အောင်ရဲထွေးအမှု၊ အစိုးရသတင်းစာများ၏ တုံ့ပြန်ရေးသားချက်နှင့် အဂတိနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာစွာ အဆင့်ဆင့်စစ်ဆေးရန်လိုအပ်လာသည့် နောက်ကွယ်မှအကြောင်းအရာများ

အောင်ရဲထွေးအမှု၊ အစိုးရသတင်းစာများ၏ တုံ့ပြန်ရေးသားချက်နှင့် အဂတိနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာစွာ အဆင့်ဆင့်စစ်ဆေးရန်လိုအပ်လာသည့် နောက်ကွယ်မှအကြောင်းအရာများ
Published 6 August 2018

အောင်ရဲထွေးအမှုနှင့်ဆက်စပ်သည့် ဆောင်းပါးနှင့် ပြည်သူ့ကဏ္ဍတို့ကိုဖော်ပြထားသည့် နိုင်ငံပိုင်သတင်းစာနှစ်စောင်တွင်ဖော်ပြချက်များကို တွေ့ရစဉ်

“ ကျွန်တော်တို့ ဘဝမှာ တသက်လုံးက မကြားခဲ့ရတဲ့ တရားရုံးအမိန့်တွေ ကြားနေရတယ်။ ဒါတွေက မဖြစ်သင့်ဘူး။ အမှုလိုက်တဲ့ နှစ်ပေါင်းမနည်းဘူး။ ဒါမျိုးအမိန့်မျိုး တစ်ခါမှ မကြားဖူးသေးဘူး။ ဒါကိုလည်းကျွန်တော် အလေးအနက်ထားမှာပါ။ ဒါပွင့်ပွင့်လင်းလင်းပြောတာ”

နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ဇူလိုင် ၂၈ ရက်တွင် ပဲခူးမြို့၌ တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် တွေ့ဆုံစဉ် တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်ပြီး ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ မိန့်ခွန်းထဲတွင်ပါသည့် ‘တစ်သက်လုံးက မကြားခဲ့ရသည့် တရားရုံးအမိန့်’ ဟု နိုင်ငံတော်သမ္မတက ရည်ညွှန်းပြောဆိုခဲ့ခြင်းမှာ သရုပ်ဆောင် အောင်ရဲထွေးအမှုနှင့် ပတ်သက်ပြီး ပြောဆိုခဲ့ခြင်းဖြစ်သည်။

အလားတူ ဇူလိုင် ၂၉ ရက်တွင်လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တွေ့ဆုံစဉ်တွင် ယင်းကဲ့သို့ ပြောကြားချက်ကို ထပ်မံပြောကြားခဲ့သည်။

လူမှုကွန်ရက်စာမျက်နှာ Facebook တွင် ဟာသဗီဒီယိုကလစ်များ တင်ခြင်းကြောင့် ပရိသတ်အားပေးမှုရရှိလာသည့် သရုပ်ဆောင်အောင်ရဲထွေးမှာ နှစ်သစ်ကူးညတွင် သုဝဏ္ဏမြို့နယ်ရှိ  The One Entertainment သို့ ၎င်း၏ ချစ်သူနှင့်အတူ သွားရောက်လည်ပတ်ရာမှ လူတစ်စုက ရိုက်နှက်ခဲ့သဖြင့် သေဆုံးခဲ့သည်။

အုပ်စုဖွဲ့ရိုက်နှက်ခဲ့သူများအား ရဲတပ်ဖွဲ့က စုံစမ်းရာ ရိုက်နှက်မှုဖြစ်ပွားအပြီး တစ်ရက်အကြာ ဇန်နဝါရီ ၃ ရက်တွင် သန်းထွဋ်အောင် (ခ) သားကြီးဆိုသူအား သူ၏ဖခင်က ရဲစခန်းသို့ လာရောက်အပ်နှံခဲ့သည်။

သရုပ်ဆောင်အောင်ရဲထွေးအား အုပ်စုဖွဲ့ရိုက်နှက်ခဲ့ကြောင်း သန်းထွဋ်အောင် (ခ) သားကြီးက ဝန်ခံခဲ့ပြီး အုပ်စုဖွဲ့ရိုက်နှက်မှုတွင် ၎င်းနှင့်အတူ ပါဝင်သည့် လှည်းတန်းနေ ပြည့် ဖြိုးအောင် (ခ) အောင်လေးနှင့် သင်္ဃန်းကျွန်း မြို့နယ်နေ ကျော်ဇောဟန် (ခ) ကျော်ဇော တို့လည်း ပါဝင်ကြောင်း ထွက်ဆိုခဲ့သည်။

အမှုမှ ကျူးလွန်သူများကို ရဲစခန်းသို့ မိဘများကိုယ်တိုင် လာရောက်အပ်နှံခဲ့ခြင်းဖြစ်ပြီး ရဲစခန်းကလည်း လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

သို့သော် ခုနစ်လခန့်အကြာတွင် တရားလိုဘက်က အမှုရုပ်သိမ်းသည်ဟုဆိုကာ ဖမ်းဆီးထားသူများ ပြန်လည်လွတ်မြောက်အပြီးတွင် အများပြည်သူက ဝိုင်းဝန်းကန့်ကွက်မှုများ ရှိခဲ့သည်။

ထို့ပြင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကလည်း အထက်တွင် ဆိုခဲ့သည့်အတိုင်း မကြားခဲ့ဖူးသည့်အမိန့်များဟု ပြောကြားအပြီး ဇူလိုင် ၃၀ ရက်၌ သရုပ်ဆောင်အောင်ရဲထွေးအမှုအား ပြန်လည်စစ်ဆေးမည်ဟု ကြေညာခဲ့သည်။

