၂၀၁၈ ခုနှစ် ဇူလိုင်လတွင် စားသုံးသူဈေးဆနှုန်း (CPI) ၁၄၂ ဒသမ ၉၁ ရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ၇ ဒသမ ၅၆ ရာခိုင်နှုန်း မြင့်တက်

၂၀၁၈ ခုနှစ် ဇူလိုင်လတွင် စားသုံးသူဈေးဆနှုန်း (CPI) ၁၄၂ ဒသမ ၉၁ ရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ၇ ဒသမ ၅၆ ရာခိုင်နှုန်း မြင့်တက်
Published 27 August 2018

ရန်ကုန်မြို့ မြို့နယ်တစ်ခုရှိ ဈေးဝယ်ဈေးသည်တို့ မြင်ကွင်း

၂၀၁၈ ခုနှစ် ဇူလိုင်တွင် စားသုံးသူ ဈေးဆနှုန်း (CPI) ၁၄၂ ဒသမ ၉၁ ရှိခဲ့ပြီး ယခင်နှစ် ကာလတူထက်  ၇ ဒသမ ၅၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူ ဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၁၈ ခုနှစ် ဇူလိုင်လအတွက် တစ်နိုင်ငံလုံး၏ စားသုံးသူ ဈေးဆနှုန်းမှာ အစားအစာ အုပ်စုအတွက် ၁၅၅ ဒသမ ၅၄၊ အစားအစာ မဟုတ်သော အုပ်စုအတွက် ၁၂၅ ဒသမ ၁၂ နှင့်အုပ်စု အားလုံးအတွက် ၁၄၂ ဒသမ ၉၁ ရှိပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် ဖြစ်ပေါ်ခဲ့သော စားသုံးသူ ဈေးဆနှုန်း ၁၃၂ ဒသမ ၈၆ နှင့် နှိုင်းယှဉ်ပါက ၇ ဒသမ ၅၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

ယခင်နှစ်ကာလတူထက် စားသုံးသူ ဈေးဆနှုန်း မြင့်တက်လာခြင်းမှာ စားသုံးသူ ဈေးဆနှုန်း တွက်ချက်ရန် ကောက်ခံသည့် အုပ်စုအားလုံးတွင် ပါဝင်သည့် ကုန်ပစ္စည်း ဈေးနှုန်းများ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ၂၀၁၇ ခုနှစ် မေလမှ ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်း ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏ စားသုံးသူ ဈေးဆနှုန်းကို လေ့လာပါက ၂၀၁၇ ခုနှစ် မေလတွင် ၁၃၂ ဒသမ ၄၂ မှ စ၍ တဖြည်းဖြည်း မြင့်တက်လာခဲ့ရာ ၂၀၁၈ ခုနှစ်ဖေဖော်ဝါရီလတွင် ၁၃၉ ဒသမ ၅၁ ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၈ ခုနှစ် မတ်လတွင်  ၁၃၉ ဒသမ ၁၁ သို့ ကျဆင်းခဲ့သော်လည်း ၂၀၁၈ ခုနှစ် ဧပြီလမှာ နှစ်သစ်ကူးပွဲတော် ဖြစ်သဖြင့် စားသုံးကုန်စည် ဈေးနှုန်းများ မြင့်တက်လာပြီး စားသုံးသူဈေးဆနှုန်းမှာ ၁၃၉ ဒသမ ၈၂ သို့ ပြန်လည်မြင့်တက်လာခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် ဇွန်လတွင် ၁၄၁ ဒသမ ၁၃ သို့ ဆက်လက်မြင့်တက်ခဲ့ကာ ၂၀၁၈ ခုနှစ် ဇူလိုင်တွင် ၁၄၂ ဒသမ ၉၁  အထိ မြင့်တက်ခဲ့ကြောင်းဗဟို စာရင်းအင်းအဖွဲ့က သုံးသပ်တင်ပြခဲ့သည်။

၂၀၁၈ ခုနှစ် ဇူလိုင်လတွင်  ပြည်နယ် နှင့်တိုင်းဒေသကြီးများ၌ ဖြစ်ပေါ်ခဲ့သော စားသုံးသူ ဈေးဆနှုန်းများကို ကြည့်ပါက ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အနည်းငယ် ကျဆင်းခဲ့ပြီး ကျန်တိုင်းဒေသကြီး/ ပြည်နယ်များနှင့် အဓိကကျသော မြို့ကြီးသုံးမြို့တို့တွင် မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က သုံးသပ်တင်ပြထားသည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက် တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ဗဟိုစာရင်းအင်း အဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာ အိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စစ်တမ်းကောက်ယူရာတွင် ကုန်ပစ္စည်းအမျိုးအစားများမှာ အများသုံးစွဲသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု အမျိုးအစားပေါင်း ၄၃၈ မျိုးပါဝင်ကြောင်း သိရသည်။ စားသုံးသူ ဈေးဆနှုန်း တွက်ချက်ရန်အတွက် အစားအစာအုပ်စုတွင် ကုန်ပစ္စည်း ၁၀၈ မျိုးနှင့် အစားအစာ မဟုတ်သော အုပ်စုတွင် ကုန်ပစ္စည်း အမျိုးအစား ၁၆၆ မျိုး ရွေးချယ်ခဲ့ပြီး စုစုပေါင်း ၂၇၄ မျိုးသို့တိုးချဲ့ကောက်ယူ တွက်ချက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ထားမှုအရ သိရသည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂  ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူဈေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၈ ခုနှစ် ဇူလိုင်လအထိ တစ်နှစ်ပျမ်းမျှ ၅ ဒသမ ၀၂ ရာခိုင်နှုန်းရှိပြီး ၂၀၁၈ ခုနှစ် ဇူလိုင်နှင့် ၂၀၁၇ ခုနှစ် ဇူလိုင်လတို့၏ နှစ်အလိုက် ပြောင်းလဲမှုကို နှိုင်းယှဉ်ပါက (Year on Year Inflation) မှာ ၇ ဒသမ ၅၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

Most Read

Most Recent