အာမခံ ရုပ်သိမ်းခြင်း ခံထားရသည့် ဒေသခံ တောင်သူများနှင့် မြေယာအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးအား ပြင်ဦးလွင်မြို့နယ် တရားရုံးက အချုပ်ဖြင့် အမှုရင်ဆိုင်ရန် အမိန့်ချမှတ်ခဲ့သဖြင့် အိုးဘိုအကျဉ်းထောင်သို့ ပို့ဆောင်

အာမခံ ရုပ်သိမ်းခြင်း ခံထားရသည့် ဒေသခံ တောင်သူများနှင့် မြေယာအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးအား ပြင်ဦးလွင်မြို့နယ် တရားရုံးက အချုပ်ဖြင့် အမှုရင်ဆိုင်ရန် အမိန့်ချမှတ်ခဲ့သဖြင့် အိုးဘိုအကျဉ်းထောင်သို့ ပို့ဆောင်
Published 11 August 2017

မြေယာအရေး တက်ကြွလှုပ်ရှားသူများနှင့် ဒေသခံတောင်သူများအား မြို့နယ်တရားရုံးတွင် တွေ့ရစဉ်

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင် သိမ်းဆည်းခံ ယာမြေများ ပြန်လည်ရရှိရေးအတွက် ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့သဖြင့် ပုဒ်မမျိုးစုံဖြင့် ဖမ်းဆီးတရားစွဲဆို ခံထားရသည့် မြေယာအရေး တက်ကြွလှုပ်ရှားသူ နှစ်ဦးနှင့် ဒေသခံ တောင်သူများအား မြို့နယ်တရားရုံးက အာမခံပေးခဲ့မှုအပေါ် တရားလိုဖြစ်သူများက မကျေနပ်သဖြင့် ခရိုင်တရားရုံးသို့ အာမခံပြင်ဆင်ချက် လျှောက်ထားမှု (ရာဇဝတ်အထွေထွေမှု တင်သွင်းမှု) နှင့် ပတ်သက်၍ ပြင်ဦးလွင်ခရိုင် တရားရုံးက အာမခံအား ပြန်လည်ရုပ်သိမ်းမှု ပြုလုပ်ခဲ့ပြီးနောက် ပြင်ဦးလွင်မြို့နယ် တရားရုံးက သြဂုတ် ၁၀ ရက် ရုံးချိန်းတွင် အာမခံရုပ်သိမ်းခြင်း ခံထားရသည့် ဒေသခံတောင်သူ ခုနစ်ဦးနှင့် မြေယာအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးတို့ကို အချုပ်ဖြင့် အမှုရင်ဆိုင်ရန် အမိန့်ချမှတ်ခဲ့သဖြင့် အိုးဘိုအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ခရိုင်တရားရုံးက အာမခံ ပြန်လည်ရုပ်သိမ်းခဲ့သည့် အမှုနှင့် ပတ်သက်၍ ပြင်ဦးလွင်မြို့နယ် ဒေသခံတောင်သူများနှင့် မြေယာအရေး တက်ကြွလှုပ်ရှားသူ နှစ်ဦးတို့၏ အမှုရုံးချိန်းကို သြဂုတ် ၁၀ ရက်က အဆိုပါမြို့နယ် တရားရုံးတွင် ချိန်းဆိုခဲ့သည်။ ထိုသို့ ချိန်းဆိုခဲ့ရာတွင် မြေယာအရေး တက်ကြွလှုပ်ရှားသူကို တိုးကြီးနှင့် အာမခံ ရုပ်သိမ်းခြင်းခံထားရသဖြင့် ဖမ်းဝရမ်း ထုတ်ပြန်ခံထားရသည့် ဒေသခံတောင်သူ ခုနစ်ဦးတို့ ရုံးရှေ့သို့ ရောက်ရှိခဲ့ပြီးနောက် အမှုအား ခရိုင်တရားရုံးက အာမခံရုပ်သိမ်းကြောင်း အမိန့်ချမှတ်ထားသဖြင့် အချုပ်ဖြင့် အမှုရင်ဆိုင်ရန်နှင့် အထက်တရားရုံးသို့ အယူခံပြင်ဆင်ချက် ဆက်လက်လျှောက်ထားမှု ပြုလုပ်နိုင်ကြောင်း မြို့နယ်တရားသူကြီးက တရားခွင်အတွင်း ပြောကြားခဲ့သည်။ ထို့ပြင် အာမခံရုပ်သိမ်းခြင်း ခံထားရသည့်အထဲတွင် ပါဝင်သည့် မြေယာအရေး တက်ကြွလှုပ်ရှားသူ ကိုမျိုးဝင်းနှင့် ဒေသခံတောင်သူ တစ်ဦးတို့မှာ ယနေ့ရုံးချိန်းတွင် ရုံးရှေ့သို့ လာရောက်ခဲ့ခြင်း မရှိသဖြင့် မြို့နယ်တရားသူကြီးက အဆိုပါနှစ်ဦးအပေါ် အာမခံပေးထားသူများကို သြဂုတ် ၂၄ ရက် ရုံးချိန်းတွင် ရုံးရှေ့အရောက် ခေါ်ဆောင်ရန်အတွက် ပြောကြားသည်။

အဆိုပါ မြေယာအရေးကိစ္စ အမှုအတွက် အခမဲ့ အမှုလိုက်ပါ ဆောင်ရွက်လျက် ရှိသည့် တရားလွှတ်တော်ရှေ့နေ ဦးနိုင်နိုင်ထွန်းက “တကယ်တမ်းအရင်က မြို့နယ်တရားရုံးကနေ အာမခံပေးထားခဲ့တာက တောင်သူတွေကို လွှတ်ပေးလိုက်တာ မဟုတ်ဘူးဗျ။ တောင်သူတွေကို အချုပ်လွတ် ထုချေခွင့်ပြုပေးလိုက်တာ ဖြစ်တယ်။ အဲဒီအာမခံအပေါ်မှာ တစ်ဖက်က တရားလိုတွေက မကျေနပ်တဲ့အတွက် ခရိုင်တရားရုံးကို ပြင်ဆင်ချက် တက်တယ်။ ဒါကို ခရိုင်တရားရုံးက အာမခံကို ပြန်ရုပ်သိမ်းလိုက်တယ်။ အဲဒီတော့ ဒီအာမခံ ပြန်ရုပ်သိမ်းလိုက်တဲ့ အမိန့်ကိုတော့ တိုင်းတရားရုံးမှာ ပြင်ဆင်ချက် ပြန်တက်သွားမှာ ဖြစ်ပါတယ်။ အဲဒီလို ပြင်ဆင်ချက် တင်သွင်းမှသာလျှင် ဒီအမိန့်က ပယ်ဖျက်လို့ရမှာ ဖြစ်ပါတယ်။ တောင်သူတွေဘက်ကနေ ကြည့်မယ်ဆိုရင် ဒီအမှုက အပြီးပြတ် မလွတ်သေးဘူး။ မတရားသဖြင့် ပုဒ်မတွေတပ်ပြီးတော့ တရားစွဲဆို ခံထားရတယ်။ ဒါကို မူလမြို့နယ်တရားရုံးက အာမခံပေးလိုက်တယ်။ အဲဒီလို အာမခံပေးလိုက်တဲ့ အမိန့်လေးကိုမှ ပြန်ပြီး ပယ်ဖျက်ခံနေရတယ်။ တောင်သူတွေအပေါ်မှာ မတရားသဖြင့် ခေတ်အဆက်ဆက်က မတပ်ခဲ့ဖူးတဲ့ ပုဒ်မတွေနဲ့ တပ်ပြီး တရားစွဲ ခံနေရတယ်။ ကျွန်တော်တို့ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်မှာ ပြန်ပြီးတော့ အယူခံပြင်ဆင်ချက် တက်သွားမှာ ဖြစ်ပါတယ်။ မြေယာအငြင်းပွားမှု ဖြစ်နေတဲ့အချိန်မှာ တောင်သူတွေအပေါ်မှာ ဒီလိုပုဒ်မတွေ တပ်ပြီး စွဲဆိုတာ မသင့်တော်ဘူးလို့ မြင်ပါတယ်” ဟု ပြောကြားသည်။

Most Read

Most Recent