စည်းကြပ်မှုမှ လွတ်ကင်းနေသည့် ဝင်ငွေနှင့် ပိုင်ဆိုင်မှုများကို အခွန်သုံးရာခိုင်နှုန်း ကောက်ခံမည့် အဆိုပြုချက်ကို ပယ်ဖျက်ပြီး ယခင်အတိုင်း ၁၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၃၀ အထိ ကောက်ခံရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု

စည်းကြပ်မှုမှ လွတ်ကင်းနေသည့် ဝင်ငွေနှင့် ပိုင်ဆိုင်မှုများကို အခွန်သုံးရာခိုင်နှုန်း ကောက်ခံမည့် အဆိုပြုချက်ကို ပယ်ဖျက်ပြီး ယခင်အတိုင်း ၁၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၃၀ အထိ ကောက်ခံရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု
Published 21 March 2018

နေပြည်တော်တွင် မတ် ၂၀ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပနေသည်ကို တွေ့ရစဉ် (Photo : Myanmar Union Parliament)

စည်းကြပ်မှုမှ လွတ်ကင်းနေသည့် ဝင်ငွေနှင့် ပိုင်ဆိုင်မှုများကို အခွန်သုံးရာခိုင်နှုန်း ကောက်ခံမည့် အဆိုပြုချက်ကို ပယ်ဖျက်ပြီး ယခင်အတိုင်း ၁၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၃၀ အထိ ကောက်ခံရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည်။

နေပြည်တော်၌ မတ် ၂၀ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၁၇ ရက်မြောက်နေ့တွင် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ ထပ်မံလေ့လာတွေ့ရှိချက် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားတင်သွင်းပြီး ဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် လွှတ်တော်အဆုံးအဖြတ် ရယူရာတွင် ပုဒ်မ ၂၅ နှင့် ပတ်သက်ပြီး အထက်ပါအတိုင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။

အစိုးရအဖွဲ့က တင်သွင်းသည့် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်း ပုဒ်မ ၂၅ တွင် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေနှင့် ပိုင်ဆိုင်မှုများကို ဥပဒေ စတင်အသက်ဝင်မည့် ဧပြီ ၁ ရက်မှစ၍ ပထမခြောက်လအတွင်း သုံးရာခိုင်နှုန်း၊ ဒုတိယခြောက်လအတွင်း ငါးရာခိုင်နှုန်းဖြင့် အခွန်သက်သာခွင့်ပေးရန် အဆိုပြုတင်ပြခဲ့ခြင်း ဖြစ်သော်လည်း ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းကို အတည်ပြုရာတွင် အခွန်သက်သာခွင့်ပေးရန် ကိစ္စကို ပယ်ဖျက်ပြီး ယခင်အတိုင်းသာ အခွန်ကျသင့်ရန် ဆုံးဖြတ်အတည်ပြုခဲ့ခြင်း ဖြစ်သည်။

အခွန်အကောက် ဥပဒေကြမ်း၏ ပုဒ်မ ၂၅ ကို ဝင်ငွေခွန် ဥပဒေပုဒ်မ ၆ နှင့် ၆ (က)တို့အရ သက်သာခွင့်များ မနုတ်မီ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် ရာခိုင်နှုန်း ၃၀ ဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်။ သို့ရာတွင် နိုင်ငံသားမည်သူမဆို အခြေပစ္စည်း တစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းအသစ် တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုးချဲ့ ဆောင်ရွက်ခြင်းတို့အတွက် အသုံးပြုသည့် ဝင်ငွေမှ ဝင်ငွေရလမ်း တင်ပြနိုင်သည့် ဝင်ငွေရှိပါက ယင်းဝင်ငွေအား နုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ်တွင်လည်းကောင်း၊ ဝင်ငွေရလမ်းတင်ပြနိုင်ခြင်း မရှိပါက အသုံးပြုသည့် ဝင်ငွေအပေါ်တွင် လည်းကောင်း (ဝင်ငွေ တစ်ကျပ်မှ ကျပ်သိန်း ၃၀၀ အထိကို ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀ အထက်မှ ကျပ်သိန်း ၁၀၀၀ အထိကို ရာခိုင်နှုန်း ၂၀ နှင့် ကျပ်သိန်း ၁၀၀၀ နှင့် အထက်ကို ရာခိုင်နှုန်း ၃၀) ဝင်ငွေခွန် စည်းကြပ်ရမည်ဟု ဥပဒေပူးပေါင်း ကော်မတီက ထပ်မံပြင်ဆင်ချက်အဖြစ် တင်သွင်းခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမမှ ပြန်လည်ထွက်ခွာလာသည့် လွှတ်တော်ကိုယ်စားလှယ်များအား မတ် ၂၀ ရက်က တွေ့ရစဉ်

