ဒေါ်လာဈေးတက်မှု အကြောင်းတစ်ခုမှာ ပြည်ပကြောင့်ဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေး တောင့်တင်းခိုင်မာမှု ရှိသင့်သလောက် မရှိသဖြင့် ပိုဂယက်ရိုက်နေခြင်း ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဒေါ်လာဈေးတက်မှု အကြောင်းတစ်ခုမှာ ပြည်ပကြောင့်ဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေး တောင့်တင်းခိုင်မာမှု ရှိသင့်သလောက် မရှိသဖြင့် ပိုဂယက်ရိုက်နေခြင်း ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 28 August 2018

နေပြည်တော်၌ သြဂုတ် ၂၇ ရက်က ကျင်းပသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲကို တွေ့ရစဉ်

ဒေါ်လာဈေးတက်မှု အကြောင်းတစ်ခုမှာ ပြည်ပကြောင့်ဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးမှာ တောင့်တင်းခိုင်မာမှု ရှိသင့်သလောက် မရှိသဖြင့် မြန်မာနိုင်ငံက ပိုဂယက်ရိုက်နေခြင်း ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သြဂုတ် ၂၇ ရက်တွင် နေပြည်တော်၌ ကျင်းပသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ပြောကြားသည်။

ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုအပေါ် မြန်မာ့စီးပွားရေး ကျဆင်းမှုများကို ပြန်လည်ထူမနိုင်ရန် တင်ပြမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန် ပြောကြားခဲ့ခြင်းဖြစ်ပြီး ဦးဇော်မင်းဝင်းက မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ ဘုရားပန်းပင် ပြည်ပမှ တင်သွင်းရသည့် အခြေအနေဖြစ်နေကြောင်း၊ ပို့ကုန်လုပ်ငန်းရှင်များအတွက် မက်လုံးများ အခွင့်အရေးများ ပေးစေလိုကြောင်း၊ ဒေါ်လာ အရောင်းအဝယ် လုပ်ဆောင်မှုများကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်စေလိုကြောင်း စသည်ဖြင့် တင်ပြခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဦးဇော်မင်းဝင်း၏ တင်ပြမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က “ ဒေါ်လာဈေးနဲ့ ပတ်သက်လို့ ရုပ်မြင်သံကြားကလည်း အတိုင်းအတာ တစ်ခုအထိ ရှင်းပြထားတာ ရှိပါတယ်။ နောက်ပြီး အကြံပြုချက်တွေ တော်တော်များများကိုလည်း ကျွန်မတို့ အစိုးရရဲ့ စီးပွားရေးကော်မတီမှာ ဆွေးနွေးပြီးတော့ အကောင်အထည် ဖော်သင့်တာတွေ အကောင်အထည်ဖော်ဖို့ ကြိုးစားနေပါတယ်။ Export-substitution ဆိုတာကတော့ ရေတိုမှာလုပ်နိုင်တဲ့ ကိစ္စတွေ မဟုတ်ပါဘူး။ ရေတိုမှာ လုပ်ရမယ့်ကိစ္စတွေ ရှိတယ်။ Export-substitution ဆိုတာကတော့ နေ့ချင်းညချင်း မဖြစ်နိုင်ပါဘူး။ ကျွန်မတို့ စီမံရပါတယ်။ ဘုရားပန်းတောင် ပြည်ပက သွင်းနေရတယ် ဆိုတာက အဲဒီဟာက Supply and Demand ပဲ ရှိပါတယ်။ ကျွန်မတို့ကိုက ဘာဖြစ်လို့ ပြည်ပကဟာကိုမှ လိုချင်လဲ။ ကျွန်မတို့ စဉ်းစားရပါမယ်။ အဲဒီဟာက လိုအပ်လို့လား။ လိုချင်လို့လား ဆိုတာ ခွဲပြီးသိဖို့ လိုပါတယ်။ စီးပွားရေး လုပ်ငန်းရှင်ကြီးများကလည်း ဒါတွေကို ဦးဆောင်ပြီးလုပ်လို့ ရပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ ဆိုတာ ချမ်းသာကြွယ်ဝတယ်။ တတ်နိုင်တယ်။ တတ်နိုင်ပေမဲ့ ကိုယ့်ရဲ့ ပြည်တွင်းဖြစ်ကို အားပေးတယ်ဆိုတာ လက်တွေ့ပြဖို့ လိုပါတယ်။ နောက်ဆုံးတော့ နမူနာနဲ့ ပြတယ်ဆိုတာထက် ထိရောက်တာ ဘာမှမရှိပါဘူး။ ကိုယ်ကနေပြီးတော့ နိုင်ငံခြားက ပန်းတွေ မဝယ်ပါနဲ့ဆိုပြီးတော့ ကိုယ့်အိမ်မှာကျတော့ နိုင်ငံခြားကပန်းတွေ ဝေနေတယ်ဆိုရင် သိပ်ပြီးထိရောက်မှာ မဟုတ်ပါဘူး။ အားလုံးက ဝိုင်းပြီးလုပ်ဖို့ လိုပါတယ်။ နောက်ပြီး ကျွန်မတို့ ရေရှည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဝိုင်းဝန်းကူညီချင်တဲ့ စိတ်ဆန္ဒရှိတာ ကျေးဇူးတင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ် ပွဲဂယက်ကြောင့် ကမ္ဘာ့နိုင်ငံများတွင် အသုံးပြုနေသည့် ငွေကြေးများ တန်ဖိုးကျဆင်းခဲ့ပြီး ထိုသို့ တန်ဖိုးကျဆင်းခဲ့ရာတွင် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်းမှာ အခြားသောနိုင်ငံများထက် ဆိုးရွားခဲ့ပြီး ၁၃ ရာခိုင်နှုန်းခန့် အထိပြုတ်ကျခဲ့သည်။ လက်ရှိအချိန်တွင်လည်း မြန်မာကျပ်ငွေ တန်ဖိုးမှာ ကျပ် ၁၅၃၅ ပတ်လည်တွင် ရှိနေဆဲဖြစ်နေပြီး ကျပ်ငွေတန်ဖိုး ကျဆင်းမှုကို ထိန်းကျောင်းနိုင်မှု မရှိဖြစ်ပေါ်နေသည်။

