နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူနှင့် ထောင်ပြင်ပမှ တရားရင်ဆိုင်နေရသူစုစုပေါင်း ၂၇၅ ဦး ရှိကြောင်း AAPP ထုတ်ပြန်

နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူနှင့် ထောင်ပြင်ပမှ တရားရင်ဆိုင်နေရသူစုစုပေါင်း ၂၇၅ ဦး ရှိကြောင်း AAPP ထုတ်ပြန်
Published 18 August 2018

ငြိမ်းစုစီဥပဒေပုဒ်မ ၁၉၊ လမ်းတံတားဥပဒေပုဒ်မ ၂၂၊ ၂၃ တို့ဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရသည့် ဒေသခံများအား သြဂုတ် ၁၆ ရက်က ရုံးထုတ်လာသည်ကို တွေ့ရစဉ်

နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူနှင့် ထောင်ပြင်ပမှ တရားရင်ဆိုင်နေရသူ စုစုပေါင်း ၂၇၅ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင်လအတွက် ထုတ်ပြန်သည့်အစီရင်ခံစာ၌ ဖော်ပြထားသည်။

၂၀၁၈ ခုနှစ် ဇူလိုင်လကုန်တွင် မြန်မာနိုင်ငံအတွင်း၌ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူနှင့် ထောင်ပြင်ပမှ တရားရင်ဆိုင်နေရသူ စုစုပေါင်း ၂၇၅ ဦးရှိ ကြောင်း၊ ၎င်းတို့ထဲတွင် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၃၃ ဦး အကျဉ်းကျခံနေရပြီး တက်ကြွလှုပ်ရှားသူ ၅၃ ဦးသည် ထောင်တွင်းမှနေ၍ တရားရင်ဆိုင်နေရကြောင်း ၁၈၉ ဦးသည် ထောင်ပြင်ပမှနေ၍ တရားရင်ဆိုင်နေရကြောင်း AAPP ၏ ဇူလိုင်လအတွက် အစီရင်ခံစာအနှစ်ချုပ်တွင် ဖော်ပြထားသည်။

ထို့ပြင် ဇူလိုင်လအတွင်း တက်ကြွလှုပ်ရှားသူများ၊ လယ်ယာမြေအရေးလှုပ်ရှားသူများ၊ အရပ်သားများ စုစုပေါင်း ၃၇ ဦးသည် တရားစွဲဆိုခြင်းခံရကြောင်း၊ ထို ၃၇ ဦးအနက် မှ ၂၃ ဦးသည် ကယားပြည်နယ်တွင် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူခြင်းကို ကန့်ကွက်ဆန္ဒထုတ် ဖော်ခဲ့ခြင်းအတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)(ဂ)၊ ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၁၉၊ ၂၀ တို့ဖြင့် တရား စွဲဆိုခံရခြင်းဖြစ်ကြောင်း၊ ထို့ပြင် သုံးဦးမှာ သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိရန် ဆန္ဒထုတ်ဖော်ခဲ့ခြင်းအတွက် ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရပြီး ၁၁ ဦးသည် ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ တည်ဆောက်နေမှုအား အပြီးတိုင် ဖျက်သိမ်းပေးရန် ကန့်ကွက်တောင်းဆိုခဲ့ခြင်းအတွက် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉၊ လမ်းတံတား ဥပဒေပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း AAPP အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အတူ ဇူလိုင်လတွင်း ဖမ်းဆီးခြင်းခံခဲ့ရသူ ခုနစ်ဦးရှိသည့်အနက်မှ ကယားပြည်နယ်မှ တက်ကြွလှုပ်ရှားသူ လေးဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)(ဂ)၊ ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉၊ ၂၀ တို့ဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသူများဖြစ်ပြီး အရပ်သားသုံးဦးသည်  လမ်းတံတား ဥပဒေပုဒ်မ ၂၂ ဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသူများ ဖြစ်ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

ထို့ပြင် ဇူလိုင်လတွင်း စုစုပေါင်းခုနစ်ဦး ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရကြောင်း၊ ယင်းခုနစ် ဦးအနက်မှ  လယ်သမားငါးဦးသည် ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှု၊ ရာဇသတ်ကြီး ပုဒ်မ ၄၄၇၊ ၄၂၇ တို့ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီး တက်ကြွလှုပ်ရှားသူ နှစ်ဦးမှာ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရကြောင်း၊ ဇူလိုင်လအတွင်း တက်ကြွလှုပ်ရှားသူ စုစုပေါင်း ငါးဦးလွတ်မြောက်ခဲ့ကြောင်း  AAPP က အစီရင်ခံစာ ထုတ်ပြန်သည်။

AAPP ၏  ဇူလိုင်လအစီရင်ခံစာတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကြား ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်း၊ လယ်သမားများ၏ လယ်ယာမြေအခွင့်အရေးများ ဆက်လက်ချိုးဖောက်ခံနေရခြင်း၊ အကျဉ်းထောင်အခြေအနေများ ဆက်လက်ဆိုးရွားဆဲဖြစ်ခြင်းနှင့် နိုင်ငံသားများ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် နိုင်ငံရေးနှင့် နိုင်ငံသားအခွင့်အရေးများကို ကန့်သတ်ထားမှုများ ဆက်လက်ရှိနေခြင်းတို့ကို ဖော်ပြထားသည်။

ထို့ကြောင့် AAPP မှ အစိုးရအား နိုင်ငံသားများ၏ နိုင်ငံရေးနှင့် နိုင်ငံသားအခွင့်အရေးကို ကာကွယ်ပေးရန်အတွက် ဖိနှိပ်ထားသော ဥပဒေများကို ပြန်လည်သုံးသပ်၍ ပြင်ဆင်ဖြည့်စွက်ခြင်းကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ပါရန် တိုက်တွန်းကြောင်း၊  ထိုသို့ ပြင်ဆင်ဖြည့်စွက်ခြင်းအားဖြင့် အမျိုးသားငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထိုမျှသာမက အစိုးရအား လက်ကျန်နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးရန် တိုက်တွန်းကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

Most Read

Most Recent