ထိုသို့ အခွန်အကောက်ဥပဒေကြမ်းပါ စည်းကြပ်မှုမှ လွတ်ကင်းနေသည့် ဝင်ငွေနှင့် ပိုင်ဆိုင်မှုများကို အခွန်သက်သာခွင့်ပေးမည့် ပုဒ်မအား ပယ်ဖျက်ခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနိုင်သည့်အတွက် လွှတ်တော်က ပယ်ဖျက်လိုက်ခြင်းဖြစ်ကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

“ဘာဖြစ်လို့လဲဆိုရင် အခွန်ကင်းလွတ်ခွင့်ပြုတာနဲ့ အခွန်ကင်းလွတ်ခွင့်မပြုဘဲ အရင်အတိုင်းထားတာနဲ့က ကောင်းကျိုးထက် ဆိုးကျိုးက ပိုပြီးတော့ များနိုင်တယ်လို့ ဒီလိုတွက်လို့ဖြစ်မှာပါ။ အန်ကယ်တို့က နိုင်ငံတော်မှာ အခွန်ထမ်းဆောင်တဲ့ ယဉ်ကျေးမှုကို ကျင့်သုံးနေတဲ့အချိန် ဖြစ်ပါတယ်။ ဒီလိုကျင့်သုံးနေတဲ့ အတွက်ကြောင့် အခွန်ပုံမှန်ဆောင်နေတဲ့ သူတွေရဲ့အကျိုးတွေ၊ စိတ်ခံစားချက်တွေကိုလည်း  ကြည့်ဖို့လိုပါတယ်။ ငါတို့ကတော့ မှန်မှန်အခွန်ဆောင်နေရတယ်။ ငါတို့ ဆောင်တာက ၂၅ ရာခိုင်နှုန်း ဆောင်နေရတယ်။ နှစ်စဉ် နှစ်စဉ် အခွန်မှန်မှန် ဆောင်လာပြီးပေမယ့် အခွန်ရှောင်တဲ့သူတွေကို အခွန်သုံးရာခိုင်နှုန်းပေးရုံနဲ့  အခွန်ရှောင်တိမ်းလို့ ရတယ်ဆိုရင် သူတို့က ဘယ်လိုပြောမလဲ။ ငါတို့က နာလိုက်တာ။ ငါတို့လည်း အခွန်တွေကို မပေးတော့ဘူး။ နောက်ကျမှ သုံးရာခိုင်နှုန်း ပေးလိုက်တော့မယ်လို့ ဒီလိုယူဆသွားနိုင်လို့ အခွန်ယဉ်ကျေးမှု ပျက်စီးသွားနိုင်ပါတယ်။ နောက်တစ်ခုက Tax Amnesty ပေးတဲ့ဟာကို ပြီးခဲ့တဲ့ ကာလတွေကလည်း ပေးထားခဲ့တယ်။ ပေးထားခဲ့တယ်ဆိုတော့ နှစ်စဉ် နှစ်စဉ် ဒီလိုပေးနေတယ်လို့ ပြောနေခြင်းဖြင့် ကောင်းကျိုးထက် ဆိုးကျိုးကို များနိုင်တယ်။ နောက်ရလာမယ့် ပိုက်ဆံကို ပြန်ကြည့်မယ်ဆိုရင် သိပ်ပြီးတော့ ရလာနိုင်စရာ မရှိဘူး။ ဒီလို ရလာနိုင်စရာ မရှိတာကြောင့် ရလာမယ့်ငွေကြေးနဲ့ ထူထောင်ထားတဲ့ အခွန်ယဉ်ကျေးမှု ပျက်ယွင်းသွားမယ့် အလားအလာများတယ်။ ဒါ့ကြောင့် လွတ်တော်က အခွန်ကင်းလွတ်ခွင့် ကိစ္စကို ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်” ဟု ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်၍ မတ် ၈ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ၂၉ ဦးက ဆွေးနွေးခဲ့ပြီး စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေနှင့် ပိုင်ဆိုင်မှုများအတွက် အခွန်ကောက်ခံမည့် ပုဒ်မကို အခွန်အကောက် ဥပဒေကြမ်းမှ ပယ်ဖျက်ပြီး ဥပဒေအသစ် တစ်ခုအဖြစ် ပြဋ္ဌာန်းသင့်ကြောင်း ဆွေးနွေးမှုများအပြင် ဥပဒေကြမ်းပါ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေနှင့် ပိုင်ဆိုင်မှုများအတွက် အခွန်ကင်းလွတ်ခွင့် ပေးထားသည့် ပုဒ်မကို ကျင့်သုံးရန်မသင့်ကြောင်း ဆွေးနွေးမှုများလည်း ရှိခဲ့သည်။

ဧပြီ ၁ ရက်တွင် စတင်အသက်ဝင်မည့် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းကို ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျင်းပသည့် ပြည် ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent