ဒိုင်နိုဆောခေတ်ရဲ့ နောက်ဆုံးအံကပ်

ဒိုင်နိုဆောခေတ်ရဲ့ နောက်ဆုံးအံကပ်
Published 8 August 2018

Junction Square ရှောပင်းမောတစ်နေရာအား တွေ့မြင်ရစဉ် (ဓာတ်ပုံ - စုမှူးနိုင်)

(၁)

ခေတ်မီဈေးဝယ်စင်တာကြီးတစ်ခုရဲ့ ပရိုမိုးရှင်းဧရိယာတစ်ခုမှာပါ။ အဲဒီနေရာမှာ နားမထောင်လည်း ကြားနေရတဲ့ဆူညံသံတွေနဲ့အတူ ဆက်သွယ်ရေးအော်ပရေတာကြီးတစ်ခုရဲ့အရောင်းမြှင့်တင်ပွဲတစ်ခုကိုကျင်းပနေတယ်။ အဲဒါ နေရာစုံက ကြည့်မောနေ လို့ရတဲ့ နောက်ဆုံးပေါ်ခေတ်ရဲ့အလုံပိတ်အအေးခန်းကျယ်ကြီးတစ်ခုမှာပေါ့။ အထပ်တိုင်းကို လျှောက်လမ်းမကျယ်ကျယ် လက်ရမ်း မှန်ဘောင်တွေနဲ့ လှပခမ်းနားစွာ ပြင်ဆင်ထားတယ်။ အပေါ်ထပ်အောက်ထပ်လေး ဖက်လေးတန်နေရာတိုင်းကို မှန်အသားထဲ အစီအရီ ထိုးထည့်ထားပါတယ်။ အပေါ်ဆုံးထပ် လျှောက်လမ်းကနေ ဟိုးအောက်ဆုံးက ဆုံမှတ်နေရာအထိ လွယ်ကူရှင်းလင်းစွာ လှမ်းမြင်နိုင်တဲ့ ပုံစံမျိုးလုပ်ထားတာလေ။ မြင်ကွင်းကို ကြည်လင်ချောမွတ်အောင် တမင်လုပ်ယူထားသလို ခေတ်မီဆန်းပြားတဲ့ ရောင် စုံရှုမျှော်ခင်းတွေဟာ မျက်စိရှေ့မှာ အတိုင်းသားမြင်ခွင့်ရနေသလိုပါ။ ဈေးဝယ်စင်တာရဲ့အဲဒီအလယ်ကောင်ဧရိယာဟာ အပြင်ဘက်က ကျပ်ညပ်လာနေတဲ့ လူနေမှုဘဝတွေ ထက်စာရင် အတော်အသင့်ကျယ်ဝန်းတယ်လို့တောင် ဆိုနိုင်မယ်ထင်တယ်။ မဟုတ်လည်း ရောက်လာသူတွေကိုလည်း လှည့်မပြန်ချင်လာက်အောင် အလင်းလက်ဆုံး ဆွဲဆောင်ထားနိုင်ပါတယ်။အပြင်ဘက်က မိုးလေဝသ အခြေအနေတွေကတော့အားလုံးနဲ့ မသက်ဆိုင်တဲ့ သဘာဝတရားသက်သက်လို ဖြစ်နေ နိုင်တာပေါ့လေ။ ထားပါတော့။ သစ်ရွက် ကြွေကို ချနင်းလိုက်တဲ့ ခြေဖဝါးသံလား၊ မိုးစက်ကို ကာထားတဲ့ အရိပ်တစ်ခုလား လောလောဆယ် အဲဒါတွေ စဉ်းစားဖို့ မလိုသေးဘူးဆိုတဲ့ အခိုက်အတန့်ပါပဲ။

