ရှစ်လေးလုံးအရေးတော်ပုံ နှစ် ၃၀ ပြည့်သွားခဲ့သော်လည်း

ရှစ်လေးလုံးအရေးတော်ပုံ နှစ် ၃၀ ပြည့်သွားခဲ့သော်လည်း
Published 6 August 2018

ရှစ်လေးလုံးငွေရတု အခမ်းအနား၌ ပြသထားသော အထိမ်းအမှတ်ပြခန်းနှင့် ရှစ်လေးလုံး အရေးတော်ပုံကာလ ပုံရိပ်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၁၉၈၈ သြဂုတ် ၈ ရက်က အထွေထွေ လူမှုစီးပွား အကျပ်အတည်းတွေကြောင့်  မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရကို ဆန့်ကျင်ဆန္ဒပြတဲ့ လူထုအုံကြွမှုကြီး ဖြစ်ပွားခဲ့ပါတယ်။

၁၉၆၂ တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါတီကနေ တစ်ပါတီအာဏာရှင် စနစ်နဲ့ အုပ်ချုပ်ခဲ့ရာက မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ် လာတဲ့အပြင် အဘက်ဘက်ကပါ ယိုယွင်းပျက်စီးမှုတွေ ရှိလာပါတယ်။

၁၉၈၈ မတ်လ ၁၂ ရက်မှာ တော့ အင်းစိန်မြို့နယ် အနောက်ကြို့ ကုန်းက စန္ဒာဝင်းလက်ဖက်ရည်ဆိုင် မှာ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားတွေနဲ့  အရပ်သားတွေ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ဒီရန်ပွဲကို အကြောင်းပြုလို့ ၁၉၈၈ မတ် ၁၃ ရက် ညမှာ လုံခြုံရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့တာကြောင့် ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံး ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရကို ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာပြီး နောက်ဆုံး တစ်နိုင်ငံလုံးကို ပျံ့နှံ့ခဲ့ရာက မြန်မာ့သမိုင်းဝင် ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ပေါ်လာခဲ့တာပါ။

လူထုအရေးတော်ပုံကြီးကနေ ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ပေးရေး၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ စနစ်ဆန့်ကျင်ရေး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနဲ့ ဈေးကွက်စီးပွားရေးစနစ် ဖော်ဆောင်ပေးရေး စတဲ့အချက်တွေကို တောင်းဆိုခဲ့ပေမယ့် အဓိကကတော့ ဒီမိုကရေစီရရှိရေးပဲ ဖြစ်ပါတယ်။

ရှစ်လေးလုံးငွေရတု အခမ်းအနား၌ ပြသထားသော အထိမ်းအမှတ်ပြခန်းနှင့် ရှစ်လေးလုံး အရေးတော်ပုံကာလ ပုံရိပ်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

လာမယ့် သြဂုတ် ၈ ရက်ဆိုရင် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ဖြစ်ပွားခဲ့တာ နှစ်ပေါင်း ၃၀ ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။

ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးကနေ တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီရရှိရေးဟာ လက်ရှိ နှစ်ပေါင်း ၃၀ ပြည့်မြောက်ချိန်မှာ တကယ်ရရှိနေပြီလားဆိုတာ မေးစရာ ရှိလာပါတယ်။ ရရှိနေတယ် ဆိုရင်တောင် ၁၀၀ ရာခိုင်နှုန်း အပြည့်အ၀ ရရှိနေပြီလားဆိုတာ စဉ်းစားစရာပါ။

လက်ရှိမှာ ပြည်သူက မဲပေး ရွေးချယ်ထားတဲ့ အရပ်သားအစိုးရ အုပ်ချုပ်နေပေမယ့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ်ကတော့ အားကောင်းခိုင်မာမှု မရှိသေးဘူးလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ အဓိကရည်မှန်းချက်၊ တောင်းဆိုချက်တွေက ဒီနေ့အထိ အောင်မြင်ပြီးမြောက်ခြင်း မရှိသေးဘူးလို့ ဆိုလာသူကတော့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် ဖြစ်ပါတယ်။

“ရှစ်လေးလုံးရဲ့ အဓိကရည်မှန်းချက်၊ တောင်းဆိုချက်ဖြစ်တဲ့ ဒီမိုကရေစီရရှိရေးဆိုတဲ့ ကိစ္စဟာ ဒီနေ့အခြေအနေအထိ အောင်မြင်ပြီးမြောက်ခြင်း မရှိသေးဘူးလို့ ပြောချင်ပါတယ်” လို့ ဦးအောင်မိုးဇော်က ဆိုပါတယ်။

လူထုအရေးတော်ပုံကြီးက တောင်းဆိုထားတဲ့ ဒီမိုကရေစီရရှိ ရေးဟာ အရပ်သားအစိုးရလက် ထက်မှာ ဘာကြောင့် အောင်မြင်ပြီး မြောက်မှု မရှိရတာလဲ။ အဓိကက တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဥပဒေပြုရေးမဏ္ဍိုင်မှာ တပ်မတော်က လွှတ်တော်ကိုယ်စား လှယ် ၂၅ ရာခိုင်နှုန်းက နေရာယူ ထားသလို အုပ်ချုပ်ရေးမဏ္ဍိုင်မှာလည်း အရေးပါတဲ့ ဝန်ကြီးဌာန သုံးခု ကို တပ်မတော်က ထိန်းထားပါတယ်။

ရှစ်လေးလုံးငွေရတု အခမ်းအနား၌ ပြသထားသော အထိမ်းအမှတ်ပြခန်းနှင့် ရှစ်လေးလုံး အရေးတော်ပုံကာလ ပုံရိပ်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

“ရှစ်လေးလုံးတုန်းက ကျွန် တော်တို့ တောင်းဆိုခဲ့တဲ့၊ မျှော်မှန်း ခဲ့တဲ့ ရည်မှန်းချက်တွေက အခုဆိုရင် ပြည်သူလူထုက ရွေးချယ်တင် မြှောက်တဲ့ ၇၅ ရာခိုင်နှုန်း လွှတ် တော်ကိုယ်စားလှယ်တွေ ရရှိတာက လွဲပြီးတော့ ကျန်တာ မရသေးပါဘူး။ နှစ် ၃၀ အတွင်းမှာမှ ၂၀၀၈ မှာ အခြေခံဥပဒေတစ်ခုနဲ့ တပ်မတော် ဘက်က အကာအကွယ်ယူထား လိုက်တဲ့အခါကျတော့ ကျွန်တော်တို့ လိုချင်တဲ့ ရည်မှန်းချက်က ပိုပြီးတော့ ခက်သွားပါတယ်။ ချုပ်ပြီးပြောမယ် ဆိုရင်တော့ နှစ် ၃၀ အတွင်းမှာ ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင်ကို မရောက်သေးပါဘူး” လို့ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က သုံးသပ်ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် လည်း လက်ရှိ မြန်မာနိုင်ငံမှာ အစိုးရ နှစ်ရပ်ရှိနေတယ်ဆိုပြီး နိုင်ငံတကာနဲ့ ပြည်တွင်းနိုင်ငံရေးသမား အများစုက သုံးသပ်မှုတွေရှိနေပါတယ်။

“အဓိက ပြောချင်တာကတော့ တို့တိုင်းပြည်မှာ အစိုးရ နှစ်ရပ်ဖြစ်နေတယ်။ သွားနေတာကတော့ စပ်ကြားအစိုးရပေါ့။ အဲဒီမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလကို ရှောရှောရှူရှူနဲ့ အောင်အောင်မြင် မြင် ဖြတ်သန်းဖို့ဆိုတဲ့နေရာမှာ ဒီ အစိုးရနှစ်ရပ်ကြောင့်လည်း အနှောင့် အသွားဖြစ်နေတယ်။ အစိုးရနှစ်ရပ် က ဘာကြောင့်ဖြစ်သလဲဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ဖြစ်နေတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို အစ်ကို့အနေနဲ့ နားလည်တာက တော့ ဒါက ဥပဒေပြဿနာမဟုတ် ဘူး။ နိုင်ငံရေးပြဿနာဖြစ်တယ်။ အဲဒီအတွက်ကြောင့် နိုင်ငံရေးပြဿ နာကို နိုင်ငံရေးနည်းလမ်းအရ တွေ့ ဆုံဆွေးနွေးအဖြေရှာဖို့ သက်ဆိုင်တဲ့ သူတွေဆီမှာ အားနည်းချက်တွေ ရှိ နေတာကို တွေ့ရတယ်။ အဲဒီအ တွက်မို့လို့ ဖွဲ့စည်းအုပ်ချုပ်ပုံကြောင့် အထွေထွေ အကျပ်အတည်းနဲ့ နိုင်ငံရေးလမ်းဆုံလမ်းခွကို ရောက်နေတယ်လို့ သုံးသပ်တယ်” လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ဆိုပါတယ်။

ပြည်တွင်းမှာ အစိုးရနှစ်ရပ် ရှိတယ်လို့ ပြောဆိုမှုတွေ ရှိနေသလို ၂ဝ၀၁၆ အတွက် နိုင်ငံတကာကနေ ထုတ်ပြန်တဲ့ ဒီမိုကရေစီ အညွှန်းကိန်း အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အဆင့်အတန်းကို တပ်မတော်ကြီးစိုးတဲ့ တစ်စိတ်တစ်ပိုင်း အာဏာရှင်နိုင်ငံ (Hybrid Regime) အဖြစ် သတ်မှတ်ထားပါတယ်။ အဲဒီအစီရင်ခံစာကို ဗြိတိန်အခြေစိုက် Economist Intelligence Unit EIU အဖွဲ့က ကမ္ဘာ့နိုင်ငံပေါင်း ၁၆၇ နိုင်ငံကို သုတေသနပြုပြီး နှစ်စဉ် ထုတ်ပြန်ပေးတာ ဖြစ်ပါတယ်။

အစီရင်ခံစာမှာ မြန်မာနိုင်ငံကို နိုင်ငံတကာ အဆင့် ၁၁၃ သတ်မှတ် ထားပြီး၂၀၁၅ အစီရင်ခံစာနဲ့ စာရင် မြန်မာနိုင်ငံကို အဆင့်တစ်ဆင့် တိုး မြှင့်သတ်မှတ်ခဲ့ပါတယ်။  ဒီလိုအ ဆင့်တွေ သတ်မှတ်ဖို့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်၊ ဗဟုဝါဒထွန်းကားမှု၊ အစိုးရယန္တရားလုပ်ငန်း လည်ပတ်မှု၊ နိုင်ငံရေးအလေ့အထ၊ ပြည်သူ့ရေး ရာလွတ်လပ်ခွင့်ဆိုတဲ့ ကဏ္ဍငါးခုမှာ အမှတ်ပေးပြီး သတ်မှတ်တာဖြစ်ပါတယ်။

Economist Intelligence Unit EIU အဖွဲ့က ထုတ်ပြန်တဲ့ ၂၀၁၇ အတွက် ဒီမိုကရေစီ အညွှန်းကိန်း အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အဆင့်အတန်းဟာ ဆုတ်ယုတ်မှုတွေ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ အများဆုံး ရမှတ် ၁၀ မှတ်ထဲမှာ မြန်မာနိုင်ငံအနေနဲ့ ၂၀၁၇ အတွက် ရမှတ် လေးမှတ်အောက်သာ ရရှိတာကြောင့် ဆုတ်ယုတ်မှုတွေ ရှိတယ်ဆိုပြီး သုံးသပ်ထားတာ ဖြစ်ပါတယ်။