သမ္မတရုံးက ညွှန်ကြားအပြီးတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ညွှန်ကြားချက်ဖြင့် ရန်ကုန်တိုင်း ဥပဒေချုပ်ရုံးက ပြင်ဆင်မှုလျှောက်ထားချက်ကို ဇူလိုင် ၃၀ ရက်က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ တင်သွင်းခဲ့ရာ တိုင်းဒေသကြီးတရားလွှတ်တော်က ရာဇဝတ်ပြင်ဆင်မှု အမှတ်၂၉၆(ခ)/၂၀၁၈ ဖြင့် အမှုကို လက်ခံကာ ဆက်လက်ကြားနာမည်ဖြစ်ပြီး လွတ်မြောက်ခဲ့သူများမှာ အချုပ်လွတ်ဖြင့် တရားရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အမှုမှ ပြန်လည်လွတ်မြောက်သူ သုံးဦးထံ သမ္မန်စာပေးပို့ထားပြီး အမှုအား ထပ်မံစစ်ဆေးမည်ဖြစ်သည်။

ထို့ပြင်နိုင်ငံတော်သမ္မတကလည်း အဆိုပါအမှုနှင့် ပတ်သက်ပြီး ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီတွင် သမ္မတအိမ်တော်၌ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌတို့အား ခေါ်ယူတွေ့ဆုံခဲ့သည်။

ယင်းသို့ ခေါ်ယူတွေ့ဆုံခဲ့ရာတွင် အမှုရုပ်သိမ်းခြင်း၏နောက်ခံအကြောင်းရင်းများ၊ အခြားဆက်နွှယ်ပတ်သက်မှုများနှင့် စပ်လျဉ်း၍ တိတိကျကျစိစစ်ကာဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ရေးလမ်းညွှန်မှာ ကြားခဲ့ခြင်းဖြစ်သည်။

တရားစီရင်ရေးစနစ် ယိုင်လဲပျက်ယွင်းနေသည်ကို မီးမောင်းထိုးပြ ညွှန်းဆိုနိုင်သည့် ယင်းအမှုမှာ တစ်နိုင်ငံလုံးရှိအများပြည်သူများအကြားတွင် စိတ်ဝင်စားနေသည့် အမှုဖြစ်ပြီး  အမှု၏နောက်ကွယ်တွင် မမြင်နိုင်သည့် လက်တံများရှိနိုင်သည်ဟု သုံးသပ်မှုများလည်း ရှိလာခဲ့သည်။

မြန်မာနိုင်ငံ၏ အမှုကြီး ၁၀ မျိုးတွင် လူသတ်မှုမှာ အပါအဝင်ဖြစ်သကဲ့သို့ အများပြည်သူစိတ်ဝင်စားသည့် အောင်ရဲထွေးအမှုမျိုး တွင် တရားခံများကလည်း ရဲတပ်ဖွဲ့တွင် ဝန်ခံကာ လာရောက်အဖမ်းခံခဲ့သော်လည်း အမှု ပြန်လည်ရုပ်သိမ်းပေးခဲ့သည့်အတွက် ယင်းဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ခရိုင်ဥပဒေအရာရှိ၏ တာဝန်ယူဖြေရှင်းရန် လိုအပ်မည်ဟု သုံးသပ်မှုများရှိနေပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ယင်းကိစ္စနှင့် ပတ်သက်၍တာဝန်ရှိနေသည့် ခရိုင်ဥပဒေအရာရှိအား စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ရန် တောင်းဆိုမှုများရှိနေကြောင်း သိရသည်။

ယင်းကြောင့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကိုပါ ထပ်မံတာဝန်ပေးခဲ့ခြင်းဖြစ်ပြီး ကော်မရှင်ကလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတွင် ထပ်မံပြင်ဆင်ထားသည့် ဥပဒေဖြစ်သည့် ကျော်စောသတင်းအဖြစ် သတ်မှတ်ကိုင်တွယ်လာခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၃ ရက်တွင် ကော်မရှင်က အောင်ရဲထွေးအမှုနှင့် ပတ်သက်ပြီး ထုတ်ပြန်ရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၊ ရာဇဝတ်ကြီးမှုအမှတ် ၃၄။၂၀၁၈ တရားလို ဦးသန့်ဇင်ဦးက တရားခံ သန်းထွဋ်အောင် (ခ) သားကြီးပါ သုံးဦးအပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂  အရ စွဲဆိုထားသည့်သရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့ရသည့် အမှုကိစ္စနှင့် ပတ်သက်၍ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ တရားခံများအပေါ် စွဲဆိုထားသည့် ပြစ်မှုအား ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၄(က)အရ ရုပ်သိမ်းခွင့်ပြုကြောင်း အမိန့်ချမှတ်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ ဂျာနယ်နှင့် သတင်းမီဒီယာများတွင် အဂတိလိုက်စားမှု ရှိနိုင်ကြောင်း သတင်းများ ပျံ့နှံ့ဖြစ်ပေါ်နေကြောင်း၊ အများပြည်သူအတွင်း ပျံ့နှံ့နေသော အထက်ပါသတင်းသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုကျူးလွန်မှုရှိကြောင်း သင်္ကာမကင်းဖွယ်ရာဖြစ်ခြင်းအတွက် ခိုင်လုံသည့် အထောက်အထားရှိနိုင်သည်ဟု ယုံကြည်ရန် အကြောင်း ပေါ်ပေါက်သဖြင့် ကော်မရှင်အဖွဲ့ဝင် အားလုံးက တညီတညွတ်တည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၃(ဂ)အရ ကျော်စောသတင်းအဖြစ် သတ်မှတ်ရန်ဆုံးဖြတ်ခဲ့ပြီး ယင်းဥပဒေပုဒ်မ ၁၇(ဈ) အရ ကော်မရှင်သို့ သတင်းပေးပို့ချက်အဖြစ် အတည်ပြုသတ်မှတ်ကြောင်း ထုတ်ပြန်အပ်သည်ဟု ဖော်ပြထားသည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး စိတ်ဝင်စားဖွယ် အချက်တစ်ချက်မှာ ပြန်ကြားရေးဝန်ကြီးဌာနပိုင် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများ၌ ဇူလိုင် ၂၇ ရက်တွင် ဥပဒေဆောင်းပါးတစ်ပုဒ်နှင့် ပြည်သူ့ကဏ္ဍဆိုသည်တို့ ပါဝင်လာခြင်းဖြစ်သည်။

