ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ၂၀၁၈ ခုနှစ်အတွင်း ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ချမှတ်နိုင်အောင် ကြိုးပမ်းရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ၂၀၁၈ ခုနှစ်အတွင်း ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ချမှတ်နိုင်အောင် ကြိုးပမ်းရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း
Published 31 October 2017

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်မျိုး)

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ၂၀၁၈ ခုနှစ်အတွင်း ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ချမှတ်နိုင်အောင် ကြိုးပမ်းရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားသည်။

နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ အောက်တိုဘာ ၃၀ ရက်ကပြုလုပ်သော ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ-UPDJC အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌဖြစ်သူ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့ အခုလုပ်ရမယ့်လုပ်ငန်းတွေကို ပြောရမယ်ဆိုရင် ဒီနေ့ကနေ အခုကနေစပြီးတော့ နောင်နှစ် ၂၀၁၈ ခုနစ်အထိ အချိန်ကာလအတွင်းမှာ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများကို အခြေခံအုတ်မြစ်အနေဖြင့် ချမှတ်နိုင်ရေး ရည်မှန်းချက်ထား၍ ကြိုးပမ်းဆောင်ရွက်သွားဖို့ ကျွန်မတို့လိုပါတယ်။ ဒီရည်မှန်းချက် ပြည့်ဝအောင်မြင်မှသာ မြန်မာနိုင်ငံရဲ့ နောက်မျိုးဆက်သစ်တွေရဲ့ အနာဂတ်ကို ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးဟာ နိုင်ငံရေးသဘောတူညီချက်များရရှိရေးအပေါ် မူတည်နေတာဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်မှ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ချမှတ်နိုင်မှာဖြစ်ပြီးတော့ UPDJC က ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် အရေးကြီးတဲ့အခန်းကဏ္ဍမှာ အခုရှိနေတယ်ဆိုတာတော့ အားလုံးသဘောပေါက်မယ်ဆိုတာ ကျွန်မမျှော်လင့်ပါတယ်။ ဒါကြောင့် အခုကျွန်မတို့ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်ရေးအတွက် အနာဂတ်ကိုရှေးရှုပြီးတော့ အားလုံးပါဝင်ဖို့ ကျွန်မထပ်မံပြီး ဆော်သြချင်ပါတယ်” ဟု ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ပြီးခဲ့သည့် ညီလာခံအတွင်း ကြုံတွေ့ရသည့် အခြေအနေများအပေါ်တွင် အစုအဖွဲ့အသီးသီးက ပြန်လည်သုံးသပ်မှုများ ပြုလုပ်သည်ကို ကြားသိရကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်ရေးအတွက် အချိန်လုံလောက်မှု၊ အကျေအလည်ဆွေးနွေးနိုင်မှု၊ အပြန်အလှန်ယုံကြည်မှုများ အရေးကြီးသကဲ့သို့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ထားရှိသည့် စိတ်ရင်းစေတနာမှာလည်း အရေးကြီးကြောင်း၊ ပြန်လည်သုံးသပ်သည့် လုပ်ငန်းများမှာ လာမည့်နိုင်ငံရေးဆွေးနွေးပွဲများအတွက် ပိုမိုကောင်းမွန်သည့် အတွေးအမြင်သစ်များ ယူဆောင်လာကြမည်ဟု ယုံကြည်ကြောင်း၊ ဘက်စုံပြည့်စုံကောင်းမွန်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေးအတွက် အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ၎င်းကပြောကြားသည်။

“ယခု အစည်းအဝေးမှာဆိုလို့ရှိရင် UPDJC အနေနဲ့ မျဉ်းပြိုင်လုပ်ဆောင်သွားရမယ့် လုပ်ငန်းစဉ်များကို အဆုံးအဖြတ်ပေးရန် လိုအပ်နေပါတယ်။ ပထမဆုံးအနေနဲ့ လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေးမှာ ဘယ်လိုအခြေခံမူဆိုင်ရာ ခေါင်းစဉ်များဆွေးနွေးကြမလဲဆိုတာလည်း သတ်မှတ်ပေးဖို့ကလည်းရှိပါတယ်။ ဒီလိုညီလာခံမှာ ဆွေးနွေးမယ်။ ခေါင်းစဉ်များ အတည်ပြုသတ်မှတ်ပေးပြီးတဲ့ နောက်နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်ကို ဆက်လက်လုပ်ဆောင်ကြဖို့လည်း ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာလည်း အချိန်လုံလုံလောက်လောက်ရရှိပြီး အကျေအလည်ညှိနှိုင်းနိုင်မယ့် အခြေအနေမျိုးဖန်တီးပေးဖို့ UPDJC ကစဉ်းစားပြီးတော့ ဆောင်ရွက်ပေးစေချင်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ထို့ပြင် ဒုတိယအနေဖြင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ခြင်းကို ပြီးစီးအောင် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ UPDJC အနေဖြင့် အတည်ပြုပေးခဲ့သည့် မူဘောင်၊ လုပ်ငန်းလမ်းညွှန် TOR များကိုပြန်ကြည့်ပါက နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပမည့်အနေအထားကို မျှော်မှန်း၍ အကောင်းဆုံးဖြစ်အောင် ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ လက်တွေ့လုပ်ကိုင်ဆောင်ရွက်ရာတွင် စိတ်ကူးထားသည့်အတိုင်းမဟုတ်ဘဲ ပြောင်းလွယ်ပြင်လွယ် ဆောင်ရွက်ခဲ့ကြသည်လည်း ရှိနေကြောင်း၊ ယခုအခါတွင် နိုင်ငံရေးဆွေးနွေးပွဲများ၏ လက်တွေ့အတွေ့အကြုံများ ရရှိခဲ့ပြီးဖြစ်၍ ပြင်ဆင်ရမည့် အစိတ်အပိုင်းများကိုလည်း ပြောင်းလဲပြင်ဆင်ကြရန် ၎င်းကပြောကြားသည်။

၂၁ ရာစုနှစ် ပင်လုံညီလာခံနှင့်နိုင်ငံရေး ဆွေးနွေးပွဲတံခါးကို အစဉ်အမြဲဖွင့်ထားကြောင်း၊ မည်သည့်အချိန်မဆို ငြိမ်းချမ်းရေးတွင် ပါဝင်ချင်သည့်အစုအဖွဲ့များကို ကြိုဆိုကြောင်း၊ ငြိမ်းချမ်းရေးကော်မရှင်အနေဖြင့်လည်း ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိပါကြောင်း၊ ကျန်နေသေးသည့်အဖွဲ့များ ပါဝင်လာရေးကို နိုင်ငံတော်အစိုးရအနေဖြင့် အထူးတလည် အလေးအနက်ထားပါကြောင်း၊ ယနေ့ကမ္ဘာပေါ်တွင် ပြောင်းလဲနေသည့် အင်အားချိန်ခွင်လျှာအရ နိုင်ငံတကာအခြေအနေများလည်း အချိန်နှင့်အမျှ ပြောင်းလျက်ရှိကြောင်း၊ မည်သို့ပင် ပြောင်းလဲနေစေကာမူ ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာမြင့်မားသော နိုင်ငံတစ်နိုင်ငံအဖြစ် အစဉ်အမြဲရပ်တည် ရှင်သန်ရေးအတွက် အရေးကြီးဆုံးက အမျိုးသားညီညွတ်ရေးဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးရရှိမှ ခိုင်မာမည်ဖြစ်ကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အမျိုးသားညီညွတ်ရေးနဲ့ လျှောက်လှမ်းကြရမှာဖြစ်ကြောင်း၊ NCA လက်မှတ်မထိုးရသေးဘဲ ကျန်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်လာရေးအတွက် UPDJC အဖွဲ့ဝင်များက တစ်ဖက်တစ်လမ်းမှ အတတ်နိုင်ဆုံး ကူညီပံ့ပိုးဆောင်ရွက်သွားကြရန်လည်း မေတ္တာရပ်ခံကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

