စွန်ခဏလွှတ်ကြသည်

စွန်ခဏလွှတ်ကြသည်
Published 1 September 2018

Photo: BanSCB.com

(တစ်)
ကျွန်တော်တို့ငယ်ငယ်က နွေရာသီဆိုလျှင် စွန်များ လွှတ်ကြသည်။ နွေကာလများသည် ကျွန်တော်တို့ ကလေးဘဝများအတွက် အားလပ်ကြသကဲ့သို့ စွန်လွှတ်၍ကောင်းသော တောင်ပြန်လေညင်းများကလည်း တိုက်ခတ်တတ်သေးသည်။ ဆောင်းဟေမန္တ၏ မြောက်ပြန်လေသည် အေး၏။ ကြမ်း၏။ နှင်းငွေ့များ ပါလာတတ်၍ စို၏။ စွတ်၏။ စွန်လွှတ်၍ မကောင်း။ မိုးကာလတွင်း တိုက်ခတ်သက်ဆင်းသော မုတ်သုံလေများကလည်း ထိုနည်းနှင်နှင်ဖြစ်၏။ မိုးငွေ့မိုးစက်တို့ ပါလာသည်ဖြစ်၍ စက္ကူစွန်နှင့် မသင့်။ ထိုအနောက်တောင် မုတ်သုံလေက ကျွန်တော်တို့ စက္ကူစွန်လေးများကို ပို၍ပင် ကြမ်းကြမ်းရှရှ နမ်းပြတတ်သည်ပင်။

သို့သော် နွေဦး၏ လေပြည်သည်ကား ထိုသို့မဟုတ်။ တစ်ခါတစ်ရံ မသိမ့်တသိမ့်၊ မဝေ့တဝေ့ တိုက်ခတ်လေ့ရှိသော်ငြား တစ်ခါတစ်ခေါက်၌ ဝိုက်ဝိုက်ဝဲ၀ဲ၊ ကလည်ကလည်လည်း တိုးဝှေ့တတ်ပြန်သည်။ ရံဖန်ရံခါကျတော့ လုံးလုံးဖန်ဖန် ရပ်တန့်နေတတ်ပြန်သော်ငြား ကျွန်တော်တို့အတွက်တော့ နွေသည် စွန်လွှတ်ရာသီ ဧကန်အမှန်ဖြစ်ခဲ့ပါသည်။

ထိုကာလအတွင်း နှုတ်ခမ်းလေးထော်ကာ လေလေးကို ချွန်၍ လေကိုခေါ်ရသည့် အခါနှင့် ကြုံရလျှင်လည်း ပျော်သည်။ လေတဖြူးဖြူးအပြင် လေရူးလေးများနှင့် တိုးလျှင်လည်း ကျေနပ်သည်။ ထိုလေသည် ကျွန်တော်တို့ စက္ကူစွန်လေးများကို အထက်မြင့်မြင့်သို့ သယ်ဆောင်ပေးခဲ့သည် မဟုတ်လား။ ထိုနွေလေကပင် ကျွန်တော်တို့အတွက် ပျော်ရွှင်စရာ ဖြစ်ခဲ့ပါသည်။ နွေလေကို ခိုလျက် ကျွန်တော်တို့လွှတ်တင်သော စက္ကူစွန်လေးများသည် အမြင့်မှာ ဝေ့ခဲ့ကြပါ၏။ ဝဲခဲ့ကြပါ၏။
သို့သော် နွေကိုခိုသော စက္ကူစွန်လေးများကို လွှတ်သည့် ကလေးတစ်သိုက်...၊ တောင်လေကိုခိုသော ရောင်စုံစက္ကူစွန်လေးများ...၊ စွန်ကြိုးပြတ်လေးများကို လိုက်လုကြသော ဝါးလုံးကိုင် စွန်လုသမားလေးများ... ခုတစ်လော အတွေ့ရနည်းသွားပါသည်။ ခေတ်အလို၏အောက်၌ စွန်လွှတ်ခြင်းဓလေ့များ ဒူးထောက်ကျသွားပြီလား။ ခေတ်ရေစီးကြောင်းအောက်မှာ စုန်းစုန်းမြုပ်သွားပြီလား။

ဟိုတလောကတော့ စွန်လွှတ်ကလေးတစ်သိုက်နှင့် စွန်လုကလေးတစ်အုပ်တို့ကို ခဏလောက်လေး ဖျပ်ခနဲ တွေ့မြင်လိုက်ရပါသည်။ သို့သော် ဖျပ်ခနဲဆိုမှ တကယ့်ကို ဖျပ်ခနဲပင်။ ဖျပ်ခနဲအပြင် သူတို့ စွန်လွှတ်နေသည်က ဆောင်း။ ဟေမန္တဥတု။ မြက်ဖျား၌ နှင်းတို့ စိုနေသည်။ ဟေမန္တ၏ လေက ကြမ်းရှနေသည်။ သို့သော် သူတို့က ရာသီဒဏ်ကို မမှု။ မျက်ကွယ်ပြုရင်း အမြင့်ထက်က စက္ကူစွန်ကို လိုရာမောင်းနှင်ရန် ကြိုးစားနေကြသည်။ နှင်းစို၍ စက္ကူစွန်ပြဲလျှင်လည်း နောက်ထပ် စက္ကူစွန်သစ်ကို အစားထုတ်၍ မဲစာကြိုးကို တင်းကြသည်။

(နှစ်)
စက္ကူစွန်များက တစ်စွန်ချင်းဝယ်လျှင် တစ်ရာ။ နှစ်ရာဖိုးဝယ်လျှင် သုံးစွန်။ ငါးရာဖိုး ၁၀ စွန်နှင့် ဝယ်လာသူလည်း ရှိသည်။ ကျွန်တော်တို့တုန်းကတော့ စက္ကူစွန်တစ်စွန်ကို ပြား ၂၀၊ ပြား ၃၀။ ကျွန်တော်ကတော့ တစ်စွန်တည်း ဝယ်ပြီးပဲ လွှတ်သည်။ စွန်လွှတ်သင်စမှာ အမြီးတပ်လွှတ်သည်။ အခြားစွန်များကို မတိုက်။ အခြားစွန်နောက် မလိုက်။ ပျော်ရုံသက်သက်နှင့် စွန်လွှတ်တတ်ရန် လေ့ကျင့်ရုံသက်သက်သာဖြစ်သည်။ စွန်လွှတ်တတ်သွားသောအခါကျမှသာ အမြီးမပါဘဲ လွှတ်သည်။ သူတစ်ပါးစွန်နှင့် တိုက်ဖြတ်သည်။ ထို့အတွက် မှန်စာကြိုးဆိုသည်က လိုအပ်လာသည်။ မှန်စာတိုက်ကြသည်။ မှန်စာတိုက်ရန် ကျွန်တော်တို့ ဖန်မီးချောင်း အဟောင်းများကို ရှာရ၏။ ဖန်မီးချောင်းဆိုသည်က ထိုခေတ် ထိုအခါက တော်တော်ရှားသည်ဟု ပြောရမည်။ ဘာ့ကြောင့်ဟူ၍ မသိ။ ထိုအချိန်ကာလများက နှစ်ဆယ်ဝပ်၊ လေးဆယ်ဝပ် မီးသီးများသာ အသုံးများကြသည်။ နောက်မှ လျှပ်စစ်မီးအကြောင်းလေး နည်နည်းပါးပါး တီးခေါက်မိမှ မီးအားမပြည့်သောကြောင့်ဟု သိရသည်။

