လုယက်တဲ့အကြောင်းနဲ့ ခိုးဝှက်တဲ့အကြောင်းကို လူတွေက အထူးတဆန်း ကိစ္စကြီးလို ပြောနေကြတယ်။ နေ့စဉ်ကြားနေရတဲ့ အသံတွေထဲမှာ အဲဒီအကြောင်းက အမြဲပါတယ်။ ခိုးတဲ့အကြောင်းတောင် သိပ်ပြီးမပါပါဘူး။ လုယက်တဲ့အကြောင်းတွေက များတာပါ။
အဖြစ်အပျက်တွေကတော့ နေရာမျိုးစုံမှာ ပုံစံမျိုးစုံနဲ့ပေါ့။ ဆိုင်ကယ်စီးသွားရင်း အလုခံရတယ်။ လမ်းလျှောက်သွားနေရင်း အလုခံရတယ်။ ကားပေါ်မှာ၊ ရထားပေါ်မှာ၊ ဘတ်စ်ကားမှတ်တိုင်မှာ စုံလို့ပါပဲ။ အလုခံရတဲ့ ပစ္စည်းအမျိုးအစားကလည်း စုံလို့ပေါ့။
တချို့ကျတော့ ဘယ်မှလည်း သွားနေလာနေတာ မဟုတ်ဘူး။ အိမ်ထဲ၊ တိုက်ထဲနေကြတာ...၊ သူတို့တွေလည်း အလုခံရကြပြန်တယ်။ လုယက်တဲ့သူတွေဟာ ပစ္စည်းရရုံမျိုး၊ ငွေကြေးရရုံမျိုးမဟုတ်ဘဲ အနိုင်ကျင့်သွားတာတွေ၊ ရိုက်နှက် သတ်ဖြတ်သွားတာတွေလည်း လုပ်တတ်ကြတယ်။ အဲဒီလို သတင်းတွေကြားရရင် ကြားရသူတိုင်းက လုယက်သူကို မေတ္တာပို့ကြတယ်။ (ဒီနေရာမှာတော့ မေတ္တာပို့ကြတယ်ဆိုတာ ကျိန်ဆဲတာပါလေ။ လူတိုင်း သိကြမှာပါ)။
‘သူခိုးလက်က သူဝှက်လု’ ဆိုတဲ့ စကားပုံလည်း ကြားဖူးခဲ့ပါတယ်။ စကားပုံကို စကားပြေနဲ့ ပြန်ဆိုရေးသားခိုင်းတာတွေ ရှိပေမယ့် အဲဒီစကားပုံကိုတော့ အဓိပ္ပာယ်မပြန်ဆိုခဲ့ရဖူးပါဘူး။ လုယက်တဲ့အကြောင်း စကားပုံတွေ၊ ခိုးဝှက်တဲ့အကြောင်း စကားပုံတွေ အများကြီး ရှိနိုင်သေးတာပေါ့။ “သူခိုးပြေးမှ ထိုးကွင်းထ” တို့ “ငှက်မသိတော့ ဆက်ရက် ချိုးထင်၊ အချက်မသိတော့ သမက် သူခိုးထင်” တို့လိုမျိုးလည်း ရှိနေတာပါ။ သူခိုးနဲ့ သူဝှက် ဘယ်သူက ပိုကြီးသလဲဆိုတာကို သိချင်လို့ အဘိဓာန် စာအုပ်လှန်ဖို့ စဉ်းစားတော့ သူငယ်ချင်းတစ်ယောက် ငှားသွားပြီး ပြန်မပို့တော့တာ သတိရပါတယ်။ အဲဒီ အဘိဓာန်စာအုပ်ကလည်း ကျွန်တော် ဝယ်ထားတာ မဟုတ်ပါဘူး။
မနက်က ဈေးထဲရောက်တော့လည်း ဆိုင်ကယ်စီးလာတဲ့ မိန်းကလေးနှစ်ယောက်ဆီကနေ ဖုန်းနဲ့ ပိုက်ဆံအိတ် လုပြေးတဲ့လူတစ်ယောက်အကြောင်းကို ပြောနေကြသံ ကြားရပြန်တယ်။ သူတို့အချင်းချင်း ထင်မြင်ချက်တွေလည်း ပေးနေကြတယ်။ “ဆေးသမားလေး ဖြစ်မှာပေါ့”၊ “သူတို့အိမ်မှာ စားစရာ မရှိလို့ နေမှာပေါ့”၊ “ဇရှိတဲ့သူက ဒါမျိုးပဲ ချောင်းနေတာ”၊ “လုလို့လွယ်တော့ လုမှာပေါ့” စတဲ့ ဝေဖန်ချက်၊ ထင်မြင်ချက်တွေကတော့ စုံလို့ပါပဲ။