အောင်ရဲထွေး၏ အမှုအားဇူလိုင် ၂၅ ရက်တွင် အမိန့်ချခဲ့ခြင်းဖြစ်ပြီး ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိလာသည်မှာ ဇူလိုင် ၂၇ ရက်မှသာဖြစ်ရာ ယင်းနေ့တွင်ပင် အဆိုပါရေးသားချက်များကို အစိုးရသတင်းစာ နှစ်စောင်တွင် ဖော်ပြလာခဲ့ခြင်းဖြစ်သည်။

ယင်းသို့အစိုးရပိုင် ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းစာများတွင် အမှုနှင့် ဆက်စပ်သည့် ဆောင်းပါးနှင့် ပြည်သူ့ကဏ္ဍများတွင် တရားခံအား ကာကွယ်သည့် သဘောရေးသားဖော်ပြခဲ့ခြင်းကြောင့် အဆိုပါအမှု၏ နောက်ကွယ်မှ ပါဝင်ပတ်သက်သူများ၏ သြဇာကြီးထွားမှုမှာ မေးခွန်းထုတ်စရာဖြစ်လာကြောင်း လူမှုကွန်ရက်တွင် ဝေဖန်လျက်ရှိသည်ကို တွေ့ရသည်။

အောင်ရဲထွေးအမှုနှင့် ပတ်သက်ပြီး အရှေ့ပိုင်းခရိုင်တရားရုံး၏ အမှုစီရင်ချက်တွင် ဖော်ပြချက်အရ တရားစွဲအဖွဲ့အစည်းမှအမှုအား ရုပ်သိမ်းရာတွင် ကန့်ကွက်မှုများရှိနေသော်လည်း တရားလိုပြသက်သေအား နည်းခြင်းကြောင့် ပုဒ်မ ၃၀၂ ဖြင့် စွဲဆိုထားသည့် ယင်းဖြစ်စဉ်ကို ရာဇဝတ်ကျင့်ထုံးပုဒ်မ ၄၉၄ (က) အရ ရုပ်သိမ်းခွင့်ပြုကြောင်း အမိန့်ချမှတ်ခဲ့ပြီး တရားခံများအား ပြန်လွှတ်ပေးကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။ အမှုအား ခရိုင်နှင့် တိုင်းဒေသကြီး ဥပဒေချုပ်ရုံးက အမှုရုပ်သိမ်းကြောင်း တင်ပြလျှောက် ထားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ချုပ် ဦးဟန်ထူးမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ အင်္ဂါစဉ်တွင် အမှတ်စဉ် ၁၁ ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၆၆ (စ) (၁) အရ တိုင်းဒေသကြီး ဥပဒေချုပ်သည် သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးချုပ်မှ တစ်ဆင့် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်ဟု ပြဋ္ဌာန်းထားပြီး အခြေခံဥပဒေအရ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်မှတစ်ဆင့်သာ သမ္မတက တာဝန်ခံရမည်ဖြစ်သည့်အပြင် ၂၆၆ (စ) (၂) အရ ပြည်ထောင်စုရှေ့နေချုပ် နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်အား တာဝန်ခံရမည်ဟု ပြဋ္ဌာန်းထားသည်။

ထို့ပြင် ပြည်ထောင်စုရှေ့နေချုပ် နည်းဥပဒေများပုဒ်မ ၁၂၄ အရ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့က အမှုရုပ်သိမ်းခြင်း ပြုသင့်သည်ဟု သဘောရရှိ၍ သဘောထားမှတ်ချက်၊ ကျိုးကြောင်း ဖော်ပြချက်များနှင့်အတူ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်ရုံး သို့ အကြောင်းကြားလျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်သည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်နှင့် ကျိုးကြောင်းဖော်ပြချက်များအရ အမှုရုပ်သိမ်းခြင်း ပြုသင့်သည်ဟု တွေ့ရှိပါက အမှုရုပ်သိမ်းခြင်းပြုရန် သက်ဆိုင်ရာ ဥပဒေရုံးသို့ ညွှန်ကြားရမည်ဟု ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရသည်။

အမှုအား အမိန့်ချမှတ်ပြီး တစ်ရက်ကျော်တွင် အစိုးရပိုင် သတင်းစာနှစ်စောင်၌ ယင်းကဲ့သို့ ဆောင်းပါးများ ထည့်သွင်းဖော်ပြနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဟန်ထူးသည် တာဝန်နှင့် အခွင့်အရေး မရှိသူဖြစ်သည်ဟု သုံးသပ်ကြပြီး ယင်းသို့လုပ်ဆောင်ရန် နောက်ကွယ်မှ စေခိုင်းညွှန်ကြားနိုင်သူ၏ သြဇာနှင့်အရှိန်အဝါမှာ မေးခွန်းထုတ်စရာဖြစ်ပြီး ၎င်းတို့အား စုံစမ်းစစ်ဆေးပေးရန် လူမှုကွန်ရက်စာမျက်နှာများတွင် ပြည်သူများက တောင်းဆိုလျက်ရှိသည်။