အခုလောလောဆယ် ယိုယွင်းလာတဲ့ သဘာဝတရားတွေ ပြောင်းလဲနေတဲ့  ရာသီဥတုအကြောင်းတွေကို လုံးဝနီးပါး မပြောဖြစ် မကြားရတဲ့နေ့က ဘာရယ်မဟုတ် ဈေးဝယ် စင်တာတစ်ခုထဲ  ရောက်နေခဲ့တာပေါ့။ မိသားစု အပူအပင်တွေကို ခဏတာ သင်ပုန်းချေခွင့် ရတဲ့အချိန်တွေပါပဲ။ စိတ်ပြေလက်ပျောက် အနားယူလျှောက်လည်ခွင့်ရတဲ့ ပျော်စရာအချိန်တစ်ခုမှာပါ။ တွေ့လိုက်ရတာကတော့ အဲဒီမှာရှိနေသူအားလုံးဟာ သူတို့ရဲ့အိပ်မက်တွေကို အကောင်းဆုံးကို ပုံဖော်နိုင်ခဲ့ကြတယ် ဆိုတာပါပဲ။ မိုးစက်တွေဟာ ထိုင်းမှိုင်းစိတ်ကို အဆုံးစွန်ထိ ခေါ်ဆောင်သွားနိုင်တယ် မဟုတ်လား။ ခေတ်မီဆန်းပြားခြင်းတွေကတော့ တက်ကြွမှုကို အရောင်ခြယ်နေလေရဲ့။  ဒီနေရာမှာ အတော်အသင့်ခမ်းနားပြီး နောက်ဆုံးပေါ် ဒီဂျစ်တယ်နည်းပညာတွေနဲ့ တပ်ဆင်ထားတဲ့ ရောင်စုံစတိတ်စင်တစ်ခု ရှိတယ်။ နောက်ပြီး ပြေးလွှားနေတဲ့ ဆလိုက်မီးရောင်တွေ အချိန်နဲ့အမျှ ထုတ်လွှင့်နေတဲ့ အစီအစဉ်တင်ဆက်သူရဲ့တက်ကြွတဲ့အသံတွေ ပြိုင်ဆိုင်လိုစိတ်ပြင်းထန်တဲ့ အားပေး အော်ဟစ်သံတွေ ရှိနေပါတယ်။ ဟေး ဒီမှာ လူငယ်တွေကြားထဲ စိတ်လှုပ်ရှားစရာ အ ကောင်းဆုံးအခိုက်အတန့်တွေ ဖြစ်ပေါ်နေပြီတဲ့လေ။ တကယ့်ကိုတက်ကြွရူးသွပ်ဖွယ် အပြင်အဆင်တွေပဲပေါ့။ ကွန်ရက်တွေချိတ်ဆက်ထားတဲ့ အဆင့်မြင့်ကွန်ပျူတာတွေနဲ့ ကြီးမားကျယ်ပြန့်လွန်းတဲ့ ရုပ်ကြွတီဗွီမျက်နှာ ပြင်တစ်ခုကိုစတိတ်စင်ရဲ့နောက်ခံအဖြစ် အသုံးပြုထားတယ်။ မီးကို စတင်တွေ့ရှိခဲ့ပုံက လူ့ယဉ်ကျေးမှုအစဆိုရင် ဖန်သားပြင်ကို တို့ထိစေခိုင်းနိုင်ခဲ့ခြင်းဟာ ဒီနေ့ခေတ်ရဲ့ နောက်ဆုံးပေါ်နည်းပညာဖြစ်လိမ့်မယ်လို့ ထင်နေရတဲ့ အချိန်တွေပေါ့။ အားလုံးဟာ ရှေ့မှာ မြင်နေရတဲ့ မျက်နှာပြင်ကျယ်ကြီးအပေါ်အာရုံစူးစိုက်လို့ သွေးလည်ပတ်မှုမြန်မြန် ဦးနှောက် အလုပ်လုပ်ပုံမြန်မြန် စိတ်လှုပ်ရှားမှုတွေ မို့မောက်နေကြလေရဲ့။

(၂)

ဒီနေ့လူငယ်တွေကြားထဲမှာတော့ အနာဂတ်ကို စိတ်ကူးနဲ့ ပုံဖော်လို့ မဝသေးခင်မှာပဲ တယ်လီဖုန်းမျက်နှာပြင်ဟာ သူတို့ ရဲ့ဒုတိယဘ၀ ဖြစ်လာခဲ့ပြီပေါ့။အဲဒီမှာ ရူးသွပ်ဖွယ်ရနံ့တွေနဲ့အတူ အသေအချာ ပြင်ဆင် ထားတဲ့ပုံရိပ်ယောင်ရုပ်ကြွအိပ်မက်တွေရှိပါတယ်။ ဘယ်လိုလဲဆိုတော့ အိပ်မက်တွေကို အသက်သွင်းရတာ ပိုပြီး အရောင်စိုလက် တောက်ပလာခဲ့ပြီလို့ ပြောချင်တာပါ။အဲဒီမှာ ဝေးကွာလွန်းတဲ့အရပ်ဒေသကိုလည်း မျက်စိတစ်မှိတ်လျှပ်တစ်ပြက် ရောက်ရှိနိုင်သလို နီးကပ်လွန်းတဲ့ဘဝတွေကိုလည်း ဝေးရာပို့ပစ်ခဲ့ပြီးပြီ ဆိုတော့လေ။ အရာရာဟာ ဖုန်းမျက်နှာပြင်ပေါ်မှာ ကျင့်သားရအဆင်ပြေခဲ့ပါပြီ။ ဒါဟာ အားလုံးကို ရင်ဘတ်ချင်း ပိုပြီးနီးကပ်စေသလို  ကျောချင်းကပ်ထားနေရသလိုလိုပါ။ ဒါပေမဲ့ ဆုံမှတ်ဟာ ဖန်သားပြင်ရဲ့ ရုပ်ကြွပုံသဏ္ဌာန်ထဲ လှုပ်ရှားလူးလွန့်နေတဲ့ပုံရိပ်တွေ ထဲမှာ။ ရောက်လာသူအားလုံးလည်း သွေးချင်းနီး စီးချက်လိုက်နေသလိုလိုပါပဲ။