ထို့ကြောင့်ပင်ထင်၏။ ကျွန်တော်တို့ အိမ်၊ အိမ်မှူးခန်းမှ တစ်ချောင်းတည်းသော လေးပေချောင်းသည် မီးသီးတစ်လုံးဖြင့် တွဲချူမှသာ မျက်တောင်တဖျပ်ဖျပ် ခတ်တတ်သည်။ သို့တိုင် လင်းသည်မဟုတ်။ တဖျပ်ဖျပ် ခတ်ရုံလောက်သာ။ မီးချောင်းလင်းချိန်ဆိုသည်မှာ တွေ့ရခဲ၏။ ထို့ကြောင့်လည်း မီးချောင်းကျွမ်းသည်ဟူသည် သိပ်မရှိ။ မရှိတော့ မီးချောင်းအကျွမ်းကို မတွေ့ရ။ တွေ့သည့် မီးသီးအကျွမ်းဖြင့်ပင် မှန်စာထောင်းကြသည်။ မှန်စာမှုန့် လုပ်ကြသည်။ ထိုမှန်စာ ကြိုးဖြင့်ပင် စွန်တိုက်ကြ၏။ တိုက်သည့်အခါ ကိုယ်ပြတ်သည့်အလှည့်လည်း ရှိ၏။ ကိုယ်နိုင်သည့် အခါလည်း ကြုံသည်။ ဘယ်လိုပင်ဖြစ်ဖြစ် ကျွန်တော် ပျော်ခဲ့ပါသည်။ နောက်ဆုံး စက္ကူစွန်ကို ရုပ်၍ မိုးချုပ်အိမ်ပြန်ပြီဆိုသည်အထိ ကျွန်တော်အပါအဝင် ကျွန်တော်တို့ သူငယ်ချင်းများ ပျော်ခဲ့ကြပါသည်။

(သုံး)
သို့သော် စက္ကူစွန်မလွှတ်တော့သည့် ယခုအချိန်မှာကော...။ ကျွန်တော်သည် စက္ကူစွန်အစား ဘဝစွန်ကို လွှတ်တင်နေပါသည်။ ကျွန်တော့်ဘ၀ စက္ကူစွန်သည် လောကလေကြောတွင် မျောလျက်။ တလည်လည်၊ တလူလူ ဖြစ်၍နေလေသည်။ ကံဇာတ်ဆရာ၏ ကြိုးဆွဲရာသို့လိုက်ကာ ဘယ်သို့ ယိမ်းဆိုလျှင် ကျွန်တော် ညာသို့ မယိမ်းရဲ။ ညာသို့ ဆိုလာလျှင်လည်း ကျွန်တော်သည် ဘယ်သို့ မယိမ်းရဲပြန်။ ကံဇာတ်ဆရာက လျှော့လျှင် တလည်လည်ဖြစ်လျက် ကံဇာတ်ဆရာက တင်းလျှင် တထောင်ထောင် လွင့်ခဲ့ရပါသည်။ ထိုသို့မှမဟုတ်ဘဲ တစ်ဖက်စွန်နှင့် တိုက်စရာ ကြုံလျှင်လည်း တိုက်ကြရပြန်သည်။ ယှဉ်စရာ တွေ့လျှင်လည်း ယှဉ်ကြရ၏။ မင်စရာ တွေ့လျှင်လည်း မင်ကြရ၏။

သို့သော် ဘဝစက္ကူစွန်ကား ငယ်ငယ်က လွှတ်တင်ခဲ့သည့် စွန်နှင့်တော့ မတူတော့။ စား၊ ဝတ်၊ နေရေးဟူသော မျက်နှာစာများဖြင့် ဘဝစွန်ကို လောကလေပေါ်မှာ တလည်လည် လွှင့်နေရသည်မှာ ပျော်စရာမဟုတ်တော့။ ဘဝစက္ကူစွန်အတွက် ကျွန်တော်တို့ စိတ်မောနေကြရသည်။ အကြောင်းမူ ကျွန်တော်တို့က ဘဝစွန်ကို ပိုပိုသာသာရာဖြတ်ခဲ့ကြသည် မဟုတ်လား။ ထို့ကြောင့်ပင် ကျွန်တော်တို့၏ ဘဝစက္ကူစွန်ကို ကျွန်တော်တို့ ပို၍ပို၍ မက်မက်စက်စက် ရှိခဲ့ကြခြင်းဖြစ်သည်။ ထိုတပ်မက်ခြင်းသည်ကား နှယ်နှယ်ရရ မဟုတ်။ ကုသလနှင့် အကုသလတို့ကို မပိုင်းခြားတတ်။ ဓမ္မနှင့် အဓမ္မတို့ကို မခွဲခြားတတ်။ ထိုအခြေအနေသို့ ဆိုက်ရောက်သွားရသည့်တိုင်အောင် ဘဝစွန်ကို တွယ်တာသွားခဲ့ကြပါ၏။ အကြောင်းနှင့်အကျိုး အဆက်အစပ်ကို မသိမမြင်နိုင်သည်အထိ ဖြစ်အောင်လည်း စုံလုံးကန်းခဲ့ကြ၏။

ငယ်ငယ်က လွှတ်တင်ခဲ့သည့် စက္ကူစွန်။ ယခု လွှတ်တင်နေသော ဘဝစက္ကူစွန်။ ထိုနှစ်ခုတို့သည် များစွာခြားနားသွားလေသည်။ စက္ကူစွန်လေး ပြတ်သွားသောအခါ ကျွန်တော်တို့ ရယ်နိုင်ခဲ့ကြသော်ငြား လောကဗလာနယ်ထဲက ဘဝစက္ကူစွန်လေး၏ အဖြစ်ကို ကျွန်တော်တို့ လေလေးတချွန်ချွန်နှင့် စိတ်မအေးနိုင်ခဲ့ကြပေ။ ကြိုးမဲ့ ဘဝစက္ကူစွန်လေး၏ အဖြစ်ဆိုလျှင်ကား မတွေးကြည့်ရဲလောက်အောင်ကို လှိုက်မောကြပေလိမ့်မည်။ ဘဝစက္ကူစွန်နှင့် ဆော့ကစားသည့် စက္ကူစွန်ကို ဘယ်လိုမှ တူသည်ဟု မြင်နိုင်ကြလိမ့်မည် မဟုတ်ပါ။ တကယ်တမ်းက ငယ်ငယ်က လွှတ်တင်ခဲ့သည့် စက္ကူစွန်နှင့် ယခုလွှတ်တင်နေသော ဘဝစက္ကူစွန်တို့၌ တူသည်ဟု ဆိုနိုင်သောအရာက ရှိနေပါသည်။ ယင်းကား အခြားမဟုတ်။ နေဝင်ချိန် စွန်ကိုရုပ်၍ အိမ်ပြန်ကြရတော့မည့် အပျက်သဘောပင်ဖြစ်၏။

(လေး)
ထိုအချိန်၌ ကျွန်တော်တို့သည် သတိတရားတစ်ခုကို ဆုပ်ဆုပ်ကိုင်ကိုင်ပြု၍ ဖြတ်သန်းနိုင်ကြပါမည်လော။ သမုဒယနှောင်ကြိုးကို ဖြတ်တောက်၍ လွတ်မြောက်မှုရသကို ကျွန်တော်တို့ ရပါမည်လော။ ကျွန်တော်တို့၏ ဘဝစက္ကူစွန်လေးကို ပျော်ရွှင်စွာ ရုပ်သိမ်း၍ အိမ်ပြန်ခဲ့ကြစေချင်ပါသည်။ အကြောင်းမူ တမလွန်မှ တစ်ခုခုသည် ကျွန်တော်တို့ ယူဆောင်လာသော အခြင်းအရာပေါ် မူတည်လျက် စောင့်ကြိုနေသောကြောင့် ဖြစ်ပါသည်။

Most Read

Most Recent