“ကျွန်မတို့ရဲ့ စီးပွားရေးကော်မတီမှာလည်း ဒေါ်လာဈေးကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ရမယ်ဆိုတာ ဆွေးနွေးပါတယ်။ အကြောင်းရင်း တစ်ခုကတော့ ကျွန်မတို့နဲ့ မဆိုင်ပါဘူး။ ပြည်ပအခြေအနေနဲ့လည်း ဆိုင်ပါတယ်။ အားလုံးကို ကျွန်မတို့နိုင်ငံ တစ်ခုတည်းက ကိုင်တွယ်လို့ မရပါဘူး။ ဒေါ်လာဈေး အတက်အကျဖြစ်ခြင်းရဲ့ အကြောင်းကတော့ ပြည်ပကနေ စတာပါ။ ဒါပေမဲ့ ကျွန်မတို့နိုင်ငံရဲ့ စီးပွားရေး တောင့်တင်းခိုင်မာမှုက ရှိသင့်သလောက် မရှိတဲ့အခါကျတော့ ပိုပြီးတော့ ကျွန်မတို့အပေါ် ဂယက်ရိုက်တာ ဖြစ်ပါတယ်။ ဒါတွေ မဖြစ်အောင် အားလုံးက ဝိုင်းဝန်းကြိုးစားဖို့ လိုအပ်ပါတယ်။ ဒေါ်လာတွေကို မလိုအပ်ဘဲ သိပ်တန်ဖိုးထားခြင်းဆိုတဲ့ ကိစ္စကလည်း လူတိုင်းလူတိုင်းနဲ့ ဆိုင်တဲ့ကိစ္စပါပဲ။ ဒါကြောင့်မို့လို့ အားလုံးက ဝိုင်းပြီးတော့ လုပ်မယ်ဆိုရင် ဒီဟာတွေလည်း တိုးတက်မှု ရှိနိုင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

Most Read

Most Recent