စိတ်လှုပ်ရှားစရာ အခိုက်အတန့်တွေအချိန်တိုင်းမှာ ဖြစ်ပေါ်နေတယ်လို့ပဲ ထပ်ပြောပါရစေတော့။ အော်ဟစ်အားပေးနေတဲ့ လူငယ်တွေရဲ့အသံလှိုင်းတွေ နှလုံးခုန်ချက်ကြိမ်နှုန်းတွေအားလုံးဟာ ဆူညံသံတွေကြား ရုန်းကြွနေတယ်။ ဒါဟာ သိပ်ကို အံ့အားသင့် စရာကောင်းတဲ့ ခေတ်မီပြိုင်ပွဲတစ်ခုပါပဲတဲ့။ ဒါကတော့ အဖွဲ့လိုက်ယှဉ်ပြိုင်ရတဲ့ နက်ဝပ်စ်ဂိမ်းတစ်ခုကို ပြိုင်ဆိုင်နေကြတာပါတဲ့လေ။အင်မတန် ထူးဆန်းအံ့သြဖို့သိပ်ကောင်းပါတယ်။ အဆင့်မြင့်ကွန်ပျူတာနည်းပညာနဲ့ ချိတ်ဆက်ထားတဲ့ ကွန်ရက်တွေကတစ်ဆင့် တစ်ဖက်နဲ့တစ်ဖက်ထိုးစစ်ဆင်နေကြတာ အံ့မခန်းပါပဲ။  နောက်ပြီး အဲဒီလိုပြိုင်ပွဲမျိုးကို  ခေတ်မီဈေးဝယ်စင်တာကြီးတစ်ခုထဲမှာ တခမ်းတနား ကျင်းပနေကြတာဆိုတော့ ပိုပြီးတော့တောင် စိတ်လှုပ်ရှားစရာကောင်းနေခဲ့ တာပေါ့။ ယှဉ်ပြိုင်သူတွေဟာ တယ်လီဖုန်း မျက်နှာပြင်တစ်ခုစီကနေ ပြိုင်ပွဲကို စတင်လိုက်တယ်။ ဟား၊ အဲဒါငယ်ငယ်ကစွဲလမ်းဖူးခဲ့တဲ့လူငယ်ဘဝရဲ့ အိပ်မက်အသစ်တွေပါပဲ။ ဟုတ်တယ် အဲဒါ အရင်ဘဝက အဆက်အစပ်နဲ့ လှမ်းရွာတဲ့ အိပ်မက်မိုးတိမ်တွေပေါ့။ ရုတ်တရက်မျက်စိရှေ့ကို အလင်းရောင်တွေ ယိမ်းထိုးစိုက်ကျလာခဲ့တယ်။ အခုမျက် မှောက်ခေတ်အချိန်ဟာ အရင်ကအိပ်မက်တွေအားလုံးကို ရုပ်လုံးကြွလာစေခဲ့ပြီဆိုပါ တော့။ ငယ်ဘ၀ စွဲလမ်းလွန်မှုတွေ လူသားဆန်မှုတွေ လူလုပ်နည်းပညာတွေအားလုံး မျက်စိရှေ့ကို အမှန်တကယ်ရောက်လာခဲ့တာ။ အဲဒါ သုံးဖက်မြင်ရောင်စုံရုပ်ကြွတွေနဲ့  ယနေ့ကမ္ဘာရဲ့အနွေးဆုံး သွေးလည်ပတ်စီးဆင်းမှုပဲ မဟုတ်လား။ ချောမွတ်တဲ့ဖန်သားပြင်ဟာ အကောင်းဆုံးဆွဲဆောင်ထားတဲ့ အလို ရမက်တစ်ခုလိုပဲ။ တစ်ဦးချင်းစီရဲ့ ဇောစိတ်တွေနဲ့အတူ ပြိုင်ပွဲကိုအသေအကြေတိုက် ခိုက်နေကြတယ်။ ပန်းတိုင်ဟာ ဉာဏ်ရည် ဉာဏ်သွေးခေတ်မီခြင်း ယှဉ်ပြိုင်အနိုင်ယူလိုစိတ်တွေပေါ့လေ။