ရှစ်လေးလုံးငွေရတု အခမ်းအနား၌ ပြသထားသော အထိမ်းအမှတ်ပြခန်းနှင့် ရှစ်လေးလုံး အရေးတော်ပုံကာလ ပုံရိပ်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ဒါ့အပြင် အစီရင်ခံစာမှာ တပ်မတော် ကြီးစိုးတဲ့ တစ်စိတ်တစ်ပိုင်း အာဏာရှင်နိုင်ငံ (Hybrid Regine) ကနေ တပ်မတော်ကြီးစိုးတဲ့ အာဏာရှင်နိုင်ငံ (Authoritarian Regime) စာရင်းထဲ ပြောင်းရွှေ့ရောက်ရှိသွားလို့လည်း ဒီရလဒ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

၁၉၆၂ ကစလို့ တပ်မတော်က နှစ်ပေါင်း ၅၀ နီးပါး အုပ်ချုပ်မှုအပြီး ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ၂၀၁၀ မှာ စတင်လုပ်ဆောင်ခဲ့ပါ တယ်။ ၂၀၁၀ အထွေထွေရွေး ကောက်ပွဲအပြီး သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အချိန်မှာ မြန်မာ့ဒီမိုကရေစီ တိုးတက်မှုနှုန်းက မြန်နှုန်း မြင့်မားခဲ့ပြီး နိုင်ငံတကာက အံ့သြယူရတဲ့အထိ ချီးကျူးမှု တွေကိုလည်း ရရှိခဲ့ပါတယ်။

၂၀၁၅ အထွေထွေရွေးကောက် ပွဲပြီးချိန်မှာတော့ လူထုက ရွေးချယ်တင်မြှောက်ခွင့်ရတဲ့ အရပ်သား အစိုးရတစ်ရပ် ပေါ်ထွက်လာခဲ့ပါ တယ်။ NLD အစိုးရ အုပ်ချုပ်ရေးပိုင်းကို စတင်တာဝန်ယူချိန်မှာပဲ ပြည်သူလူထုက ပြောင်းလဲချိန်တန်ပြီဆိုတဲ့ NLD ရဲ့ မဲဆွယ်စကားအတိုင်း မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲကို ကြီးကြီးမားမားကို မျှော်လင့်ခဲ့ကြပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး အားရကျေနပ်လောက်တဲ့ အဆင့်ကို မရောက်သေးဘူး ဆိုပေမဲ့ ၂၀၁၀ မတိုင်မီက အခြေအနေထက်စာရင် သိသာလှတဲ့ ကွဲပြားခြားနားမှု အနေအထားကို ရောက်နေပြီလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

“လက်ရှိအချိန်မှာ ဒီမိုကရေ စီဆိုတဲ့ စံနှုန်းတွေနဲ့ ကျွန်တော်တို့ တိုင်းကြည့်ရင် ကျွန်တော်တို့ တိုင်း ပြည်မှာ ဒီမိုကရေစီစနစ်ရှိတယ်လို့ ပြောဖို့က တော်တော်လေးဝေးနေ သေးတယ်။ ဒါပေမဲ့ နှိုင်းယှဉ်ချက်နဲ့ ပြောရင်တော့ ၈၈ နဲ့ ယှဉ်လိုက်ရင် အသင်းအပင်းဖွဲ့တာတွေ၊ စာပေ ကင်ပေတိုင်လို့ခေါ်တဲ့ စာပေစိစစ်ရေးစနစ် ဖျက်သိမ်းတာတွေ၊ အရင် ဖက်ဒရယ်ဆိုတာ ယောင်လို့တောင် ဟလို့မရဘူး။ အခုဆိုရင် မူအားဖြင့် တပ်မတော် အပါအဝင် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရမယ် ဆိုတာကို လက်ခံထား ပြီးသွားပြီ။ ဒီလိုအောင်မြင်မှုတွေ တော့ရတယ်။ ဒါပေမဲ့  တကယ့်လက် တွေ့ ကျွန်တော်တို့ တိုင်းပြည်မှာ ဒီမိုကရေစီစနစ် ဘယ်လောက်ထူ ထောင်နိုင်သလဲလို့ မေးရင်တော့ အများကြီး အလှမ်းဝေးသေးတယ်” လို့ ပြည်သူ့ပါတီမှ ခေါင်းဆောင်တစ် ဦးဖြစ်သူ ဦးရဲနိုင်အောင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီက အတိုင်းအတာ တစ်ခုအထိ ရနေပေမယ့် ကျေနပ်လက်ခံလောက်တဲ့ အနေအထားမျိုးတော့ မရှိသေးဘူးလို့ နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။

“အကြွင်းမဲ့ ဒီမိုကရေစီတော့ မရသေးဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ် ၃၀ ထက် စာရင်တော့ ဒီနေ့ ကျွန်တော်တို့မှာ တစ်စုံတစ်ရာ ပြောရေးဆိုခွင့် အတိုင်းအတာ တော်တော်များများအထိ ပြောနိုင်ဆိုနိုင်တယ် ဝေဖန်နိုင်တယ်ဆိုတဲ့ အနေအထားမျိုးတော့ ရောက်နေတာ အမှန်ပါပဲ။ နောက်တစ်ခုက ၈၈ ကာလထက်စာရင် ကျွန်တော်တို့မှာ လွတ်လပ်တဲ့ အသင်းအပင်း ဖွဲ့စည်းခွင့်၊ နိုင်ငံရေးပါတီတွေ ဖွဲ့စည်းခွင့် ရနေတာလည်း အမှန်ပါပဲ။ နောက်တစ်ခုက လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်၊ ဆန္ဒပြခွင့် ဒါလည်း တစ်စုံတစ်ရာ အတိုင်းအတာအထိ ရနေတာတော့ အမှန်ပါပဲ။ ဆိုလိုတာကတော့ အနှစ် ၃၀ ခရီးမှာ ဒီမိုကရေစီ တိုက်ပွဲတွေရဲ့ ရလဒ်က ဒီနေ့မှာ အဆုံးစွန်ရပြီလားဆိုရင် မရသေးဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အတိုင်းအတာ တစ်ခုအထိ ရသလားလို့ မေးရင်တော့ အတိုင်းအတာ တစ်ခုအထိ ရလာတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ဒါက ကျေနပ်လောက်ဖွယ်၊ လက်ခံလောက်ဖွယ် အနေအထားမရှိဘူး။ ဆက်လက်ပြီးတော့ ကျွန်တော်တို့ ရုန်းကန်ကြိုးစားရဦးမယ်လို့ ပြောရမယ် ထင်ပါတယ်” လို့  ဦးမောင်မောင်စိုးက ဆိုပါတယ်။

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ (၂၉) နှစ်မြောက် အခမ်းအနား ၂၀၁၇ ခုနစ် သြဂုတ် ၈ ရက်နံနက်ပိုင်းက ပြုလုပ်စဉ် (ဓာတ်ပုံ-ကြည်နိုင်)

ဒါ့အပြင် တိုင်းရင်းသားတန်းတူ အခွင့်အရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေးစတဲ့ ကိစ္စရပ်တွေမှာလည်း လက်ရှိအစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားတွေကြားမှာ လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ အခြေအနေမျိုးပဲ ရှိနေပါသေးတယ်။

NLD အစိုးရအနေနဲ့ လက်ရှိအခြေအနေမှာ အကျပ်အတည်းများစွာကို တွေ့နေရပြီး ဒီအကျပ်အတည်းတွေကို ကျော်လွှားလိုပါက အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား ခေါင်းဆောင်တွေကြားမှာ နားလည်မှုရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက မှတ်ချက်ပြုပါတယ်။

“လက်ရှိအခြေအနေမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်း ရှိနေတယ်။ နောက်ပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေး အကျပ်အတည်း ရှိနေတယ်။ တရားဥပဒေစိုးမိုးရေး အကျပ်အတည်း ရှိနေတယ်။ နောက် အဂတိလိုက်စားမှု အကျပ်အတည်း ရှိနေတယ်။ နောက်ပြီး မူး ယစ်ဆေးဝါး ပြဿနာ အကျပ်အတည်း ရှိနေတယ်။ ဒီအကျပ်အတည်း ကြီးတွေထဲမှာ မြန်မာနိုင်ငံဟာ ကျဉ်းထဲကျပ်ထဲမှာ ပိတ်မိနေတဲ့ အနေအထားမျိုး ရှိနေတယ်လို့ မြင်တယ်။ ဒီအကျပ်အတည်းတွေကို ကျော်လွှားနိုင်ဖို့ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ တပ်မတော် ခေါင်းဆောင်တွေ နောက်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်တွေ နောက်အရပ်ဘက် အဖွဲ့အစည်း ခေါင်းဆောင်တွေ အားလုံး ယုံကြည်မှု၊ နားလည်မှုရှိရှိနဲ့ ကျောချင်းကပ်ပြီးတော့ ထိထိရောက်ရောက် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်နိုင်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့မြင်တယ်” လို့ ဒေါက်တာရန်မျိုးသိမ်းက ဆိုပါတယ်။

မြန်မာ့ဒီမိုကရေစီ အရေးမှာ အဓိကပိတ်ဆို့နေတဲ့ အရာနဲ့ ပတ်သက်လို့ နိုင်ငံရေးသမားတွေ၊ တိုင်းရင်းသားတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေ အများဆုံး လက်ခံထားတာကတော့ ၂၀၀၈  ဖွဲ့စည်းပုံ ပြင်ဆင်ရေးပဲ ဖြစ်ပါတယ်။ NLD ပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် ဖော်ပြထားပေမယ့် လက်ရှိအာဏာရချိန် သက်တမ်း  နှစ်နှစ်ကျော် သုံးနှစ်အတွင်းမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အသံတိတ်နေတဲ့ အပေါ်မှာ အားလုံးက အားမလိုအားမရ ဖြစ်နေကြပါတယ်။

ရှစ်လေးလုံး ငွေရတုအခမ်းအနား၌ ပြသထားသော အထိမ်းအမှတ်ပြခန်းသို့ လာရောက်ကြည့်ရှုသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

NLD အစိုးရအနေနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ဆောင်ရွက်နိုင်ခြင်း မရှိပါက မြန်မာနိုင်ငံဟာ ဒီမိုကရေစီ တိုင်းပြည်နဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်း ဖြစ်စရာအကြောင်း မရှိဘူးလို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က သုံးသပ်ပါတယ်။

“ရွေးကောက်ပွဲ ကမ်ပိန်းတုန်းက ပြည်သူကို သူတို့ ကတိပေးထားတာရှိတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့ကိစ္စနဲ့ ပတ်သက်လို့။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို မလုပ်နိုင်ဘူး။ မပြောနိုင်ဘူး ဆိုလို့ရှိရင်  ကျွန်တော်တို့ တိုင်းပြည်က ဒီမိုကရေစီတိုင်းပြည်၊ ဒီမိုကရေစီ လူ့အဖွဲ့အစည်း ဖြစ်စရာအကြောင်း ဘာမှမရှိဘူး။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဖို့ အတွက် ပြည်သူတစ်ရပ်လုံးက ထောက်ခံခဲ့တယ်လို့ ကျွန်တော် ထင် တယ်။ သို့သော်လည်းပဲ ဒီနေ့အခြေအနေကျတော့ ဒီကိစ္စကို ပြောသံဆိုသံ ကျွန်တော်တို့ မကြားရဘူး။ ရွေးကောက်ပွဲ မတိုင်ခင်တုန်းကတော့ ကတိပေးတယ်။ ဒါပေမဲ့ လွှတ်တော်ထဲရောက်တာ၊ အစိုးရဖြစ်တာ နှစ်နှစ်ကျော် သုံးနှစ် ကြာတဲ့အခါမှာတော့ ဒီကိစ္စကို ပြောသံမကြားရဘူး” လို့ ဦးအောင်မိုးဇော်က ဆိုပါတယ်။

NLD အစိုးရ အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို လွှတ်တော်တွင်းက မသွားဘဲ လွှတ်တော်ပြင်ပ ငြိမ်းချမ်းရေး လမ်းကြောင်းကနေ သွားဖို့အတွက် ကြိုးစားနေပေမဲ့လည်း အားရစရာ မရှိသေးဘူးလို့ နိုင်ငံရေး လေ့လာသူတွေက ဆိုပါတယ်။

“လက်တွေ့မှာလည်း NLD အနေနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်ထဲမှာ လုပ်ဖို့ အခွင့်အလမ်း မရှိပါဘူး။ အဲဒီအချိန်မှာ ၂၁ ပင်လုံညီလာခံမှာ လုပ်ဖို့ဆိုတဲ့ဟာကို နိုင်ငံရေးပါတီပေါင်းစုံလည်း ပါတယ်။ တပ်ကလည်းပါတယ်။ အစိုးရကလည်းပါတယ်။ အဲဒီမှာ ညှိနှိုင်းတဲ့ အချက်အလက်ကနေပြီးတော့ အခြေခံဥပဒေ ပြင်ဆင်ရေးကို သွားမယ်လို့ ပြောတယ်။ ဒါပေမဲ့ အဲဒီမှာလည်းပဲ NLD ရဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းအားထုတ်မှုက အားရစရာအခြေအနေ မရှိတာတော့ အမှန်ပါပဲ။ ကျွန်တော်တို့ အနေနဲ့ကတော့ ဒါကို ပီပီပြင်ပြင်ဆက်ပြီး ဆောင်ရွက်စေချင်တယ်။ ဘာလို့ဆိုတော့ ဒါက လူထုအများစုရဲ့ ဆန္ဒဖြစ်တာကို။ NLD ကိုမဲပေးလိုက်တယ်ဆိုတာ အပြောင်းအလဲတစ်ခု အတွက်လည်း ဖြစ်တယ်။  ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက်လည်း ဖြစ်တာကြောင့် NLD အနေနဲ့ ဒီကိစ္စကို အလေးဂရုပြုထားသင့်တယ်လို့ ထင်ပါတယ်” လို့ နိုင်ငံရေး လေ့လာသူ ဦးမောင်မောင်စိုးက ဆိုပါတယ်။

ဘာပဲဖြစ်ဖြစ် လက်ရှိ NLD အစိုးရအနေနဲ့ လွှတ်တော်၊ အစိုးရပိုင်းမှာ သမ္မတကစလို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အလယ် လွှတ်တော်ကိုယ်စားလှယ်တွေအဆုံး အများစုက ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကနေ ပေါ်ထွက်လာသူတွေမို့ ဒီမိုကရေစီစနစ် ရှင်သန်အောင် လုပ်ဆောင်ရမယ့် တာဝန်ရှိတယ်ဆိုတာ အားလုံးက တညီတညွတ်တည်း သဘောတူပြီးသား ဖြစ်ပါတယ်။

ဒါ့ပြင် NLD အစိုးရသက်တမ်း အတွင်းမှာ ဒီမိုကရေစီအတွက် အကြီးမားဆုံး အဟန့်အတား ဖြစ်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဘယ်လောက် အတိုင်းအတာအထိ ပြင်ဆင်နိုင်မလဲ ဆိုတာက တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီ ရရှိရေးအတွက် အဓိကအဖြေလည်း ဖြစ်နေပါတယ်။

ဒါကြောင့် NLD အစိုးရ သက်တမ်းအတွင်းမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ဘူးဆိုရင် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေမယ့် အပြင် အောင်မြင်ပြီးမြောက်တဲ့ ဒီမိုကရေစီ ဖြစ်ဖို့ကလည်း ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမှာ ဖြစ်ပါတယ်။

“ကျွန်တော် မြင်တာကတော့ ၂၀၀၈ အခြေခံ ဥပဒေကြီးက အဓိက အကာအကွယ် ဖြစ်နေတယ်။ အခက်အခဲ အတားအဆီး ဖြစ်နေတယ်။  ဒါကို မပြင်နိုင်သရွေ့ကတော့ ကျွန်တော်တို့ လိုချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုစနစ်ကတော့ ရရှိနိုင်မယ်လို့ မထင်ဘူး” လို့  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က သုံးသပ်ပါတယ်။

 

Most Read

Most Recent