IS အဖွဲ့သည် အရှေ့အလယ်ပိုင်းဒေသ၌ ချေမှုန်းခံရသော်လည်း အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် ဆိုက်ဘာတိုက်ခိုက်မှုများအပြင် IS အဖွဲ့၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရကြောင်း စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ဧပြီ ၂၈ ရက် အာဆီယံထိပ်သီးဆွေးနွေးပွဲ အဖွင့်မိန့်ခွန်း၌ သတိပေးခဲ့သည်။
လူဦးရေ သန်း ၆၅၀ ခန့်ရှိပြီး နိုင်ငံပေါင်း ၁၀ နိုင်ငံပါဝင်သည့် အာဆီယံဒေသ၏ အစိတ်အပိုင်းများသည် အစ္စလာမ္မစ်အကြမ်းဖက်မှုနှင့် ပတ်သက်၍ ကာလကြာရှည်စွာ ရုန်းကန်ခဲ့ရပြီး IS အဖွဲ့ပေါ်ထွန်းလာမှုက အစွန်းရောက်များနှင့် ပြန်လည်အားကောင်းလာသော အစွန်းရောက်အုပ်စုများ စုစည်းရန် အချက်တစ်ချက်ဖြစ်လာခဲ့သည်။
၂၀၁၆ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာတွင် လူအသေအပျောက်များ ဖြစ်ပေါ်ခဲ့သော အသေခံဗုံးခွဲတိုက်ခိုက်မှုနှင့် သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုတို့သည် အရှေ့တောင်အာရှဒေသအတွင်း ပထမဆုံး IS တို့၏ တိုက်ခိုက်မှုဖြစ်သည်။ ယင်းနောက် လွန်ခဲ့သည့်နှစ်က ဖိလစ်ပိုင်နိုင်ငံ မာရာဝီမြို့ကို ဂျီဟတ်ဝါဒီများကို သစ္စာခံသည့် တိုက်ခိုက်ရေးသမားများက သိမ်းပိုက်ထားခဲ့ပြီး တစ်လကြာ တိုက်ပွဲများဖြစ်ပွားစေကာ လူပေါင်းရာနှင့်ချီလျက် သေဆုံးခဲ့ရသည်။
နေ့စဉ်ဘဝအတွင်း ဒီဂျစ်တယ်နည်းပညာများကို တိုး၍တိုး၍ အသုံးပြုလာသူများ များပြားလာပြီး စီးပွားရေးပွင့်လန်းရာ ဒေသဖြစ်သည့် အရှေ့တောင်အာရှဒေသကို ဆိုက်ဘာတိုက်ခိုက်သူများက တိုး၍တိုး၍ ပစ်မှတ်ထားလာမည်ကို စိုးရိမ်မှုများလည်း ကြီးထွား၍လာနေသည်။
စင်ကာပူနိုင်ငံတွင်ပြုလုပ်သည့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ထိပ်သီးဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် လီရှန်လွန်းက အီရတ်နှင့် ဆီးရီးယား၌ ချေမှုန်းခံရသော်လည်း IS အဖွဲ့သည် ဒေသတွင်းကို ဆက်လက်ခြိမ်းခြောက်လျက်ရှိကြောင်းနှင့် ဒီဂျစ်တယ်နည်းပညာသို့ ကူးပြောင်းမှုက အရှေ့တောင်အာရှနိုင်ငံများအား ဆိုက်ဘာတိုက်ခိုက်မှု ခံရနိုင်ခြေ ပို၍များလာစေကြောင်း ပြောကြားခဲ့သည်။
“အရှေ့တောင်အာရှဒေသဟာ ငြိမ်းချမ်းနေပါတယ်။ ဒါပေမဲ့ ဒီခြိမ်းခြောက်မှုတွေက တကယ်ကို လက်တွေ့ကျပါတယ်” ဟု လီရှန်လွန်းက ပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ “ကျွန်တော်တို့အနေနဲ့ အစဉ်အလာအတိုင်းဖြစ်တဲ့ ခြိမ်းခြောက်မှုတွေကိုရော အကြမ်းဖက်မှုနဲ့ ဆိုက်ဘာတိုက်ခိုက်မှုတို့လို အစဉ်အလာအတိုင်းမဟုတ်တဲ့ ခြိမ်းခြောက်မှုတွေကိုပါ တွန်းလှန်လွန်မြောက်နိုင်စွမ်း ရှိရပါမယ်” ဟုလည်း ပြောကြားခဲ့သည်။
ဒေသတွင်း အစိတ်အပိုင်းများစွာ၏ တင်ပို့မှုကမောင်းနှင်သော စီးပွားရေးအား ပွင့်လန်းလာစေခဲ့သည့် ကမ္ဘာ့ကုန်သွယ်ရေးစနစ်ကို ဖွင့်လှစ်လိုက်ခြင်းသည် အဓိကစီးပွားရေးစနစ်များအတွင်း ပြည်တွင်းလုပ်ငန်းများကို ပြည်ပယှဉ်ပြိုင်မှုမှ အကာအကွယ်ပေးထားသည့် မူဝါဒ (Protectionism) များကြောင့် တိုး၍ခြိမ်းခြောက်ခံလာရကြောင်းလည်း လီရှန်လွန်းက ပြောကြားခဲ့သည်။
“နိုင်ငံများစွာမှာ နိုင်ငံရေးတိမ်းညွှတ်မှုက လွတ်လပ်စွာကုန်သွယ်ရေးကို ဆန့်ကျင်မှုဘက် ယိမ်းနေပါတယ်။ အထူးသဖြင့် အမေရိကန်နဲ့ တရုတ်အကြား ကုန်သွယ်ရေးတင်းမာမှုတွေက စိုးရိမ်စရာပါပဲ” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ယင်းကဲ့သို့ Protectionism မြင့်တက်လာခြင်းအတွက် အဖြေမှာ အာဆီယံအနေဖြင့် ၎င်းတို့၏ စီးပွားရေးများကို ပိုမိုနက်ရှိုင်းစွာ ပေါင်းစည်းရေး ထပ်မံတွန်းအားပေးရန်နှင့် အခြားကဏ္ဍများ၌လည်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်ဖြစ်ကြောင်း လီရှန်လွန်းက ပြောကြားခဲ့သည်။
“အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ တစ်နိုင်ငံချင်းအနေနဲ့ ကိုယ့်ဘာသာ ပိုမိုထိရောက်မှုရှိအောင်လုပ်ဖို့ ခက်ခဲကြောင်း တွေ့ရှိလာပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ အာဆီယံအဖြစ် စုပေါင်းပြီး တစ်သံတည်းထွက်တဲ့အခါ ကျွန်တော်တို့ ပိုပြီးထိရောက်လာနိုင်ပါတယ်” ဟု လီရှန်လွန်းက ပြောကြားခဲ့သည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့ဖြစ်သည်။