နိုင်ငံရေးဆွေးနွေးပွဲများမှရရှိသည့် သဘောတူညီချက်များကို လက်တွေ့လုပ်ဆောင်ရာတွင် စနစ်တကျဖြစ်စေရန် လုပ်ငန်းစဉ် စံသတ်မှတ်ချက် (SOP) များရေးဆွဲရန်နှင့် UPDJC လုပ်ငန်းတာဝန်များ ထိရောက်အောင်မြင်စေရန်အတွက် ရုံးအဖွဲ့စနစ်တကျ တည်ဆောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၌ အောက်တိုဘာ ၃၀ ရက်ကပြုလုပ်သော ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌဖြစ်သည့် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်မ SOP (Standard Operation Procedure) ရဲ့ အရေးကြီးပုံတွေကိုလည်း ခဏပြောပါရစေ။ တချို့ကနေ စည်းမျဉ်းစည်းကမ်းတွေရှိလို့ရှိရင် SOP ဆိုတာမလိုအပ်ဘူးလို့ ထင်ပါတယ်။ တကယ်တော့ စည်းမျဉ်းစည်းကမ်းတွေ ဘယ်လိုပဲရှိရှိ Standard Operation Procedure မရှိလို့ရှိရင် ဒီစည်းမျဉ်းစည်းကမ်းတွေအရ အလုပ်ကိုထိထိရောက်ရောက် လုပ်လို့မရပါဘူး။ ဒါကြောင့်မို့ ကျွန်မတို့က Standard Operation Procedure သတ်မှတ်ဖို့က အင်မတန်မှအရေးကြီးပါတယ်။ Standard Operation Procedure ဆိုတာ လက်တွေ့လည်းကျရပါလိမ့်မယ်။ လက်တွေ့မကျတဲ့ Procedure တွေကိုသတ်မှတ်လို့ရှိရင် စက္ကူပေါ်မှာပဲရှိပြီးတော့ ကျွန်မတို့အလုပ်ဖြစ်မှာ မဟုတ်ပါဘူး” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ထို့ပြင် UPDJC လုပ်ငန်းများအောင်မြင်ရေးအတွက် UPDJC ရုံးအဖွဲ့လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးစိတ်ဓာတ်ပြည့်ဝပြီး ကျွမ်းကျင်သော ရုံးအဖွဲ့များကို လိုအပ်ကြောင်း ၎င်းကပြောကြားသည်။

“နိုင်ငံရေးဆွေးနွေးပွဲ အောင်မြင်ရေးအတွက် UPDJC ရဲ့ ဦးဆောင်မှုအရေးကြီးသလို UPDJC လုပ်ငန်းများစနစ်တကျ ထိရောက်အောင်မြင်စေရေးအတွက် UPDJC ရုံးအဖွဲ့တွေလည်း အရေးကြီးပါတယ်။ ရုံးအဖွဲ့ဆိုတော့ ကျွန်မတို့ရုံးအဖွဲ့တွေက လုပ်ထုံးလုပ်နည်းကိုလည်း နားလည်ရမယ်။ လုပ်ပုံကိုင်ပုံကလည်း မှန်ကန်ရမယ်။ နောက်ပြီးတော့ ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ သမိုင်းကြောင်းတွေတင်မကဘူး။ ကျွန်မတို့ရည်ရွယ်နေတဲ့ ပန်းတိုင်ကဘာလဲဆိုတာကိုလည်း ကျွန်မတို့ရုံးအဖွဲ့တွေက နားလည်ဖို့လိုပါတယ်။ ရုံးအဖွဲ့ဆိုတာ သတ်သတ်စာရွက်တွေဝေဖို့နဲ့ လက်မှတ်ထိုးဖို့နဲ့ စာအိတ်တွေနှိပ်ထုတ်ဖို့ ဒါမျိုးမဟုတ်ပါဘူး။ ငြိမ်းချမ်းရေးစိတ်ဓာတ် အပြည့်အဝနဲ့ နားလည်မှုအုပ်ချုပ်ရေးဆိုင်ရာ ကျွမ်းကျင်တဲ့ရုံးအဖွဲ့တွေ ကျွန်မတို့လိုပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

အဆိုပါလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မျဉ်းပြိုင်ကဲ့သို့ တစ်ချိန်တည်း တစ်ပြိုင်တည်း လုပ်ကိုင်သွားရမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

Most Read

Most Recent