လူမှုကွန်ရက် စာမျက်နှာ Facebook တွင် သုံးသပ်ချက်များ ရေးသားလျက်ရှိသည့် သက္ကမိုးညိုဆိုသည့် အကောင့်မှ “ ၂၅ ရက်နေ့မှာ အမှုကို ရုပ်သိမ်းကြောင်း သိရတယ်။ ၂၇ ရက်နေ့ ကြေးမုံ သတင်းစာမှာ ဆောင်းပါးရှင် မောင်စာဂရဲ့ တရားသေ၊ တရားရှင်လွှတ်ခြင်းနဲ့ ဥပဒေဆိုပြီး ဥပဒေရေးရာကဏ္ဍသစ် ပါလာတယ်။ ၂၇ရက်နေ့ မြန်မာ့အလင်းသတင်းစာမှာပဲ ဆောင်းပါးရှင် ကျော်ဝင်းနီရဲ့ ကိုယ့်တာဝန် ကိုယ်လုပ်ပါဆိုပြီး ပြည်သူ့သ ဘောထားစင်မြင့် ကဏ္ဍသစ်ပါလာတယ်။ ကဏ္ဍသစ်နှစ်ခုစလုံးဟာ တရားခံကို လွှတ်ပစ်ခွင့်ရှိတယ်ဆိုတာကို ဥပဒေကြောင်းကနေ ထောက်ခံထားတယ်။ သေသေချာချာဖတ်ရင် ဒီကေ့စ်ကိုပဲ ရည်ညွှန်းနေတာဖြစ်တယ်။သေချာတာက စာတည်းအဖွဲ့ဟာ ဒီဆောင်းပါးတွေဟာ ရေးသားသူရဲ့ အာဘော်သာ ဖြစ်တယ်ဆိုပြီး ရေးထားကြတာပါ။ ဒါဟာ တစ်စုံတစ်ခုများ ဖြစ်လာရင် ဖွင့်ထားတဲ့ ကယ်ပေါက်တွေပါ။ ပြောချင်တာ နိုင်ငံပိုင် သတင်းစာကနေတောင် (တစ်စောင်တောင် မဟုတ်၊ နှစ်စောင်စလုံး) တရားခံကို ကာကွယ်တဲ့သဘော သက်ရောက်တဲ့ ဆောင်းပါးတွေထည့်သွင်းပေးခဲ့ရတဲ့ လက်တံရှည်မှုဟာ ဖော်ထုတ်ရမယ့်ကိစ္စ ဖြစ်သွားပါပြီ။ နောက်တစ်ချက်၊ ဦးဇော်ဌေးရဲ့ စတေးတပ်မှာ တရားလိုပြ သက်သေ ၂၂ ဦးရှိတဲ့အထဲမှာ ၁၄ ဦးပဲ စစ်ရ သေးတာကို ကျန်သက်သေတွေ မစစ်ဘဲ ကျေအေးခွင့် ပေးလိုက်တယ်ဆိုတာ ထပ်တွေ့ပါတယ်။ ဒါဆိုရင် တရားလိုပြသက်သေ မစုံခင် ကျေအေးခွင့် တင်ခဲ့တဲ့ ခရိုင်ဥပဒေချုပ်၊ ကျေအေးခွင့် ပြုခဲ့တဲ့ တရားသူကြီးတွေကို သေသေချာချာစစ်ဆေးဖို့ လိုနေပါပြီ။ပြည်သူလိုချင်တာ အမှုပြန်စစ်တာတင် မကတော့ပါဘူး။ နောက်ကွယ်က တစ်စုံတစ်ရာရှိနေမှန်း သေချာနေရဲ့နဲ့ အမှုလေး ပြန်စစ်လိုက်ကွာ ဆိုပြီး လေပြေထိုးသလို လုပ်တာကိုပါ မကျေနပ်တာ။ ဆက်စပ်ကိစ္စတွေပါ ဖေါ်ပေးစေချင်ပါတယ်။ သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ကျေနပ်ရုံဆိုတာထက် ဒါဟာ Corruption ကို တိုက်ဖျက်မယ်လို့ ကြွေးကြော်လာတဲ့ အစိုးရ ရဲ့ စွမ်းရည်ကိုပါ စစ်ဆေးတဲ့ပွဲ ဖြစ်လာပါလိမ့်မယ်’ ဟု ရေးသားထားသည်ကို တွေ့ရသည်။

အစိုးရပိုင်သတင်းစာတွင် ယင်းကဲ့သို့အမှုမှာ သက်သေမခိုင်လုံခြင်းကြောင့် လွှတ်ပေးလိုက်သည်ဟု နှပ်ကြောင်းပေး ရေးသားဖော်ပြခဲ့ခြင်းမှာ စာနယ်ဇင်းကျင့်ဝတ်ကိုလည်း ချိုးဖောက်ရာရောက်ကြောင်း အပတ်စဉ်သတင်းဂျာနယ်များတွင် ဆောင်းပါးများ ရေးသားလျက်ရှိသည့် မြန်မာနိုင်ငံစာရေးဆရာ သမဂ္ဂမှ ဆရာထက်မြက်က ပြောကြားသည်။

“ စာနယ်ဇင်းဆိုတာ အမှန်တရားဘက်က ရပ်တည်ရမယ်။ အမှုက လူလယ်ကောင်မှာ ရိုက်သတ်ခံရတဲ့အမှု။ အဲဒါကို ပြန်လွှတ်ပေးလိုက်တယ်။ ဒါကြောင့် ပြန်စစ်တယ်။ အဲဒီအချိန်မှာ လူသတ်မှုဆိုတာ သက်သေမခိုင် လုံလို့ ပြန်လွှတ်ပေးလိုက်တယ်ဆိုတဲ့ နှပ်ကြောင်းပေး ရေးသားချက်က ပြည်သူကို အဆိပ်ခွက်တိုက်လိုက်တာ။ အရာရာပြီး ပြည့်စုံတဲ့ ဥပဒေဆိုတာမရှိဘူး။ အဲဒါကြောင့် ပြင်သင့်တာတွေကို ပြင်ပါဆိုပြီး တောက်လျှောက်ဝေဖန်တာတွေလုပ်ခဲ့တာ။ ကိုင်စွဲပြီး ပြောနေတဲ့ဥပဒေဆိုတာ ဘယ်လောက်အထိ တရားမျှတမှုရှိသလဲဆိုတာ ဘယ်လိုတိုင်းတာမလဲ” ဟု ဆရာထက်မြက်က ပြောကြားသည်။

နိုင်ငံပိုင်သတင်းစာများတွင် ဥပဒေအကြောင်းနှင့် ပတ်သက်ပြီး ရေးသားနေသည့် မောင်စာဂဆိုသူမှာ ယခင်အစိုးရလက်ထက်နှင့် လက်ရှိအစိုးရလက်ထက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့တွင် တာဝန်ယူထားသူတစ်ဦးဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျက်သည်။

အဆိုပါ ဆောင်းပါးရှင် မောင်စာဂဆိုသူ မှာ အစိုးရပိုင်သတင်းစာများတွင် ဥပဒေအကြောင်းနှင့် ပတ်သက်ပြီး ရေးသားနေသူတစ်ဦးဖြစ်သည်ကို တွေ့ရပြီး ဇန်နဝါရီ ၂၂ ရက်တွင် လူအများဝေဖန်မှုမြင့်တက်ခဲ့သည့် ‘အစိုးရကို အကြည်ညိုပျက်အောင်ပြုမှုဟူ သည်’ ဆောင်းပါး ရေးသားခဲ့သူလည်းဖြစ်သည်။

ယင်းဆောင်းပါးရေးသားချိန်တွင် ရခိုင်အမျိုးသားပါတီမှ အမ်းမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီးထား ပြီး တစ်ပတ်ခန့်အကြာတွင် ရေးသားခဲ့ခြင်း ဖြစ်သည်ကို တွေ့ရသည်။

ယင်းသို့ရေးသားခဲ့ခြင်းမှာ အာဏာရှင်စနစ်တွင် အစိုးရအကြိုက်လိုက် ရေးသားမှုများဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်သို့ သွားနေသည့်အချိန်တွင် ယခုကဲ့သို့ ရေးသားမှုများမှာ ပြည်သူကို ခြိမ်းခြောက်နေခြင်းပင်ဖြစ် ကြောင်း ပြည်သူများက ဝေဖန်ခဲ့ခြင်းဖြစ်သည်။

“ ဒီလိုခေတ်မှာ အချိန်ကိုက်ရေးသားတာကတော့ အာဏာရှင်ဖြစ်အောင်လုပ်နေသလိုပဲ။ အဲဒီတုန်းကလည်း ဝေဖန်ခဲ့တယ်။ ဒီမိုကရေစီခေတ်မှာ လူတွေကို အကြောက်တရား ခေါင်းထဲကို ရောက်အောင် ရိုက်သွင်းပေးနေ သလိုဖြစ်လို့ ရေးခဲ့တာ” ဟု စာရေးဆရာ ဦးထက်မြက်က ပြောကြားသည်။

ထိုသို့ ဝေဖန်မှုများရှိနေသည့်အချိန်တွင် သြဂုတ် ၄ ရက်ထုတ် အစိုးရပိုင် သတင်းစာ ဖြစ်သည့် ကြေးမုံသတင်းစာတွင်  စောညီရေးသားသည့် ‘ မဆိုင်တာကို ဆိုင်သယောင်ဆွဲထည့်သည့် အရှုပ်ထုပ်ကို ဖြေပြခြင်း’ ဆိုသည့် ဆောင်းပါးတစ်ပုဒ် ထပ်မံဖော်ပြခဲ့သည်။

ယင်းဆောင်းပါးအား နှစ်ရက်ဆက်ဖော် ပြခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၄ ရက်တွင် ရေးသား ထားသည့်အကြောင်းအရာများမှာ ကျော်ဝင်းနီ၏ ‘ ကိုယ့်တာဝန် ကိုယ်လုပ်ပါ’ ဆိုသည့် ဆောင်းပါးအား ဝေဖန်နေသူများကို တုံ့ပြန်ရေးသားခဲ့ခြင်းဖြစ်သည်။

ဆောင်းပါးတွင် ပါဝင်သည့် ရေးသားချက်အချို့မှာ ‘ သတင်းစာတိုက်မှာ စာတည်းအဖွဲ့ရှိပြီး စာတည်းအဖွဲ့ရဲ့ ရွေးချယ်မှု အများစုနဲ့ သတင်းတွေ ရွေးချယ်မယ်၊ ဆောင်းပါးတွေ ရွေးချယ်မယ်၊ ခေါင်းကြီးတွေ ရေးသားမယ်ဆို တာ လုပ်ရိုးလုပ်စဉ် ပုံမှန်ဆိုတာကို မသိတာ၊ အသိလွန်တာတွေ တွေ့ကြရတယ် မဟုတ် လား ကိုဒင်။ လွတ်လပ်စွာ လုပ်ကိုင်ခွင့်မရှိဘူး ဆိုတဲ့ ဟိုးတစ်ချိန်က သူတို့သိမီလိုက်တဲ့ ကာလတွေနဲ့ ယှဉ်တွေးပြီး ပြောနေဆိုနေကြတာလည်း ရှိတာပေါ့ ကိုဒင်။ တစ်ခါတလေ သတင်းစာမှာပါတဲ့ ဆောင်းပါးတစ်ပုဒ်တစ်လေနဲ့ ပတ်သက်ပြီး မဆီမဆိုင် အမနာပ စွပ် စွဲရေးသား၊ သွားပုပ်လေလွင့် ပြောနေဆိုနေကြတာကို တွေ့ရလို့ သူတို့တွေရဲ့ ရွှေဉာဏ်တော်ကို လေးစားရမလား၊ အံ့သြရမလားမသိ ဖြစ်ရတာလည်း အမှန်ပါ။ အခုရက်ဆို ကိုဒင် လည်း အွန်လိုင်းမှာရော၊ ပုံနှိပ်စာမျက်နှာထက်မှာရော သရုပ်ဆောင်အောင်ရဲထွေး အမှုနဲ့ ပတ်သက်ပြီး ရေးကြသားကြတာ တွေ့မိမှာပါ။ ဒါနဲ့ ပတ်သက်ပြီး မဆီမဆိုင် ဘယ်လိုမှပတ်သက်ဆက်စပ်လို့ မရတဲ့ မြန်မာ့အလင်းနဲ့ ကြေးမုံမှာပါတဲ့ ဆောင်းပါးနှစ်ပုဒ်ကို လိုသလို ဆွဲယူပြီး ရေးကြသားကြတာကို စရေးကြက တည်းက ဖတ်ရပါတယ်။ ဒါက ဉာဏ်ရည်မြင့်တဲ့ စာဖတ်သူတွေ၊ ထဲထဲဝင်ဝင် ဖတ်ရှုလေ့လာတဲ့သူတွေဆိုရင် ဒီဆောင်းပါးနှစ်ပုဒ်က ဘာကို ဆိုလိုတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်ရဖတ်ရမှာပါ’ ဟု ရေးသားထားသည် ကို တွေ့ရသည်။

ထို့ပြင် ‘ အောင်ရဲထွေးကို လွှတ်တာနဲ့ ပတ်သက်ပြီးဖြစ်ဖြစ်၊ လွှတ်လို့ရတယ်ဆိုပြီး တော့ဖြစ်ဖြစ်၊ လွှတ်တာ မှန်တယ်ဆိုပြီးဖြစ် ဖြစ် တစ်စွန်းတစ်စရေးသားထားတာ တစ်လုံးတစ်ပါဒမှ မပါပါဘူး။ သူတို့ရဲ့ ရွှေဉာဏ်တော် နဲ့ ဘယ်လိုက ဘယ်လိုဆက်စပ်လိုက်တယ်ဆိုတာ စဉ်းစားလို့တောင် မရပါဘူး။ သေချာတာတစ်ခုက အနုလုံ ပဋိလုံ ဖတ်ရှုပြီး စဉ်းစားတာမျိုး လုံးဝမဟုတ်ဘဲ လက်ညှိုးထိုး ပြစ်တင်ချင်ဇော၊ အပြစ်ပုံချချင်ဇော၊ လိုရာဆွဲယူချင် ဇောနဲ့ ဆက်စပ်ပစ်လိုက်တာပဲ ဖြစ်မယ်လို့ ထင်မိတယ်။ ဒါက မြန်မာ့အလင်းမှာပါတဲ့ ကျော်ဝင်းနီရဲ့ ဆောင်းပါးနဲ့ ပတ်သက်ပြီး ပြောပြတာပါ’ ဟု ရေးသားဖော်ပြထားသည် ကို တွေ့ရသည်။

ထို့ပြင် မောင်စာဂဆိုသည်မှာ အစိုးရပိုင်သတင်းစာတွင် ဥပဒေအကြောင်းများ ပုံမှန်ရေးသားနေသူဖြစ်ပြီး သောကြာနေ့တိုင်းတွင် ၎င်း၏ ဆောင်းပါးများကို အပတ်စဉ် ဖော်ပြခဲ့ခြင်းဖြစ်သည်ဟု ရေးသားထားသည်။

သို့သော် ၎င်း၏ ဥပဒေ ဆောင်းပါးများအနက် ပြည်သူများက ဝေဖန်ခဲ့သည့် ‘ အစိုးရကို အကြည်ညိုပျက်အောင်ပြုမှုဟူသည်’ ဆိုသည့် ဆောင်းပါးအား ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၂ ရက် တနင်္လာနေ့တွင် အစိုးရပိုင် သတင်းစာနှစ်စောင်လုံးတွင် ထည့်သွင်း ဖော်ပြခဲ့သည်ကို တွေ့ရသည်။

ယင်းအချိန်ကလည်း အဆိုပါ ဆောင်းပါးမှာ သတင်းစာနှစ်စောင်စလုံးတွင် ဖော်ပြခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတွင် လူသတ်မှုနှင့် ပတ်သက်ပြီး ဆောင်းပါးနှစ်ပုဒ် တစ်ရက်တည်း ပါဝင်လာခြင်းမှာ မေးခွန်းထုတ်စရာဖြစ်သည်။

ယင်းသို့ ရေးသားအပြီးတွင် အွန်လိုင်းစာမျက်နှာများတွင်သာမက အများပြည်သူများအကြားတွင်လည်း ဝေဖန်မှုများ မြင့်တက်လာခဲ့သည်ကို တွေ့ရသည်။

“ အမှုက နိုင်ငံတော်သမ္မတကတောင် သူရှေ့နေဘဝထဲကနေ အခုထိ အဲဒီလိုအဖြစ်မျိုး (အောင်ရဲထွေးအမှုအား ဆိုလိုခြင်းဖြစ်) မတွေ့ဘူးလို့ ပြန်စစ်ခိုင်းတဲ့အချိန်မှာ ဒီလို ဆောင်းပါးမျိုးထည့်တာကတော့ မေးခွန်းတွေ ကပေါ်လာပြီ။ ကိုဖေမြင့် သိမသိဆိုတာကိုတော့ မမေးချင်ဘူး။ အစိုးရသွားနေတဲ့ တရားဥပဒေစိုးမိုးရေး ပေါ်လစီဆိုတာနဲ့ကတော့ တလွဲတွေဖြစ်နေပြီ။ အဲဒီဆောင်းပါးက အခုလို အချိန်တွေမှာ ဖော်ပြတာက လူသတ်မှုကို ကျူးလွန်လို့ရတယ်။ သက်သေသာမရှိစေနဲ့ဆိုတဲ့ သဘောမျိုးပဲ။ နောက်ပြီး အစိုးရပိုင် သတင်းစာက ပြည်သူ့ငွေနဲ့ ထုတ်တာ။ ပြည်သူတွေအတွက် အခုလိုဖော်ပြတာက အကျိုးမရှိဘူး။ ပြည်သူတွေက လက်မခံဘူး။ သမ္မတက အစပေါ့။ ပြောနေတဲ့အချိန်မှာ တန်ပြန် ဆောင်းပါးကို ထပ်ထည့်တာကတော့ တော်တော်လွန်တယ်။ အယ်ဒီတာချုပ်ကအစ ဘယ်လိုစဉ်းစားတွေးခေါ်သလဲဆိုတာ မေးရမယ်။ တစ်ဆင့်ထပ်ပြောရမယ်ဆိုရင် ဝန်ကြီးအထိပါ တာဝန်ရှိတယ်” ဟု စာရေးဆရာ ဦးထက်မြက်က ပြောကြားသည်။

အွန်လိုင်းတွင် အတွေးအခေါ်နှင့် အစိုးရအား ဝေဖန်ထောက်ပြနေသည့် သက္ကမိုးညို ဆိုသည့်အကောင့်တွင် ‘ အခုဖော်ပြတဲ့ ကျော်ဝင်းနီရဲ့ ဆောင်းပါးက ပေးချင်တဲ့ မက်ဆေ့ချ်ဟာ တရားစွဲခံရတိုင်း ထောင်ကျမှာ မဟုတ် ဘူး။ သက်သေခိုင်လုံမှ ကျမှာဆိုတဲ့ မက်ဆေ့ချ် ပါ။ ဒီတော့ မပြေးသော်လည်း ကံရာရှိ အချိန် ကိုက်လွန်းနေပါတယ်။ လွယ်ပါတယ်။ ကြေးမုံ နဲ့ မြန်မာ့အလင်းမှာ ရှေ့ငါးလအတွင်း တရားရေး ဆောင်းပါး ဘယ်နှပုဒ်ပါသလဲ။ ပါတာကလည်း တရက်ထဲမှာ တစ်ပြိုင်နက်ဟုတ်မဟုတ် ပြန်ရှာလိုက်ရင် သွယ်ဝိုက် သက်သေအနေနဲ့ တွက်ဆလို့ ရမှာပါ။ နောက်တစ်ခု ကဟုတ်သည်ဖြစ်စေ မဟုတ်သည် ဖြစ်စေ ပြည်သူအများစု ယူဆချက် (နိုင်ငံတော်သမ္မတကြီးအပါအဝင်) ကို ဒီလို သွားပုပ်လေလွင့်၊ အမနာပစတဲ့ စော်ကားတဲ့ စကားလုံး တွေနဲ့ ပြင်းပြင်းထန်ထန် တုံ့ပြန်ရေးသားတဲ့ အခု ဆောင်းပါးရှင်ကို ရှုတ်ချပါတယ်။ ထည့်ပေးတဲ့ စာတည်းကစလို့ ပြန်ကြားရေးဝန်ကြီး အထိ ရှုတ်ချပါတယ်’ ဟု ရေးသားထားသည်ကို တွေ့ရသည်။

ပြည်တွင်းသတင်းမီဒီယာများ အခြေအနေမကောင်းသည့်အချိန်တွင် နှစ်စဉ်မြန်မာနိုင်ငံ၏ ဘတ်ဂျက်တွင် သုံးနှစ်ဆက်တိုးမြှင့်တောင်းခံထားသည့် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများက ပေးသည့် ငွေဖြင့် ပြည်သူများကို စောင်းချိတ်ရေးသားသည့် အပေါ် ဝေဖန်မှုများလည်း မြင့်တက်လျက်ရှိ သည်ကို တွေ့ရသည်။

စာရေးဆရာ သွန်းနေစိုးကလည်း သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ‘ကြေးမုံနဲ့ မြန်မာ့အလင်းဟာ မောင်စာဂတို့ ကျော်ဝင်းနီ တို့လူတစ်စု ပိုင်တာလား၊ အောင်ရဲထွေးသတ်မှု တရားခံတွေလွတ်လာတော့ မောင်စာဂတို့ ကျော်ဝင်းနီတို့က ဖာတဲ့စာရေးတယ်။ ဒါကို ပြည်သူတွေ ဝိုင်းပြောတယ်။ အခု ထပ်ပြီးအဲဒီ လို ပြောသူတွေကို အပြစ်တင် စောင်းချိတ်တဲ့ ဆောင်းပါးထပ်ပါလာတယ်။ နေစမ်းပါဦး ကြေးမုံနဲ့ မြန်မာ့အလင်းဟာ ပြည်သူ့ပိုက်ဆံ တွေနဲ့ပြည်သူကိုစော်ကားဖို့ ထုတ်နေတဲ့ သတင်းစာလား’ ဟု ရေးသားထားသည်ကို တွေ့ ရသည်။

အောင်ရဲထွေးအမှုမှာ အဂတိလိုက်စားနိုင်သည်ဆိုသည့် သံသယဖြစ်ဖွယ်ရာအခြေ အနေများရှိကြောင်း သတင်းစာနှင့် မီဒီယာများတွင် ဖော်ပြခြင်းကြောင့် ကျော်ဇောသတင်းအဖြစ် သတ်မှတ်ကာ အဂတိလိုက်စားမှု ကော်မရှင်ကလည်း စုံစမ်းစစ်ဆေးမှုများကို စတင်ပြုလုပ်နေပြီဖြစ်သည်။

