မြဝတီ-ကော့ကရိတ် အာရှလမ်းနံဘေးက တောနော် သဘာဝရေတံခွန်နဲ့ အပန်းဖြေစခန်း

မြဝတီ-ကော့ကရိတ် အာရှလမ်းနံဘေးက တောနော် သဘာဝရေတံခွန်နဲ့ အပန်းဖြေစခန်း
Published 3 September 2018

တောနော်ရေတံခွန်၏ လှပသောမြင်ကွင်းနှင့် သွားရောက်လည်ပတ်သူတို့အား တွေ့ရစဉ်

မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့နဲ့ ကော့ကရိတ်မြို့ကို ဒေါနတောင်တန်းကြီးက တံတိုင်းသဖွယ် သဘာဝအလျောက် ကာရံလို့ထားပါတယ်။ မြဝတီနဲ့ကော့ကရိတ်ကို ကာရံထားတဲ့ ဒေါနတောင်တန်းရဲ့ သဘာဝကိုက ကြည်နူးစရာလွမ်းမောစရာ အလှအပတွေနဲ့ ပြည့်နေသလို ယခုအခါ သဘာ၀ ရေတံခွန်တစ်ခုကိုလည်း အများပြည်သူနဲ့ ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်အပန်းဖြေအနားယူနိုင်ဖို့ ရည်ရွယ်ဖော်ဆောင်နေတယ်လို့ သိရပါတယ်။

မြဝတီ-ကော့ကရိတ် အာရှလမ်းဘေးမှာ သဘာဝအလျောက်တည်ရှိနေတဲ့ ကရင်လို တောနော် (မြန်မာလိုဒေါန) ရေတံခွန်သို့ သြဂုတ် ၃၀ ရက်က အပေါင်းအသင်းတွေနဲ့ သွားဖြစ်ခဲ့ပါတယ်။

မြဝတီမြို့မှ မိုင် ၂၀ ကျော်၊ ကော့ကရိတ်မြို့နယ်ထဲမှာ တည်ရှိတဲ့ တောနော်ရေတံခွန် ဆိုတဲ့ဆိုင်းဘုတ်ရောက်တော့ ကားတွေကို ညာဘက်စမ်းချောင်းဘေးအထိ မောင်းချခဲ့ကြပါတယ်။ စမ်းချောင်းလေးဘေးမှာ ဘန်ဂလိုလေးတွေလည်း ဆောက်လက်စပဲရှိသေးတယ်။

ဒီခရီးစဉ်မှာ မီဒီယာအဖွဲ့က ကားတစ်စီး Miss Universe Myawaddy 2018 ပြိုင်ပွဲဝင်မယ့် အလှမယ်တွေက ကားသုံးစီးနဲ့အတူ ရေတံခွန်ကို သဘာဝအတိုင်းဖော်ထုတ်နေတဲ့ ရွှေမြစ်သောင်ရင်း ကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးစောတင်ဝင်းတို့ ဇနီးမောင်နှံတို့က ခေါ်ဆောင်ခဲ့တာပါ။

ကျွန်တော်တို့မီဒီယာအဖွဲ့ စီးလာတဲ့ ကားလေးကိုတော့ စမ်းချောင်းဘေးမှာ ထားခဲ့ရပါတယ်။ ကျွန်တော်တို့အဖွဲ့ရော အလှမယ်တွေရဲ့ ရိုက်ကူးရေးအဖွဲ့တွေပါ အမြင့်ကားတွေနဲ့ လိုက်စီးခဲ့ကြပါတယ်။ ကျောက်ကြမ်းလမ်းပေမယ့် သွားနေကျကားတွေမို့လား မသိ။ လျှိုမြှောင်လေးတွေကိုဖြတ်ပြီး တောင်တက်လမ်းအတိုင်း ၁၅ မိနစ်ခန့် မောင်းနှင် လာပြီးတဲ့နောက်မှာတော့  နားနေဆောင်တွေ ရှေ့ကားတွေက တုံ့ခနဲရပ်လိုက်ကြပါတယ်။

“ရောက်ပြီ...ဒီမှာ တစ်ထောက်နားမယ်။ ပြီးရင် ရေတံခွန်ဆက်သွားမယ်။ အားလုံးလာကြအားလုံးလာကြ” ဟု ဦးစောတင်ဝင်းရဲ့ လှမ်းခေါ်ရာ အနီးသို့စုရုံးရောက်ရှိ သွားကြပါတယ်။

ဒီတော့မှ သူက “ဟိုမှာတွေ့လား။ ရေတံခွန်ရဲ့ အလှကို ဒီကနေ လှမ်းမြင်နေရပြီ။ ဒါသဘာဝအတိုင်းပဲ။ ပြုပြင်ထားတာလည်း မဟုတ်ဘဲနဲ့ကို လှပနေတာ” ဟု ခပ်သော သောလေးပြောလိုက်တယ်ဆိုရင်ပဲ တအံ့တသြ ငေးကြည့်နေကြပါတယ်။

အပြာရောင်မိုးကောင်းကင်ထက်က စီးဆင်းလာတဲ့ အေးမြမြစမ်းရေတွေဟာ စိမ်းညို့ညို့ တောအုပ်တွေရဲ့အလယ်မှာ အရမ်းကိုကြည့်ကောင်းပါတယ်။ မိုးရာသီဆိုတာကလည်း အန်ထုတ်လို့မကုန်သေးတဲ့ ရင်တွင်းကလီစာတွေကို ဆက်လက်အော့အန်နေဆဲ။ သဲသဲမဲမဲ ရွာလို့ကောင်းနေဆဲ။

အလှမယ်တွေရဲ့ကြားမှာ ပုဆိုးတောင် စွန်ဆွဲပြီးခပ်သုတ်သုတ်လျှောက်နေတဲ့ မီဒီယာ ဘိုးအေဆရာသက်ကို မောလားလို့ မေးမိတာ နောင်တရမိရဲ့။ လုံးဝကိုမမောဘူး။ အလှတရားတွေကြားမှာ သူ့အလိုလို ပါသွားတာတဲ့။

ဟိုး အမြင့်ဆီမှ စီးဆင်းလာတဲ့  စမ်းရေတွေဟာ ရေတံခွန်ရဲ့ အထက်နားမှာ ဖြာကျနေတယ်။ ကျောက်နံရုံအတိုင်း ဖြာပြီးဆင်းလာတာ ရေဆေးပန်းချီကား တစ်ချပ်လိုပါပဲ။ ရေခိုးရေငွေ့တွေကလည်း အုံ့ဆိုင်းလို့၊ ကျောက်နံရံပေါ်က ဖြာဆင်းလာတဲ့ရေတွေဟာ ကျောက်ရေအိုင်သို့အရောက်မှာ အရှိန်သေသွားတယ်။ ပြီးတော့မှ ဆက်စီးဆင်းသွားပါတယ်။

Miss Universe Myawaddy 2018 ပြိုင်ပွဲဝင် အလှမယ်တွေဟာလည်း ရေတံခွန်ခြေရင်း ကျောက်ရေအိုင်ရှိရာဆီသို့ ထီးကိုယ်စီနဲ့ လှေကားလေးအတိုင်တရွေ့ရွေ့ လျှောက်သွားနေတယ်။ ရိုက်ကူးရေးအဖွဲ့ ကင်မရာမင်းက လှမ်းပြောလိုက်၊ ဓာတ်ပုံတွေရိုက်လိုက်နဲ့ပေါ့။

တောနော်ရေတံခွန်၏ ရှုခင်းအလှကို တွေ့ရစဉ်

မိုးကသည်းနေတော့ ရေအိုင်ဆီကို အရောက်မသွားကြဘဲ လှေကားအတိုင်းပဲ မှတ်တမ်းတင် နေကြပါတယ်။ နွေတုန်းက နေ့စဉ်လာရောက်လည်ပတ်သူများပြားခဲ့သလို ရေချိုးအပန်းဖြေသူတွေနဲ့ ဝေစည်လို့နေခဲ့ပါတယ်။

