ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ပြီးဆုံးပြီးနောက် ကဏ္ဍငါးခုမှအချက်ပေါင်း ၁၄ ချက်ကို ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်း (၂) အဖြစ် သဘောတူလက်မှတ်ရေးထိုးခဲ့ကြ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ပြီးဆုံးပြီးနောက် ကဏ္ဍငါးခုမှအချက်ပေါင်း ၁၄ ချက်ကို ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်း (၂) အဖြစ် သဘောတူလက်မှတ်ရေးထိုးခဲ့ကြ
Published 17 July 2018

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၂ )ကို အစုအဖွဲ့အသီးသီးမှ တာဝန်ရှိသူများက ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေး၌ လက်မှတ်ရေးထိုးနေစဉ် (ဓာတ်ပုံ-မောင်ထူး)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်အထိ ပြုလုပ်ခဲ့ပြီး အစည်းအဝေး နောက်ဆုံးနေ့တွင် ယခုအစည်းအဝေးက အတည်ပြုထားသည့် အခြေခံမူများအား ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်း (၂) အဖြစ် အစုအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များက သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

ယခုအစည်းအဝေးတွင် အစီအစဉ်အရ ညီလာခံသဘာပတိအဖွဲ့၏ ဦးဆောင်သဘာ ပတိဖြစ်သူ ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုတိယ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံရေးကဏ္ဍအခြေခံမူ အဆိုပြုချက် လေးချက်ကို တပ်မတော်အစု အဖွဲ့ကိုယ်စား UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)က တင်သွင်းခဲ့ပြီး အဆိုပါ အခြေခံမူများမှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကို တည်ဆောက်ရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ ကျား၊ မဆိုင်ရာ လိင်ကွဲပြားမှုကို အခြေခံသော ခွဲခြားဆက်ဆံခြင်း မရှိစေရေးနှင့်တန်းတူညီမျှမှု ရှိစေရေးအတွက် မူဝါဒချမှတ်ရန်၊ ကဏ္ဍအသီးသီးတွင် အမျိုးသမီးများအနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ရေးကို အားပေးရန်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကို တည်ဆောက်ရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ကျား၊ မ ရေးရာအခြေပြု အကြမ်းဖက်မှုများအား ကာကွယ်နိုင်သည့် မူဝါဒများကိုချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ကျား၊ မ ဆိုင်ရာ တန်းတူညီမျှမှုကို အထောက်အကူပြုစေရန် အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန်ဟူသော အချက်များ ဖြစ်သည်။

ဆက်လက်၍ စီးပွားရေးကဏ္ဍ အခြေခံအဆိုပြုချက်တစ်ချက်ကို အစိုးရအစုအဖွဲ့ ကိုယ်စား UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေက တင်သွင်းခဲ့ပြီး အဆိုပါအခြေခံမူမှာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများသည် မိမိတို့ တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်းရှိ အများပြည်သူ အကျိုးစီးပွားများအတွက် ဦးစားပေး အကောင်အထည်ဖော် လုပ်ဆောင်နိုင်ရန် စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးရေးမူဝါဒများနှင့် စီမံကိန်းများကို ရေးဆွဲချမှတ်ဖော်ဆောင်ခွင့်ရှိရမည်။ ထိုသို့ ရေးဆွဲရာတွင် ပြည်ထောင်စုစီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးရေးမူဝါဒနှင့် စီမံကိန်းများကို သဟဇာတ ဖြစ်စေရေးနှင့်ဆက်စပ်သော အခြားတိုင်းဒေသကြီး၊ ပြည်နယ်များ၏ အကျိုးစီးပွားကို ထိခိုက်မှုမရှိစေရေး ထည့်သွင်းစဉ်းစားရန်ဟူသော အချက်ဖြစ်သည်။