တစ်ခါတလေတော့လည်း လုယက်ကြတဲ့သူတွေအကြောင်းကို စိတ်ဝင်စားမိပြန်တယ်။ စားစရာမရှိလို့လား။ ဆေးစွဲနေပြီး စိတ်နဲ့ခန္ဓာက ဆေးတောင်းနေလို့များလား။ ခန္ဓာက တောင်းတာကို တောင့်ခံချင်ခံနိုင်မယ် စိတ်ကတောင်းရင်တော့ ခံနိုင်မယ်မထင်ပါဘူး။ လုလို့ လွယ်လို့လား။ လွယ်လို့ လုတာမျိုးလည်း ခရီးသွားရင်း တွေ့ဖူးခဲ့ပါတယ်။
မန္တလေးမြို့ကနေ မြစ်ကြီးနားကို ရထားနဲ့ပြန်တော့ လှေကားအဆင်းအတက်နားက ခုံမှာ အမျိုးသမီးတစ်ယောက် ထိုင်နေတယ်။ လည်ပင်းမှာ လက်သန်းလုံးလောက် ဆွဲကြိုးကြီးနဲ့။ ရထားက ညနေ ၆ နာရီခွဲမှာ မန္တလေးဘူတာကြီးက ထွက်တယ်။ ရထားတွဲထိန်းလေးက အမျိုးသမီးကို ဆွဲကြိုးကို အင်္ကျီထဲ ထည့်ထားဖို့နဲ့ မထည့်ထားချင်ရင် ပြတင်းတံခါးပိတ်ထားဖို့ သွားပြောပါတယ်။ အမျိုးသမီးက အရေးမစိုက်ဘဲနေပါတယ်။ ရထားက တဂျုတ်ဂျုတ်နဲ့ ခုတ်လာတာ မြို့ဟောင်းဘူတာအဝင်မှာ အရှိန်လေးနည်းနည်းလျှော့တော့ ပြတင်းပေါက်က လက်တစ်ဖက် ဝင်လာပြီး ဆွဲကြိုးကို ဆောင့်ဆွဲလိုက်တယ်။ ဆွဲကြိုးက ပြတ်ပါမသွားဘူး။ အမျိုးသမီးကတော့ ထိုင်ခုံပေါ်ကနေ ငိုက်စိုက်ပြုတ်ကျပြီး ရှေ့က ခေါက်စားပွဲစောင်းနဲ့ ဆောင့်မိလို့ နဖူးကွဲသွားပါတယ်။ တချို့က လုယက်တဲ့သူကို အပြစ်ပြောကြတယ်။ တချို့ကတော့ လုချင်အောင် ဝတ်ထားတဲ့ အမျိုးသမီးကို အပြစ်ပြောကြတယ်။ ဘာမှမပြောတဲ့သူတွေလည်း ရှိပါတယ်။ ကျွန်တော်ကတော့ လုတဲ့သူကို စိတ်ဝင်စားနေမိတယ်။ လက်တစ်ဖက်ကိုပဲ မြင်လိုက်ရတဲ့ အဲဒီလူအကြောင်း စိတ်ကူးထဲမှာ ပုံဖော်ကြည့်၊ တွေးနေမိတယ်။
အဲဒီလူဟာ အိမ်မှာ စားဖို့ကို အနိုင်နိုင်လား။ စားဖို့ရှိလျက်နဲ့ နေဖို့မရှိလို့ အခုလို လုပ်တာလား။ နေဖို့၊ စားဖို့ ရှိနေပေမဲ့ တခြား အရေးတကြီး ကုန်ကျစရာတွေများ ရှိနေသလား။ သူ့မိဘဖြစ်စေ၊ ဇနီးသားသမီးဖြစ်စေ နေမကောင်း ထိုင်မသာဖြစ်လို့ ဆေးဖိုးဝါးခတွေများ ဖိစီးနေရှာသလား။ ဒါမှမဟုတ် အဲဒီလူဟာ အခြေခံစားဝတ်နေရေးတွေ ပြည့်စုံပါလျက်နဲ့ ကားစီးချင်၊ တိုက်ဆောက်ချင်လို့ လောဘတက်ပြီး လုယက်တာလား။ ခုတ်မောင်းနေတဲ့ ရထားပေါ်မှာ အတွေးတွေ ဆန့်ထွက်၊ ဖြာဝေခဲ့ဖူးတယ်။
ရထားတွဲထဲက လူတွေကတော့ အဲဒီအကြောင်းကို အကြာကြီး ပြောမနေကြပါဘူး။ မေ့မေ့ပျောက်ပျောက် ဖြစ်ကုန်ကြပါပြီ။ အမှောင်လေး အတော်ရင့်လာတော့ အိပ်ငိုက်ကုန်ကြတာပါ။
