စတော့ရှယ်ယာများ အွန်လိုင်းမှ အရောင်းအဝယ်ပြုလုပ်ရန် MSEC၊ KBZSC၊ CBSC နှင့် Aya Trust ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီလေးခုအား စတင်ခွင့်ပြု

စတော့ရှယ်ယာများ အွန်လိုင်းမှ အရောင်းအဝယ်ပြုလုပ်ရန် MSEC၊ KBZSC၊ CBSC နှင့် Aya Trust ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီလေးခုအား စတင်ခွင့်ပြု
Published 29 December 2017

ဒီဇင်ဘာ ၂၈ ရက်က ရန်ကုန်စတော့အိတ်ချိန်းတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်

ရန်ကုန်စတော့အိတ်ချိန်းတွင် စတော့ရှယ်ယာ အရောင်းအဝယ်ပြုလုပ်ရာ၌ ပိုမိုလျင်မြန်သွက်လက်စေရန် အွန်လိုင်းမှ အရောင်းအဝယ်ပြုလုပ်ခွင့်ကို MSEC၊ KBZSC၊ CBSC နှင့် Aya Trust စသည့် ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီလေးခုအား Online Trading စတင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ရန်ကုန်စတော့အိတ်ချိန်းတွင် ဒီဇင်ဘာ ၂၈ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးဌေးချွန်က ပြောကြားသည်။

အွန်လိုင်းစနစ်ဖြင့် အရောင်းအဝယ်ပြု လုပ်လိုသူများသည် အထက်ပါ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများတွင် စာရင်းဖွင့်ထားသည်ဖြစ်စေ၊ စာရင်းမဖွင့်လှစ်ရသေးသည်ဖြစ်စေ အွန်လိုင်းရောင်းဝယ်မှုစည်းမျဉ်းများနှင့် ပတ်သက်သည့် သဘောတူညီချက်များ ထပ်မံချုပ်ဆိုရမည်ဖြစ်ပြီး ယင်းသို့ချုပ်ဆိုပြီးပါက Online Application ကို Download ဆွဲကာ မိုဘိုင်းဖုန်း၊ ကွန်ပျုတာများဖြင့် အရောင်းအဝယ် ပြုလုပ်နိုင်မည် ဖြစ်သည်။

ထိုသို့ ငွေချေးသက်သေခံလက်မှတ် စာရင်းဖွင့်လှစ်ခြင်းနှင့် Online Application ထည့်သွင်းခြင်းအတွက် အခကြေးငွေကောက်ခံမည်မဟုတ်ဘဲ သက်ဆိုင်ရာ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီအလိုက် MSCE Mobile Trading ,KBZSC Mobile Trading , CB Trader နှင့် Aya Trust Securities စသည်ဖြင့် Application များကို Download ရယူနိုင်မည် ဖြစ်သည်။

“ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်က ဒီဇင်ဘာ ၂၆ ရက် ကတည်းက ခွင့်ပြုပေးလိုက်ပါပြီ။ စတင်အရောင်းအဝယ် ပြုလုပ်မယ့်နေ့ကတော့ ကုမ္ပဏီတွေဘက်က အဆင်သင့်ဖြစ်ချိန် သတ်မှတ်ရက်တွေမှာ ဆက်တိုက်လုပ်ဆောင်သွားမှာပါ” ဟု ရန်ကုန်စတော့အိတ်ချိန်းမှ အကြီးတန်း အမှုဆောင်မန်နေဂျာ ဦးသက်ထွန်းဦးက ပြောကြားသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာများ အရောင်းအဝယ်ပြုလုပ်နိုင်ရန်နှင့် ဝန်ဆောင်မှုပေးရန် ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီခြောက်ခုကို ခွင့်ပြုပေးထားပြီး လက်ရှိတွင် ကနဦးခွင့်ပြုသည့် လေးခုအနက် တစ်ခုအပါအဝင် ဖြစ်ရသည့်အပေါ် ဂုဏ်ယူကြောင်းနှင့် Online Trading ကြောင့် ရှယ်ယာများ အလွယ်တကူ အရောင်းအဝယ်ပြုနိုင်မည်ဖြစ်ကြောင်း Aya Trust မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကျွန်မတို့အနေနဲ့ ဒီဇင်ဘာ ၂၇ ရက်ကတည်းက စတင်နေပြီဖြစ်ပြီး ကျွန်မတို့ဆီမှာ ရှိနေတဲ့ စတော့အရောင်းအဝယ်ပြုလုပ်သူ ၁၀၀ လောက်က လက်မှတ်ထိုးပြီး အရောင်းအဝယ် စတင်ပြုလုပ်နေပါပြီ။ MSEC ရဲ့ Online Trading မှာဆိုရင် မနက် ၈ နာရီက နေ ညနေ ၆ နာရီအထိ အရောင်းအဝယ် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ညနေ ၃ နာရီကနေ ညနေ ၆ နာရီကတော့ နောက်နေ့အတွက် ဖြစ်ပါတယ်” ဟု MSEC မှ အမှုဆောင်ဒါရိုက်တာက ပြောကြားသည်။

လက်ရှိရန်ကုန်စတော့အိတ်ချိန်းတွင်  FMI၊ MTSH၊ FTP ၊ MCB ကုမ္ပဏီလေးခုမှ စာရင်းဝင်ရှယ်ယာ ၇၇၆ သိန်းကျော်ဖြင့် အရောင်းအဝယ်ပြုလုပ်နေပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီတွင် TMH တယ်လီကွန်း၏ အစုရှယ်ယာ ၁၂၂ သိန်းကျော်မှာ စာရင်းဝင်ရှယ်ယာ ဖြစ်လာမည် ဖြစ်သည်။

Most Read

Most Recent