မိုးမင်းကြီးကို တောင်းပန်ပေမဲ့ ဆက်လက်သည်းနေတဲ့အတွက် ရေတံခွန်ခြေရင်း ရေအိုင်ထဲ မဆင်းခဲ့ဘဲ ပြန်လှည့်ခဲ့ကြတယ်။ ငေးကြည့် ခံစားလို့မဝနိုင်ဘဲ အလှဓာတ်ပုံ ရိုက်သူတွေ ၊ သမင်လည်ပြန်လှည့်ကြည့်နေ သူတွေနဲ့ပေါ့။

ရွှေမြစ်သောင်ရင်း ကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးစောတင်ဝင်းက “ကျွန်တော်တို့တွေ ရေတံခွန်သွားလည်ချင်ရင် ထိုင်းဘက်ကိုသွားကြတယ်။  ဒါပေမဲ့ သဘာ၀ မဟုတ်တဲ့အတွက် အရသာချင်းမတူဘူး။ ဒါကြောင့် နဂိုကတည်းက သဘာဝအတိုင်း ရှိနေတဲ့ ဒီတောနော်ရေတံခွန်ကို လွန်ခဲ့တဲ့နှစ်ကစပြီး ဖော်ဆောင်ခဲ့တာပါ။  အများ ပြည်သူတွေလွယ်လင့်တကူ သွားလာနိုင်ဖို့ လမ်းပန်း၊ လုံခြုံရေး ကောင်မွန်အောင် လုပ်ဆောင်နေတာပါ။  နယ်မြေလုံခြုံအေးချမ်းလာတာနဲ့အမျှ သဘာဝစစ်စစ်ကို မြတ်နိုးတဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါဟာလည်းငြိမ်းချမ်းရေးရဲ့ အသီးအပွင့်ပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။

ရေတံခွန်မှ ပြန်ဆင်းလာချိန်မှာ နေ့လယ် ၁၂ နာရီရဲ့ တဖက်စွန်းကိုရောက်နေပြီဆိုတော့ ဗိုက်ကလည်းဆာနေကြပြီပေါ့။ ကားတွေရပ်နားခဲ့ရာ ကင်းစခန်း အရောက်မှာတော ဣန္ဒြေမဆည်နိုင်ဘဲ အသင့်ပြင်ထားတဲထမင်းမှာ ဝင်လွှဲကြတော့တယ်။ ကြက်သား၊ ဝက်သား ၊ တာလပေါ ဟင်းတွေစုံလို့ပေါ။

တစ်လောက မန္တလေးမှာ ပြုလုပ်တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ လူငယ်စကားဝိုင်းမှာ ဝန်ကြီးပဒေသရာဇာရေးတဲ့ ထန်းတက်သမားကဗျာထဲက စာတွေဟာ ခေတ်နဲ့ညီပါတော့မလား။ စားပြီးရင်ရေမရှာ ခွေးသာကျွေးတော့တယ်ဆိုတာ ဒီခေတ်မှာရှိပါတော့မလားလို့ လူငယ်တစ်ယောက်က မေးလိုက်တာ သတိရတယ်။ ခုခေတ်ကမှ ကဗျာက တကယ်ထင်ဟပ်နေတာ။ ခုလည်းကြည့်လေ..။ စားနေကြတာ တစ်ခါသုံး ဖော့ပန်းကန်တွေနဲ့၊ စားပြီးရင် ရေရှာဖို့အဝေးကြီး။ အနီးမှာရှိနေတဲ့ အမှိုက်ပုံးထဲ ထည့်လိုက်ကြတာပေါ့။ အနားမှာ ခွေးရှိလို့ကတော့ ဘယ်ပြောကောင်းမလဲ ။ ဝန်ကြီးပဒေသရာဇာရဲ့ ကဗျာထဲကလို ခွေးကိုကျွေးလိုက်မိမှာတော့ အမှန်ပဲဗျို့ . ..။

 

Most Read

Most Recent