ကျွန်တော်လည်း မျက်နှာချင်းဆိုင်မှာ ရှိနေတဲ့ အမျိုးသမီးကို စကားပြောမနေချင်တာနဲ့ ပလက်ဖောင်းမှာ ဝယ်ခဲ့တဲ့ သတင်းစာတစ်စောင်ကို ထုတ်ဖတ်နေလိုက်တယ်။ သတင်းစာထဲမှာပါတဲ့ တံတားကြီးတွေ ဆောက်တဲ့အကြောင်း၊ လမ်းတွေဖောက်တဲ့အကြောင်း၊ တချို့လမ်းတွေကို ထပ်ပိုးလွှာတွေ ခင်းနေတဲ့အကြောင်း၊ တံတားတချို့ကိုတော့ ဘတ်ဂျက်အသစ်တွေနဲ့ ပြုပြင်ထိန်းသိမ်းနေကြောင်းတွေကို စိတ်ပါဝင်စားမှုမရှိဘဲ ဖတ်နေမိခဲ့တယ်။ သဘာဝဘေးအန္တရာယ်ကြောင့် နှစ်စဉ် ပျက်စီးနေရတဲ့ တံတားတွေအတွက် ဘတ်ဂျက်ငွေတွေ မည်၍မည်မျှ အကုန်အကျခံပြီး ဆောင်ရွက်ပေးနေကြောင်းလည်း ပါတာပေါ့။ အဲဒါတွေဖတ်နေရင်းနဲ့လည်း လုယက်တဲ့အကြောင်းနဲ့ ခိုးဝှက်တဲ့အကြောင်းကို တွေးမိနေတာပါပဲ။
နောက်စာမျက်နှာ တစ်ခုမှာကျတော့ ပင်လယ်ကမ်းခြေတစ်နေရာက လူနေအိမ်ခြေတွေကို အတင်းအကျပ် ဖယ်ခိုင်းနေတဲ့ သတင်းကို တွေ့ရပြန်တယ်။
မှော်ထဲက သက်တမ်းကုန်နေတဲ့ လုပ်ကွက်တစ်ခုမှာ တစ်နိုင်တစ်ပိုင် ကျောက်တူးနေကြတဲ့သူတွေကို ဖမ်းဆီးတဲ့အကြောင်း တွေ့ရပြန်တယ်။ ‘တရားမဝင် ချက်အရက်များ ဖမ်းဆီးရမိ’ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အရက်ပုလင်းသုံးလုံးနဲ့ လူပိန်ပိန်တစ်ယောက်ကို မှတ်တမ်းတင်ထားတဲ့ သတင်းကို တွေ့ရပြန်ပါတယ်။ လုယက်တဲ့အကြောင်းနဲ့ ခိုးဝှက်တဲ့ အကြောင်းက ခေါင်းထဲက မထွက်နိုင်သေးပါဘူး။
အဲဒါနဲ့ ဖုန်းကိုထုတ်ပြီး ဖေ့စ်ဘွတ်ကို ဖွင့်လိုက်မိတယ်။ ကမ္ဘာမကြေဘူးသီချင်းကို ရေးခဲ့တဲ့ ကဗျာဆရာ သီချင်းရေးဆရာတစ်ယောက်က ရှစ်လေးလုံးအရေးတော်ပုံ နှစ် ၃၀ ပြည့် နေ့ရက်တုန်းက စက်ရုံတစ်ခုမှာ အလုပ်လုပ်ရင်း ဒဏ်ရာအနာတရဖြစ်ခဲ့ရတဲ့ လူငယ်တစ်ဦးကို ထောက်ပံ့ကြေး ပေးလှူနေတဲ့ပုံလေး တက်နေတယ်။ လုယက်တဲ့အကြောင်းဟာ ခဏလေးတော့ ခေါင်းထဲက ထွက်သွားရပါတယ်။
အဲဒီပို့စ်လေးကို အပေါ်ကို တွန်းရွှေ့လိုက်တော့ ဆက်သွယ်ရေးကုမ္ပဏီတစ်ခုကို လော်ဘီလုပ်ထားတဲ့ပို့စ် တက်လာတယ်။ တကယ်မမိုက်ပါဘူး။ လုယက်တဲ့အကြောင်းနဲ့ ခိုးဝှက်တဲ့အကြောင်းက အရေးကြီးထဲက မြစ်ဖျားခံလာပြီး စီးဆင်းနေတုန်းပဲ။
ခုန်ဆဲ၊ ဆောင့်ဆဲ၊ လူးဆဲ ရထားပေါ်မှာ တွေးမိလိုက်တယ်။ “ဘယ်ဘူတာ ဝင်ဝင်၊ သတိထားရမယ်၊ ဆိုင်းဘုတ်တွေက ဆင်တူတယ်” ပေါ့။