ယင်းသို့စစ်ဆေးရာတွင် အမှုနှင့် ပတ် သက်ပြီး နောက်ကွယ်တွင် ဆက်စပ်ပတ်သက်နိုင်သည့် အခြေအနေများကိုပါ စုံစမ်းစစ်ဆေးရန် နိုင်ငံတော်သမ္မတက ညွှန်ကြားထားချက် နှင့်အညီ စစ်ဆေးမည်ဖြစ်သည်။

ထိုသို့ အစိုးရပိုင် သတင်းစာများတွင် အမှုနှင့် သက်ဆိုင်ခြင်းမရှိဟု ပြန်လည်ဖြေ ရှင်းထားသော်လည်း အများပြည်သူ၏ ငွေကြေးနှင့် ထုတ်ဝေထားသည့် သတင်းစာများတွင် ယင်းကဲ့သို့ ဖော်ပြမှုကြောင့် အဂတိလိုက် စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သင့်ကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။

ပြန်ကြားရေးဝန်ကြီးဌာနပိုင် MOI Webportal Myanmar ၏ Facebook စာမျက်နှာ၌ စောညီ၏ ဆောင်းပါးအား ဖော်ပြထားသည့် Post အောက်တွင် သန်းဌေးဆိုသည့် အကောင့်ပိုင်ရှင်က ‘ တိုင်းသူပြည်သားများ ပိုင်ဆိုင်သော ဘဏ္ဍာငွေများဖြင့် အများပြည်သူ ဝန်ဆောင်မှု မီဒီယာအဖြစ် ဂုဏ်ယူ ထုတ်ဝေနေသော နိုင်ငံပိုင်သတင်းစာများနှင့် အင်တာနက်စာမျက်နှာများ(MOI-Webportal Myanmar) ဖေ့စ်ဘွတ်၊ ဝက်ဘ်ဆိုက် ပေါ်တွင် ပြည်သူများကို ရန်ပြုတိုက်ခိုက်သည့် အရေးအသားဖြင့် အထက်ပါ ထင်မြင်ချက်များ ရေးသားခဲ့သူ ဆွေညီအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူပေးရန်နှင့် စစ်ဆေးခံသင့်သော အမှုတွဲစာရင်းတွင် ထည့်သွင်းရန် ရှိ၊မရှိ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့် အကြောင်းပြန်ပေးပါရန်မေတ္တာရပ်ခံပါသည် ခင်ဗျ...(ပုံ -တရားဥပဒေ စိုးမိုးရေးကို လိုလားသော မြန်မာပြည်သူများကိုယ်စား)’ ဟု ရေးသားခဲ့သည်။

အဂတိလိုက်စားမှုဆိုသည်မှာ ငွေကြေးယူမှသာ အဂတိလိုက်စားမှုမြောက်သည် မဟုတ်ဘဲ မတော်မတရားပြုလုပ်သည်ကို သိမြင်နေပြီး လုပ်သင့်သည့်အလုပ်ကို မပြုလုပ်ခြင်း၊ မလုပ်သင့်သည့် အလုပ်ကို လုပ်ခြင်းများမှာလည်း ပါဝင်သည်။

၂၀၁၆ ခုနှစ် မတ် ၂၈ ရက် နံနက် ၁၁ နာရီခွဲတွင် နေပြည်တော် ပြည်ထောင်စု လွှတ်တော် ဇမ္ဗူသီရိခန်းမဆောင်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိလာပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် အဂတိတရားလေးပါးကင်းကင်းဖြင့် အလုပ်လုပ်ကြရန် ပြောကြားခဲ့သည်။

အဂတိတရားလေးပါးမှာ ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ ဘယာဂတိ၊ မောဟာဂတိတို့ ဖြစ်ပြီး ယင်းအဂတိတရားများ ကင်းရှင်းမှသာ တရားဥပဒေစိုးမိုးရေးအတွက်အထောက်အကူပြုမည်ဖြစ်သည်။

နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်နှင့်အညီ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကလည်း အောင်ရဲထွေးအမှုနောက်ကွယ်တွင် ကြိုးကိုင်ခြယ်လှယ်ထားသည့် နောက်ကွယ်မှလူများကို ဖော်ထုတ်ရမည်ဖြစ် ပြီး အရေးယူမှုများကိုလည်း ပွင့်လင်းမြင်သာစွာ ကြေညာနိုင်ရန် လိုအပ်မည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက တရားဥပဒေစိုးမိုးရေးမှာ နံပါတ် (၁) အဖြစ် ကြွေးကြော်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရည်မှန်းချက်များ ပြည့်ဝနိုင်မည် မဟုတ်ပေ။ ယင်းအပြင် အောင်ရဲထွေးအမှုမှာ လူသေမှု မဟုတ်ဘဲ လူအများစုမြင်ကွင်းတွင် ရိုက်နှက်ခံရပြီး အသတ်ခံခဲ့ရခြင်းဖြစ်ပြီး ယခုကဲ့သို့ အမှုမှကွင်းလုံးကျွတ် လွတ်မြောက်မှုနှင့် ပတ်သက်ပြီး အမှန်တရားပေါ်ပေါက်စေရန်နှင့် ထိုက်သင့်သောပြစ်ဒဏ်များကို ချမှတ်ပေးရန် ပြည်သူအများက တောင်းဆိုလျက်ရှိသည်။

ထို့ပြင် အဂတိလိုက်စားမှုကော်မရှင်အနေဖြင့်လည်း အမှု၏နောက်ကွယ်တွင်ရှိနိုင်သူများ၊ အမှုအပေါ် ကြိုးကိုင်ခြယ်လှယ်နေသူ များကိုလည်း စနစ်တကျဖော်ထုတ်ကာ အရေးယူနိုင်ရန် လုပ်ဆောင်ရန်လိုအပ်ပြီး လုပ်ဆောင်မှုများကိုလည်း အများပြည်သူ ပွင့်လင်းမြင်သာစွာချပြနိုင်ရန် လိုအပ်လျက်ရှိသည်။

 

Most Read

Most Recent