ဆက်လက်၍ လူမှုရေးကဏ္ဍအခြေခံမူ အဆိုပြုချက်ခုနစ်ချက်ကို လွှတ်တော်အစု အဖွဲ့ကိုယ်စား UPDJC  အတွင်းရေးမှူးအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက တင်သွင်းခဲ့ပြီး အဆိုပါ အခြေခံမူများမှာ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေး၊ လူမှုဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား ဆောင်ရွက်ရာတွင် ဆုံးဖြတ်ချက်ချသည့်အဆင့် တိုင်းနှင့် အကောင်အထည်ဖော်မှု အဆင့်တိုင်းတွင် အမျိုးသမီးများ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ လူတိုင်း လက်လှမ်းမီလွှမ်းခြုံနိုင်သော အားလုံးအကျုံးဝင် ပညာရေးစနစ် ဖော်ဆောင်ရန် စသည့်အချက်များ ဖြစ်သည်။

ဆက်လက်၍ မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍ အခြေခံမူ အဆိုပြုချက်နှစ်ချက်ကို တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့များကိုယ်စား UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ပအိုးဝ်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဒုတိယဥက္ကဋ္ဌ ခွန်မြင့်ထွန်းက တင်သွင်းခဲ့ပြီး အဆိုပါ အခြေခံမူများမှာ နိုင်ငံအတွင်းရှိ မြေယာများကို နိုင်ငံသားများသာ ပိုင်ဆိုင်ခွင့်ရှိပြီး နိုင်ငံခြားသားနှင့် တရားမဝင် နေထိုင်သူများအား တိုက်ရိုက်ဖြစ်စေ ၊ သွယ်ဝိုက်၍ဖြစ်စေ ပိုင်ဆိုင်ခွင့်မရှိစေရ စသည့်အချက်များ ဖြစ်သည်။

ထို့နောက် အစုအဖွဲ့အသီးသီးက တင်သွင်းခဲ့သော ကဏ္ဍအလိုက် အခြေခံမူအဆိုပြုချက်များကို အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်များ အစုအဖွဲ့နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့မှ ကိုယ်စားလှယ်များက ထောက်ခံကြောင်း အဆိုတင်သွင်းခဲ့ကြပြီး ဦးဆောင်သဘာပတိဖြစ်သူ ပဒိုစောကွယ်ထူးဝင်းက အဆိုပြု အခြေခံမူများကို အတည်ပြုကြောင်း ကြေညာခဲ့သည်။

အစီအစဉ်အရ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ ((UPDJC) က တင်သွင်းလာသော စာတမ်းများအား မှတ်တမ်းတင်နိုင်ရန် အဆိုပြုတင်သွင်းခြင်း၊ ဦးဆောင်သဘာပတိ ပဒိုစောကွယ်ထူးဝင်းက ယင်းစာတမ်းများအား မှတ်တမ်းတင်ကြောင်း ကြေညာခြင်းတို့ ဆောင်ရွက်ခဲ့သည်။

ထို့နောက် အစိုးရအစုအဖွဲ့ကိုယ်စား ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ လွှတ်တော်အစုအဖွဲ့ကိုယ်စား ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုး၊ တပ်မတော်အစုအဖွဲ့ကိုယ်စား ဗိုလ်ချုပ်စန်းမြင့်၊ တိုင်းရင်းသားလက်နက်ကိုင်များ အစုအဖွဲ့ကိုယ်စား ချင်းအမျိုးသားတပ်ဦး ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စား ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေတို့က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေးက အတည်ပြုထားသည့် အခြေခံမူများကို ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်း (၂) အဖြစ် အတည်ပြုသဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

ထို့နောက် ဦးဆောင်သဘာပတိဖြစ်သူ ပဒိုစောကွယ်ထူးဝင်းက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံတတိယ အစည်းအဝေး၏ သဘောထားထုတ်ပြန်ချက်ကို ဖတ်ကြားကြေညာခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခုအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေး နှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် အစီအစဉ်အရ သဘာပတိဖြစ်သူ လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးအောင် မြင်ပြီးမြောက်ကြောင်း ကြေညာကာ အခမ်းအနား ပြီးဆုံးခဲ့သည်။

 

Most Read

Most Recent