မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နေပြည်တော်မှ ပြန်လည်ထွက်ခွာ

မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နေပြည်တော်မှ ပြန်လည်ထွက်ခွာ
Published 14 July 2018

ခေတ္တတည်းခိုသည့် ဟိုတယ်မှ ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေသည့် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်အချို့အား တွေ့ရစဉ် (ဓာတ်ပုံ - မင်းနိုင်စိုး)

နေပြည်တော်တွင် ပြုလုပ်လျက်ရှိသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးသို့ တက်ရောက်လာသော မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် ဇူလိုင် ၁၄ ရက်တွင် နေပြည်တော်မှ ပြန်လည်ထွက်ခွာ သွားပြီဖြစ်သည်။

အကြီးအကဲတချို့၏ ကျန်းမာရေး မကောင်းမှုကြောင့် သတင်းစာရှင်းလင်းပွဲ မပြုလုပ်ရခြင်းဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆက်ရှိနေမည် ဖြစ်သည့်အတွက် (အစိုးရ၊ တပ်မတော်နှင့်တွေ့ဆုံရန်) ပြန်လာမည်ဟု ဗိုလ်ချုပ်ဂွန်မော်က ပြောကြားသည်။

''ဝ'' အဖွဲ့ (UWSP/UWSA)၊ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (KIO/KIA)၊ ကိုးကန့် လက်နက်ကိုင်အဖွဲ့ (MNDAA)၊ တအန်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့သည်  နေပြည်တော်တွင် ခေတ္တတည်းခို နေထိုင်သည့် Horizon Lake View ဟိုတယ်မှ မွန်းလွဲပိုင်းတွင် နေပြည်တော်မှ တရုတ်နိုင်ငံ ကူမင်းမြို့သို့ တိုက်ရိုက်လေကြောင်းဖြင့် ထွက်ခွာသွားခြင်းဖြစ်သည်။

ထို့ပြင် မိုင်းလားအဖွဲ့ (NDAA) သည် မြောက်ပိုင်းမဟာမိတ် နေပြည်တော်မှ ဇူလိုင် ၁၄ ရက် နံနက်ပိုင်းတွင် ပုဂံသို့ ကားဖြင့်လည်းကောင်း၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)သည် ၎င်းတို့၏ ဌာနချုပ်သို့ ဇူလိုင် ၁၄ ရက်တွင်ပင် ကားလမ်းခရီးဖြင့် လည်းကောင်း အသီးသီး ပြန်လည်ထွက်ခွာသွားသည်။

မြောက်ပိုင်း မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များတွင် ''ဝ'' အဖွဲ့ (UWSP/UWSA)၊ ကချင်အဖွဲ့ (KIO/KIA) မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့သည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇူလိုင် ၁၁ ရက်တွင် လည်းကောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဇူလိုင် ၁၂ ရက်တွင်လည်းကောင်း တွေ့ဆုံခဲ့ကြသည်။

ကိုးကန့်အဖွဲ့ (MNDAA)၊ တအန်းအဖွဲ့ (TNLA)၊ ရခိုင်အဖွဲ့ (AA) တို့သည် ဇူလိုင် ၁၁ ရက်တွင် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် လည်းကောင်း ဇူလိုင် ၁၂ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်န်းစုကြည်နှင့် လည်းကောင်း တွေ့ဆုံခဲ့ကြသည်။

အစိုးရအကြီးအကဲ၊ တပ်မတော်အကြီးအကဲများနှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အဆိုပါ တွေ့ဆုံမှုများတွင် ပြည်တွင်းငြိမ်းချမ်းရေး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent