ရန်ကုန်တိုင်းအတွင်း ပစ္စည်းခွန်ဖြင့် အခွန်ကောက်ခံရာတွင်၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ယခုလအထိ ကျပ် ၁၃ ဘီလျံကျော် ကောက်ခံရရှိပြီးဖြစ်ကြောင်း သိရ

ရန်ကုန်တိုင်းအတွင်း ပစ္စည်းခွန်ဖြင့် အခွန်ကောက်ခံရာတွင်၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ယခုလအထိ ကျပ် ၁၃ ဘီလျံကျော် ကောက်ခံရရှိပြီးဖြစ်ကြောင်း သိရ
Published 21 February 2018

ရန်ကုန်မြို့ မြို့လယ်တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ရန်ကုန်တိုင်းတွင် ပစ္စည်းခွန်ဖြင့် အခွန်ကောက်ခံရာတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ယခုလအထိ ကျပ်ငွေ ၁၃ ဘီလျံကျော် ကောက်ခံရရှိပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဆဋ္ဌမပုံမှန် အစည်းအဝေး (ဆဋ္ဌမနေ့)တွင် ပြောကြားသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက “ရာဖြတ်ဌာနမှ ကောက်ခံနေသော ပိုင်ဆိုင်မှုအခွန်၊ မကြာခင် ပြည်ထောင်စုမှ ကောက်ခံမည်ဖြစ်သော (Property Tax) ပစ္စည်းခွန်ကောက်ခံမှုစနစ် ၎င်းတို့နှစ်ခုဟာ တူညီမှုရှိပါသလား၊ ပိုင်ဆိုင်မှုအခွန် စည်းကြပ်ခြင်းသည် ငှားရမ်းထားသောသူမှ ပေးဆောင်ရမှာဖြစ်ပါသလား သို့မဟုတ် အဆောက်အအုံပိုင်ရှင်မှ ပေးဆောင်ရမှာဖြစ်ပါသလား စသည်တို့ကို သိရှိလိုကြောင်း” မေးခွန်းနှင့်ပတ်သက်ပြီး မေးမြန်းရာတွင် ဝန်ကြီးက ပြန်လည်ဖြေကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် လျာထားချက် ကျပ် ၉ ဒသမ ၅ ဘီလျံအပေါ် ကျပ် ၁၃ ဒသမ၂ ဘီလျံဖြင့်လည်းကောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် လျာထားချက် ကျပ် ၁၁ ဘီလျံအနက် ၂၀၁၈ ဖေဖော်ဝါရီ ၁၄ ရက်အထိ ကျပ် ၁၃ ဒသမ ၈ ဘီလျံကျော် ကောက်ခံရရှိပြီးဖြစ်ပါတယ်။ ပစ္စည်းခွန်က မြေနှင့် အဆောက်အအုံပိုင်ဆိုင်သော အခွန်ထမ်းပြည်သူများမှ ရန်ကုန်မြို့တော်ကြီးအကျိုးအလို့ငှာ မဖြစ်မနေပေးဆောင်ရန် တာဝန်ရှိသောအခွန်ဖြစ်ပါတယ်။ ပြည်သူလူထုမှ မိမိတို့အကျိုးအတွက် အသုံးပြုသော ရေဖိုး ရေခ၊ သန့်ရှင်းရေးဆောင်ရွက်ခ စသည်တို့အတွက် အသုံးပြုသည့် ဝန်ဆောင်မှုအပေါ် ပေးဆောင်ရသည့် အခများ ဖြစ်ပါတယ်” ဟု ဝန်ကြီးဦးမြင့်သောင်းက ပြောကြားသည်။

၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေအရ ပစ္စည်းခွန်ဆိုသည်မှာ မြေဖြစ်စေ၊ အဆောက်အအုံဖြစ်စေ၊ မြေနှင့် အဆောက်အအုံဖြစ်စေ ၎င်းတို့၏နှစ်စဉ်တန်ဖိုးအပေါ် သတ်မှတ်သောရာခိုင်နှုန်းဖြင့် ကောက်ခံသော အခွန်ဖြစ်ပါကြောင်း၊ ယင်းစကားရပ်တွင် အထွေထွေခွန်၊ မီးခွန်၊ ရေခွန်၊ အမှိုက်နှင့် အညစ်အကြေးအခွန်တို့ပါဝင်ကြောင်း၊ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ အစိုးရဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂလိကပိုင်မြေနှင့် အဆောက်အအုံများအပေါ် ပစ္စည်းခွန်စည်းကြပ်ရမည်ဟု ပြဋ္ဌာန်းပါရှိသည့်အတိုင်း မြို့နယ် ၃၃ မြို့နယ်တွင် ၁၂ မြို့နယ်အား ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ကောက်ခံဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ကောက်ခံရာတွင် ပုဂ္ဂလိကပိုင် သာမန်လူနေအဆောက်အအုံများအပေါ် ခြောက်လတစ်ကြိမ် ရာဖြတ်ဌာနမှ စည်းကြပ်ပြီး Billing System ဖြင့် ပြေစာများထုတ်ယူကာ သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးများနှင့် ငှားရမ်းထားသော အဆောက်အအုံများ၊ စီးပွားရေးအဆောက်အအုံများ၊ ဟိုတယ်၊ မိုတယ်၊ အင်းများ၊ Residence၊ Tower၊ Apartment များ၊ စက်ရုံ၊ အလုပ်ရုံများ၊ အစိုးရဌာနဆိုင်ရာ အဆောက်အအုံများအား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အရပ်ရပ်အခွန်ဝင်ငွေအပေါ် ၅ ရာခိုင်နှုန်းဖြင့် ဌာနမှတိုက်ရိုက်ကောက်ခံလျက်ရှိကြောင်း ဝန်ကြီးဦးမြင့်သောင်းက ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုလွှတ်တော်တွင် ရေးဆွဲနေသည်ဟု ကြားသိရသောပိုင်ဆိုင်ခွန်ဥပဒေနှင့် နည်းစနစ်များအား ယခုအချိန်ထိ ထုတ်ပြန်ပြဋ္ဌာန်းနိုင်ခြင်းမရှိသေးသဖြင့် YCDC မှ စည်းကြပ်ကောက်ခံလျက်ရှိသော ပစ္စည်းခွန်နှင့် သဘောသဘာ၀ တူညီ/မတူညီ မသိရှိရသည့်အပြင် ကောက်မတီမှ ကောက်ခံလျက်ရှိသော ပစ္စည်းခွန်မှာ ယခင်နှစ် ကာလရှည်ကြာကပင် (Property Tax) ပစ္စည်းခွန်ဟု အမည်တပ်၍ စည်းကြပ်ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း၊ ပိုင်ဆိုင်ခွန်အမည်ဖြင့် သုံးနှုန်းကောက်ခံခဲ့သော အခွန်အမျိုးအစားမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွင် မရှိကြောင်း၊ ပစ္စည်းခွန် စည်းကြပ်ခြင်းနှင့်ပတ်သက်၍ လက်တွေ့အခြေအနေတွင် ပိုင်ရှင်နှင့် ငှားရမ်းအသုံးပြုသူတို့၏ နှစ်ဦးသဘောတူစာချုပ်တွင် စည်ပင်သာယာအခွန်အခများကို ငှားရမ်းအသုံးပြုသူမှ ပေးဆောင်ရမည်ဟု လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုခဲ့ကြသော်လည်း ကော်မတီမှ ပစ္စည်းခွန်ကောက်ခံရာတွင် ပိုင်ရှင်နှင့် ငှားရမ်းအသုံးပြုသူတို့အကြား ငြင်းခံရှောင်လွှဲနေကြသည့် ပြဿနာများတွေ့ရှိနေရကြောင်း၊ ထိုသို့သောအခြေအနေတွင် ရာဖြတ်ဌာနအနေဖြင့် ပိုင်ရှင်နှင့် ငှားရမ်းအသုံးပြုသူတို့အား ခေါ်ယူညှိနှိုင်း၍ ပစ္စည်းခွန်များ ကောက်ခံရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

Most Read

Most Recent