတ်ခဲ့ရခြင်းဖြစ်သည်။

တောင်ငူမြို့နယ်တွင် အခြေခံပညာကျောင်းများ ယာယီပိတ်ထားရသည့်အခြေအနေနှင့် ပတ်သက်ပြီး တောင်ငူမြို့နယ်ပညာရေးမှူး ဒေါက်တာနော်ဥမ္မာထွန်းက “ဒီနေ့ က ၁၃ ကျောင်း ထပ်ပိတ်တော့ အား လုံးပေါင်း ၅၄ ကျောင်းရှိသွားပြီ၊ ကျောင်းပိတ်ရတာ။ ကျွန်မတို့ ရေစဝင်တဲ့၂၉ ရက်ကနေပြီးတော့ ၁၃ ကျောင်းပိတ်တယ်။ အဲဒီတုန်းကတော့ ရေမဝင်သေးဘူး၊ အဲဒီ ဒိုးအင်းအုပ်စုဘက်ကလေ အရင်ပိတ်ထား လိုက်တယ်။ အဲဒီနေ့က ရေမဝင်သေးဘူး။ ဒါပေမဲ့ ကြိုတင်ပိတ်ထားတယ်။ မနေ့က ၃၀ ရက်နေ့မှာ ၇ ကျောင်းထပ်ပိတ်တယ်။ အဲဒါတော့ ရေဝင်ပြီပေါ့နော်၊ အခုဒီနေ့မနက်မှာ ၁၃ ကျောင်း ထပ်ပိတ်တယ်။ မိုးကောင်းအုပ်စုဘက်က ကျောင်းတွေကို ၁၃ ကျောင်းထပ်ပိတ်ရပါတယ်။ အဲဒီတော့အားလုံးပေါင်း ၅၄ ကျောင်း  ပေါ့။ အထက်တန်းကျောင်းက အခု အ.ထ.က ၄ မိုင်ကို ပိတ်ထားတာပေါ့နော်။ အ.ထ.က ၆ ကို တော့ ကယ်ဆယ်ရေးစခန်း ဖွင့်ထားတာ။ အထက်တန်းကျောင်းက နှစ်ကျောင်းပဲရှိပါတယ်၊ ကျောင်းက ရေကျပြီဆို တာနဲ့ စနေ၊ တနင်္ဂနွေ ပြန်ဖွင့်မယ်လို့ စီစဉ်ထားပါတယ်”ဟု သြဂုတ် ၃၁ ရက်က ပြောကြားသည်။

ယာယီပိတ်ထားသော ကျောင်းပေါင်း ၃၁၉ ကျောင်းတွင် အထက်တန်းဆင့် ၁၃ ကျောင်း၊ အလယ်တန်းဆင့် ၃၇ ကျောင်း၊ မူလတန်း အဆင့် ၂၆၉ ကျောင်း ပိတ် ထားခဲ့ရပြီး အဆိုပါကျောင်းများမှ ကျောင်းသားကျောင်းသူပေါင်း အထက်တန်းဆင့်ကျောင်းသား ၅၈၆၆ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား ၂၂၃၈၅ ဦးနှင့် မူလတန်းအဆင့် ကျောင်းသား ၃၃၂၅၅ ဦးရှိခဲ့ ရာ စုစုပေါင်းကျောင်းသား ကျောင်းသူ ၆၅၅၀၆ ဦးတို့အား ယာယီပိတ်ထားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

နှောင့်နှေးခဲ့ရသော စီးပွားရေး လုပ်ငန်းများ၊ အချိန်ပြန်ပေးရဦးမည့် စာသင်ခန်း၊ အမိမဲ့အဖမဲ့သွားခဲ့သော မိသားစုဘဝများ၊ ရင်သွေးငယ်ပျောက်ရှသွားသည့် အိမ်ထောင်စုများနှင့် ပြည်သူ့အသက် အိုးအိမ် စည်းစိမ်ပျက်သုဉ်းမှုများတွင် မည်သူ တာဝန်ယူ၊ တာဝန်ခံပါ့မည်နည်း။

ရေဘေးသင့်ပြည်သူများကို သြဂုတ် ၂၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဝင်းချစ်)

■ ဆည်ရေကြီးမှု ထုတ်ပြန်ချက်

ဆွာချောင်းတမံ ဖြစ်စဉ်အပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရဲနွယ် ရေလှောင်တမံတွင် ရေပိုလွှဲမှ ၅ ဒသမ ၅၀ ပေအထိလည်းကောင်း၊ ဖြူးချောင်း ရေလှောင်တမံမှ ၄ ဒသမ ၈၀ ပေအထိ လည်းကောင်း အသီးသီး ရေကျော်နေပြီး ရေပိုလွှဲများမှ ရေကျော်သည့် ဆည် ၅၈ ခု ၏စာရင်းများကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သြဂုတ် ၃၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ရေပိုလွှဲမှ ရေကျော်နေသည့် ဆည်ကန် ၅၈ ခုအနက် ရဲနွယ် ရေလှောင်တမံမှာ ငါးပေကျော်သည်အထိ အမြင့်ဆုံးရေကျော်နေခြင်းဖြစ်ပြီး ဖြူးချောင်းရေလှောင်တမံမှာ ငါးပေနီးပါးအထိ ဒုတိယအမြင့်ဆုံး ရေကျော်နေခြင်း ဖြစ်သည်။

ရဲနွယ် ရေလှောင်တမံ၏ရေ အနက်မှာ ပေ ၂၂၃ ဒသမ ၈၀ ရှိပြီး ကန်ရေပြည့်သည့်ပေမှာ ၂၀၅ ပေဖြစ်သဖြင့် ရေကျော်နေသည့် ပမာဏမှာ ၅ ဒသမ ၅၀ ပေ အထိ ရေကျော်နေခြင်းဖြစ်ကြောင်း သိရသည်။

ဖြူးချောင်း ရေလှောင်တမံတွင်မူ ရေအနက်မှာ ၂၂၃ ဒသမ ၈၀ ပေဖြစ်ပြီး ကန်ရေပြည့်သည့်ပေမှာ ၂၁၉ ပေ ဖြစ်သဖြင့် ရေကျော်နေသည့်ပမာဏမှာ ၄ ဒသမ ၈၀ပေ အထိ ရေကျော်နေခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရာဇဂြိုဟ်ရေလှောင်တမံတွင် ရေပိုလွှဲမှနှစ်ပေအထိ လည်းကောင်း၊ မြောက်ယမား ရေကူရေလှောင်တမံမှ ၁ ဒသမ ၁ ပေ အထိ လည်းကောင်း ရေကျော်နေသည်။

နေပြည်တော်ရှိ ချောင်းမငယ် ရေလှောင်တမံတွင် ၀ ဒသမ ၆ ပေ၊ ကရင်ပြည်နယ်ရှိ ရေဘုတ်ရေ လှောင်တမံတွင် ၁ ဒသမ ၄၀ ပေ အထိလည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ ပသိရေလှောင်တမံတွင် တစ်ပေ၊ မင်းရဲရေလှောင်တမံတွင် ၀ ဒသမ ၅၀ ပေ၊ ပျဉ်ပုံကြီး ရေလှောင်တမံတွင် ၁ ဒသမ ၄၀ ပေ၊ မဇင်းရေ လှောင်တမံတွင် ၁ ဒသမ ၇၀ ပေ၊ ဇလက်ထော် ရေလှောင်တမံတွင် ၁ ဒသမ ၆၀ ပေ၊ ကိုဒူကွဲ ရေလှောင်တမံတွင် ၂  ဒသမ ၁၅ ပေ အထိ ရေကျော်နေကြောင်း ထုတ်ပြန်ထားသည်။

ပဲခူးတိုင်းဒေသကြီး (အနောက်)ရှိ တောင်နဝင်း ရေထိန်းတမံတွင် ၀ ဒသမ ၈၂ ပေ ၊ တောင်နဝင်း ရေထိန်းတမံတွင်၂  ဒသမ ၃၀ ပေအထိ လည်းကောင်း၊ ဝဲကြီးရေလှောင်တမံတွင် ၃ ဒသမ ၂၀ ပေ အထိလည်းကောင်း၊ ညောင်ကိုင်း ရေလှောင်တမံတွင် ၁ဒသမ၂၀ ပေ အထိလည်းကောင်း၊ တောင်ညို ရေ လှောင်တမံတွင် ၂ ဒသမ ၄၀ ပေ အထိ လည်းကောင်း၊ မုက္ခာရေ လှောင်တမံတွင် ၂  ဒသမ ၈ ပေ အထိ လည်းကောင်း အသီးသီး ရေကျော်နေကြောင်း ထုတ်ပြန်ထားသည်။

မကွေးတိုင်းဒေသကြီးအတွင်း မြစ်သာ ရေလှောင်တမံတွင် ၁ ဒသမ  ၆၀  ပေ၊ မုန်းချောင်းရေလှောင်တမံတွင် ၂ ဒသမ ၉၀ ပေ အထိ၊ မန်းချောင်းရေလှောင်တမံတွင် ၁ ဒသမ ၁၀ ပေအထိလည်းကောင်း၊ ကြီးအုံကြီးဝရေ လှောင်တမံတွင် ၃ ဒသမ ၈၀ ပေ အထိလည်းကောင်း၊ မွန်ပြည်နယ်အတွင်းရှိ ကတိုက်ရေလှောင်တမံတွင် ၁ ဒသမ ၅၀ ပေ အထိလည်းကောင်း ရေပိုလွှဲများမှ ရေကျော်နေကြောင်း  ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ရေလှောင်တမံများတွင်လည်း ရေပိုလွှဲများမှ ရေကျော်နေကြောင်း ထုတ်ပြန်ထားပြီး ကြက်တတ်ရေလှောင်တမံတွင် ၂ ဒသမ ၈၀ ပေ အထိ ရေကျော်နေသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဟူရာ (ငမိုးရိပ်) ရေကူရေလှောင်တမံတွင် ၂  ဒသမ ၃၀ ပေ အထိလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နန်ကသူ ရေလှောင်တမံတွင် ၂ ဒသမ ၄၀ ပေ၊ ကညင် ရေလှောင်တမံတွင် ၂ ဒသမ ၆၀ ပေ အထိလည်းကောင်း ရေကျော်နေကြောင်း ထုတ်ပြန်ထားသည်။

စက်တင်ဘာ ၁ ရက်တွင် ထူးခြား ရေဝင်ရေထွက်ဖြစ်ပေါ်လျက်ရှိသည့် ဆည်တမံ ၆၀ ၏ အ ခြေအနေကိုထုတ်ပြန်ထားသည်။  ဆည်ရေပြည့်အမှတ်များ ထုတ်ပြန်ပေးနေခြင်းသည် ဆည်များ၏ ပကတိအခြေအနေမှန်များကို ပြည်သူများသိရှိရန်ဖြစ်ပြီး ရေပြည့်မှတ်ကျော်လွန်၍ ရေပိုလွှဲမှ မူလချောင်း အတွင်းသို့ ပုံမှန်စီးဝင်ခြင်းဖြစ်ကြောင်း သိရသည်။

မမျှော်မှန်းနိုင်သော သဘာ၀ ဘေးမှအပ ဆည်မှကြိုတင်သတင်းထုတ်ပြန်ခြင်းမပြုဘဲ အကြောင်းမဲ့ ရေဖောက်ချခြင်းပြုလုပ်မည် မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

စက်တင်ဘာ ၁ ရက် ထုတ်ပြန်ချက်အရ  ရဲနွယ်ရေလှောင်တမံတွင် ရေပိုလွှဲမှ ၅ ဒသမ ၁၀ ပေ အထိ လည်းကောင်း၊ ဖြူးချောင်း ရေလှောင်တမံတွင် ၄ ဒသမ ၇၀ ပေ အထိ လည်းကောင်း ရေပိုလွှဲမှ ရေကျော်နေရေ လှောင်တမံ ၆၀ ခု၏စာရင်းများ ထုတ်ပြန်ထားသည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ ဝဲကြီးရေလှောင်တမံတွင် ရေပိုလွှဲမှ သုံးပေ အထိလည်းကောင်း၊ မင်းဘူးခရိုင်ရှိ မုန်းချောင်းရေလှောင်တမံတွင် ရေပိုလွှဲမှ ၂ ဒသမ၂၀ ပေ၊ ကြီးအုံကြီး၀ ရေလှောင်တမံတွင် ၂ ဒသမ ၉၀ ပေ အထိလည်းကောင်း ရေပိုလွှဲမှ ရေကျော်နေကြောင်း ထုတ်ပြန်ထားသည်။

အလားတူ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ရေလှောင်တမံများတွင်လည်း  ရေပိုလွှဲများမှ ရေကျော်နေသည်။

ထိုသို့သော ရေကျော်နေသည့် သတင်းများ၊ ဆည်တမံများ စိုးရိမ်စရာမရှိကြောင်း သတင်းများကို မီဒီယာများက ရေးသားဖော်ပြရာ ပြည်သူအများစုက “စိုးရိမ်စရာ မရှိဘူးဆိုရင် ပြေးပေတော့” ဟု ဆိုသည့် မှတ်ချက်များ ပြုခဲ့သည်။ အများစု၏ မှတ်ချက်ပြုမှုမှာ ဆွာချောင်းတမံ စိုးရိမ်စရာမရှိကြောင်း အစိုးရသတင်းစာတွင် ဖော်ပြအပြီး ၂၄ နာရီ မပြည့်မီ ကျိုးကျခဲ့မှုကြောင့် စိုးရိမ်စိတ်များကို ဟာသနှောကာ တာဝန်ယူ၊ တာဝန်ခံတတ်သည့် အစိုးရပျောက်ရှနေမှုကို ပေါ်လွင်စေအောင် ရေးသားသကဲ့သို့ ဖြစ်စေခဲ့သည်။

ဆွာမြို့နှင့် ရေတာရှည်မြို့ ဆက်သွယ်ထားသည့် မီးရထားလမ်းပိုင်း ရေဖုံးလွှမ်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- ဇော်ဝင်းချစ်)

■ ရေလှောင်တမံများရဲ့ သက်တမ်း

၂၀၁၆ ခုနှစ် စာရင်းများအရ မြန်မာနိုင်ငံတွင် တည်ဆောက်ထားသည့် ရေလှောင်တမံပေါင်း ၂၃၅ ခုရှိပြီး အဆိုပါ ရေလှောင်တမံများအား တည်ဆောက်ရာတွင် ဆည်ကို တည်ဆောက်စဉ်မှ စတင်ကာ ရေလှောင်မည့် ချောင်းများ၊ မြစ်များ၏ ရေနှင့်အတူ သဲနုန်း ပို့ချမှုအပေါ်မူတည်ပြီး ဆည်၏ ရေ ထုတ်ပြွန်ကို မည်သည့်နေရာတွင် တပ်ဆင်မည်ကို တွက်ချက် ဆုံးဖြတ်ရသည်။

ရေလှောင်တမံ၏ ရေထုတ်ပြွန်ကို အနှောင့်အယှက်ပေး ပိတ်ဆို့လာမည့် သဲနုန်းများ၏ ကာလကြာချိန်ကို နှစ် ၅၀ အဖြစ် သတ်မှတ်၍ ဒီဇိုင်းပြုလုပ်တည်ဆောက်မှု များပြုလုပ်ခြင်းဖြစ်ကြောင်း ဆည်မြောင်း ပညာရှင်တစ်ဦးက ပြောကြားသည်။

ဆည်အမြင့် ၁၅ မီတာ (၅၀ ပေ) ထက် ကျော်လျှင်စားဟု သတ်မှတ်သည်။ ထို အကြီးစားဆည်များ တည်ဆောက်ရာ၌ ဆည်အောက်ခြေ မြေဝင်ကို ရေစိမ့်ဝင် ဖြတ်ထွက်သည့်နှုန်း နည်းအောင် ဖြတ်တောက် ပိတ်ဆို့သည့် ဘိလပ်မြေသရွတ်မှုတ်အလွှာ၊ ရေလျှံလာလျှင် လွှဲထုတ်ရန် ရေပိုလွှဲ၊ ရေကို လိုသလောက် ထုတ်ယူသုံးစွဲရန် ရေထုတ်ပေါက်၊ လျှပ်စစ်ထုတ်ရန်အတွက် ရေယူပေါက်၊ ဓာတ်အားပေးစက်ရုံ အစရှိသည်တို့ ထည့်သွင်း တည်ဆောက်လေ့ရှိကြသည်။ တမံအမျိုးအစားမှာလည်း အောက်ခံ ကျောက်အမျိုးအစား၊ မြစ် (သို့) ချောင်း၏ စောက်အနက်၊ အကျယ်၊ ဆည်ဆောက်လျှင်သုံးရန် ကျောက်၊ မြေ  စသည် တည်ဆောက်ရေးပစ္စည်း ရရှိရန် လွယ်ကူမှုတို့ကို ထည့်သွင်းစဉ်းစား၍ မြေဖို့တမံ၊ ကျောက်ဖို့ တမ၊ံ ကွန်ကရိတမံ၊ မြေနှင့် ကျောက် (သို့မဟုတ်) မြေ၊ ကျောက်၊ ကွန်ကရိတို့ အပိုင်းလိုက်ဖွဲ့၍ တည်ဆောက် ရသောတမံ အစရှိသဖြင့် ကွဲပြားသည်။

ယခု ရေတိုးမှုကြောင့် ကျိုးကျခဲ့သည့် ဆွာတမံကိုကြည့်ပါက ရေများမရှိတော့သည့် အချိန်တွင် တမံအတွင်း သဲနုန်းများဖြင့် ပြည့်နှက်နေခဲ့သည်။ အဆိုပါ သဲနုန်းများကြောင့်တမံတွင် ရေသိုလှောင်နိုင်သည့် ပမာဏကို လျော့နည်းစေသည်။

“ တမံတွေကို စောင့်ကြည့် ထိန်းသိမ်းတာတွေလုပ်ရမယ်။ ကျွန်တော်တို့နိုင်ငံက မိုးတွင်း ငါးလပဲရှိတာကို ရေကိုလိုအပ်တယ်။ ဲ့ဒါ ကြောင့် တမံကိုဆောက်ရမယ်။ စနစ်တကျဆောက်ထားပြီး၊ စနစ်တကျ စောင့်ကြည့်ရမယ်” ဟု ဆည်မြောင်းပညာရှင်တစ်ဦးက ပြောကြားသည်။

တမံများ တည်ဆောက်ပြီးပါက တစ်ရာရာခိုင်နှုန်းစိတ်ချရသည့် အခြေအနေတွင် မရှိပေ။ မိုး အများအပြားရွာသွန်းခြင်း၊ ငလျင်လှုပ်ခတ်ခြင်းများကြောင့် နိုင်ငံတကာတွင် တမံတည်ဆောက်မှုများ မပြုလုပ်ခင် တမံကျိုးပေါက်မှုများဖြစ်ပေါ်ပါက ရေလွှမ်းနိုင်သည့် နေရာများကို တွက်ချက်မှုများပြုလုပ်သည်။

“ ကျွန်တော်တို့ဆီမှာ  နောက်ထပ်တမံတွေ တည်ဆောက်ရင် ရေလွှမ်းနိုင်တဲ့ နေရာတွေကို တွက်ချက်ပြီးတော့ လုပ်သင့်တယ်ဆိုတာကို အကြံပြုထားတယ်။ အခု လက်ရှိ တမံတွေကိုတော့ စောင့်ကြည့်နေရ မှာ”ဟုဆည်မြောင်း ပညာရှင်က ပြောကြားသည်။

တမံများ ကျိုးပေါက်လာပါကလည်း အရေးပေါ်သတိပေးမှုစနစ်များကို လုပ်ထားသင့်ကြောင်း၊ လူများ ကယ်ထုတ်ရန်အတွက်ကိုလည်း အစီအမံများလုပ်ထား သင့်ပေသည်။

“ အဓိကကတော့ လူတွေရဲ့ အသက်အိုးအိမ်အန္တရာယ်ပေါ့၊ ကျွန်တော်တို့ မြန်မာပြည်မှာ ကြိုတင်ပြင်ဆင်မှု လုပ်တယ်ဆိုတာက ထုံးစံမရှိဘူးလေ။ တမံမှ မဟုတ်ပါဘူး။ ရေကြီးရေလျှံဖြစ်လာမှ ထမင်းထုပ်ဝေတာတွေ၊ ဆေးလိုက်ကုတာ တွေလုပ်ကြတယ်” ဟု ဆည် မြောင်းပညာရှင်တစ်ဦးက ပြောကြားသည်။

ရေလှောင်တမံနှင့် ရေလွှဲဆည်သည် ပုံစံမတူကြောင်း၊ ရေလွှဲဆည်သည် ရေများကို တူးမြောင်းအတွင်းသို့ လွှဲပြောင်းပေးမှုများ ပြုလုပ်ပြီး၊ ရေလှောင်တမံသည်  အတားအဆီးအမြင့်ပေ ၁၀၀၊ ၂၀၀ ခန့်ပြုလုပ်ပြီး ရေများကို တားဆီးထားခြင်းဖြစ်သည်။ တမံများ လုံခြုံစိတ်ချမှုအတွက် ဦးစားပေး လုပ်ဆောင်ပြီး ရန်ပုံငွေတစ်ရပ်ထူထောင်ကာ ဆောင်ရွက်သင့်သည်။ ထိန်းသိမ်းရေးမပြုလုပ်ဘဲ ပစ်ထားပါက အချိန်မရွေး အန္တရာယ်ရှိနိုင်သည်။

 

■ ရေသိုလှောင်နိုင်ခြင်း မရှိသည့် ရေလှောင်တမံများလည်းရှိ

မြန်မာနိုင်ငံတွင် ဆည်မြောင်းဦးစီးဌာနက တည်ဆောက် ထိန်းသိမ်းထားသည့် ရေလှောင်တမံ၊ ရေလွှဲဆည်၊ ကန်နှင့် ရေတံခါး ၅၈၁ ခုရှိပြီး အဆိုပါတမံများအနက် စိုက်ပျိုးရေ ပေးဝေနိုင်မှု မရှိသည့် ရေလှောင်တမံ ၃၅ ခုအထိ ရှိနေကာ ရေလုံးဝသိုလှောင်နိုင်မှုမရှိသည့် တမံ ၁၀ ခုအထိ ရှိနေသည်ဟု ဆည်မြောင်းဦးစီးဌာန၏ ၂၀၁၆ ခုနှစ် မိုးတွင်းကာလ ထုတ်ပြန်ခဲ့သည့် စာရင်းများက ဆိုသည်။

ဆည်မြောင်းဦးစီးဌာနက တည်ဆောက် ထိန်းသိမ်းထားသည့် ရေလှောင်တမံ၊ ရေလွှဲဆည်၊ ကန် နှင့် ရေတံခါးအများဆုံးတည် ဆောက်ထားသည့် ဒေသမှာ မန္တလေးတိုင်းဒေသကြီးဖြစ်ပြီး စုစုပေါင်း ၉၉ ခု အထိ ရှိနေသည်။ ဒုတိယအများဆုံး ဧရာဝတီတိုင်း ဒေသကြီးဖြစ်ပြီး ၈၈ ခုအထိ ရှိနေခြင်းဖြစ်သည်။

ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဌာနမှ တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် တည်ဆောက် ထိန်းသိမ်းထားသည့် တမံများအနက်မှ စိုက်ပျိုးရေပေးဝေရေးအတွက် အကျိုးပြုနေသည့် ရေလှောင် တမံများနှင့် ရေဘေးကာကွယ်ရေး လုပ်ဆောင်နိုင်သည့် တမံများတွင် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်သည့် တမံ ၁၈ ခုသာရှိနေပြီး သောက်သုံးရေပေးနိုင်သည့် တမံ ၆၁ ခုသာ ရှိနေသည်။

စိုက်ပျိုးရေပေးဝေနိုင်မှု မရှိသည့် တမံ ၃၅ ခုအနက် အများစုမှာ မကွေးတိုင်းဒေသကြီးတွင် ၂၄ ခုဖြင့် အများဆုံးရှိနေကာ မန္တလေးတိုင်းဒေသကြီးတွင် ကိုးခုရှိနေပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် အင်ကြင်းပင် ရေလှောင်တမံနှင့် အရာတော် ရေလှောင်တမံနှစ်ခုသာရှိကြောင်း သိရသည်။

ရေစိမ့်ထွက်ခြင်း၊ နုန်းပို့ချ ခြင်းကြောင့် ရေလုံး၀ သိုလှောင်နိုင်မှုမရှိသည့် တမံများမှာ အင်ကြင်း သပိုး၊ အိုင်လျား၊ နွယ်ခွေ၊ လက် ယက်မ၊ လှိုင်းချောင်း၊ လက်ပံ၊ လေးတိုင်စင်၊ နဂါး၊ ဘုရားကုန်းနှင့် ရာဇဂြိုဟ် ရေလှောင်တမံတို့ဖြစ်သည်။

ထိုင်းနိုင်ငံတွင် မုတ်သုံမိုးများပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကာတာ ၁၀၇ ခုတွင် ရေပိုလွှဲမှ ပိုလျှံရေများကို ထုတ်လွှတ်ပြီး ရေကြီးရေလျှံမှုမဖြစ်အောင် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ခဲ့ကြောင်း သြဂုတ် ၁၂ ရက်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြည်သူများကို  ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်း နိုင်ငံများ၏ အရေးပေါ် တုံ့ပြန် ဆောင်ရွက်မှုများ မဖြစ်ပွားခင် ကြို တင်စီမံမှုအခြေအနေများကို အတုယူပြီး နောင်တွင် ရေလှောင်တမံများ၏ အခြေအနေ၊ ကြံ့ခိုင်မှု ရှိ၊ မရှိ ကို ပြည်သူများအား သတိပေးမှုများ စဉ်ဆက်မပြတ် လုပ်ဆောင်သင့်သည်။

ထိုသို့ လုပ်ဆောင်သင့်သည့် အပြင် အခြားသောနိုင်ငံများတွင် ပြည်သူအနည်းငယ် အသက်အိုးအိမ် စည်းစိမ်ထိပါးမှုနှင့် ကြုံရလျှင်ပင် နိုင်ငံ့ခေါင်းဆောင်များ ချက်ချင်းရောက်လာကာ ကူညီကယ်ဆယ်ခြင်း၊ ဆက်လက်တာဝန်ယူခြင်း၊ ပြည်သူစိတ်မပူအောင် ဖြစ်စဉ်နှင့် စပ်လျဉ်းသည့် ဆိုးကျိုးများချပြကာ တိကျသည့် အချက်အလက်များဖြင့် ပြည်သူကို စိတ်အေးရစေမှုများကိုလည်း အတုယူသင့်သည်။

ဆွာချောင်းတမံဖြစ်စဉ်ကဲ့သို့ လှောင်ရေအများဆုံးဖြစ်သည့် သဖန်းဆိပ်တမံ ကျိုးကျနိုင်ပါက မည်သို့လုပ်မည်နည်းဆိုသည့် အစီအမံများ ပြည်သူသိရှိအောင် ထုတ်ပြန်ထားသင့်သည်။ ဆွာတမံထက် ၂၈ ဆခန့် ကြီးသည့် သဖန်းဆိပ်တမံကျိုးကျပါက မည်သို့ ယခု သေဆုံးမှုထက် အဆများစွာများနိုင်သကဲ့သို့ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်များလည်း ဆိုးရွားစွာ ပျက်သုဉ်းနိုင်သည်ကို သတိပြုရန် လိုအပ်သည်။ လက်ရှိဖြစ်စဉ်တွင် ဒုတိယသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒေါက်တာဝင်းမြတ်အေး အပါအဝင် ပြည်ထောင်စုအဆင့်တာဝန်ရှိသူများ ချက်ခြင်း ရောက်လာခဲ့သည် ဆိုသော်ငြား ပြည်ထောင်စုအစိုးရအဖွဲ့က သေဆုံးခဲ့ရသည့် ပြည်သူများအတွက် တောင်းပန်မှုများ၊ ဆည်တမံများ ကျိုးကျဦးမည်လား တွေးပူနေရသည့် ပြည်သူများအတွက် စိတ်အေးချမ်းစေမည့် အစီအမံများ၊ ပျက်သုဉ်းခဲ့ရသည့် ပြည်သူ့စားဝတ်နေရေး၊ ပျောက်ဆုံးခဲ့သည့် အိုးအိမ်စည်းစိမ်များအတွက် အချိန်နှင့် တစ်ပြေးညီ ကုစားပြောကြားပေးရန် လိုအပ်နေသည်။

အစိုးရတာဝန်ရှိသူများ၏ ပေါ့လျော့မှားယွင်းစွာထုတ်ပြန်မှုကြောင့် နစ်နာရသည့် ပြည်သူများအတွက် အချိန်မီကုစားရာ ပြောစကားပင်ဖြစ်စေ ပြောဆိုသင့်သည့် အခြေအနေတွင် နှုတ်ဆိတ်နေခြင်းမှာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော အစိုးရကောင်းတစ်ရပ်၏ သွင်ပြင်လက္ခဏာမဟုတ်သကဲ့သို့ ခိုကိုးရာမဲ့သွားသည့် ပြည်သူများကလည်း အစိုးရ၏ တာဝန်ယူမှု၊ တာဝန်ခံမှုများကို စောင့်မျှော်နေကြောင်း သတင်းစကား ပါးလိုက်ပါသည်။

Most Read

Most Recent