(၃)

ရပ်ကွက်ချင်း ဘောလုံးချိန်းကန်ခဲ့တဲ့ ငယ်ဘဝနဲ့စာရင် ယနေ့ခေတ်ဟာ ဘယ်လမ်းပေါ် ရောက်နေပြီလဲတဲ့။ မေးသံဟာ ဖန်သား မျက်နှာပြင်ပေါ်ရုပ်လုံးကြွနေတဲ့အသံ အဖြစ် ခုန်ထွက်လာခဲ့တယ်။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပြိုင်ပွဲတွေကို စမတ်ဖုန်းထဲ ပြောင်း ရွှေ့လာတဲ့အခါ နယ်ဘက်က ပိုက်ကျော်ခြင်းကွင်းတွေထဲ လူတွေ အုံခဲနေတုန်းပဲလားဆိုတာကိုအလောတကြီး သိချင်လာမိတယ်။လမ်းဘေးမျက်လှည့်ဝိုင်းတွေမှာ မထူးဆန်းတဲ့ပြကွက်တွေထဲအံအားသင့်နေကြတယ်ဆိုတာ ပါးစပ်ရာဇဝင်ဖြစ်လာခဲ့တယ်။ကိုယ်ကာယနဲ့ယှဉ်ပြိုင်အနိုင်ယူမှုတွေက အားကောင်းဆဲဆိုပေမယ့် စာဖတ်ခြင်းဟာ ပျောက်ဆုံးသွားတဲ့ ယဉ်ကျေးမှုဖြစ်လာပါတော့မယ်။ ဟား၊ အဲဒါမှ တကယ့်ပြဿနာပါ။ အဲဒီလိုခေတ်ကြီးထဲမှာ အနာဂတ်တန်ဖိုးကို နည်းပညာတွေနဲ့ မြှင့်တင်လိုက်တဲ့အခါ အသိပညာကို တခြားနေရာတွေဆီကရှာဖွေလာတဲ့အခါ စာအုပ်တွေဟာ ပြတိုက်ထဲမှာ ပိုပြီး နေရာယူလာတော့မှာလား။ ဒီကိစ္စဟာ မသေချာပါဘူး။ ဒါပေမဲ့ နောက်ကိုပြန်လှည့်ကြည့်ဖို့လည်း လောလောဆယ် မလိုသေးဘူး မဟုတ်လား။ အခုအချိန်ဟာ အကောင်းဆုံး အရှိန်ယူနေတဲ့နည်းပညာရဲ့သမိုင်းဦးဘုံမြေ ခေတ်ပါပဲတဲ့။ ဆက်ပြောပါတယ်။ နောက်ဆုံးမျိုးဆက်ရဲ့အဆုံးစွန်ထိ တောက်ပလာမယ့် ဒီဂျစ်တယ်ရောင်စုံဖန်မီးအိမ်ပါတဲ့လေ။အားလုံးကိုယ်စီ ရှေ့ကို ဆက်သွားနေကြတာပေါ့။

ဂိမ်းကစားခြင်းဆိုတာ လူငယ်ဘဝရဲ့အတွေ့အကြုံတစ်ခုလောက်ပါဆိုတဲ့ သတ်မှတ်ချက်တွေကို ပြက်ရယ်ပြုလိုက်တဲ့အခိုက် အတန့်ပါပဲ။ အခု ဒီနေရာမှာတင်ပြည့်စုံတဲ့  Gamer တစ်ယောက်ဖြစ်ဖို့ လူငယ်ဘဝရဲ့ အိပ်မက်တွေကို အကောင်းဆုံးအသက်သွင်း ပေးနေပြီလို့ပဲဆိုပါတော့။ ဟိုးတုန်းကလည်း အချင်းချင်း ပြိုင်ဆိုင်လိုစိတ်တွေ အဖွဲ့လိုက် ကြိုတင်ချိန်းဆိုမှုတွေနဲ့ ပြိုင်ပွဲတွေကို အသက်သွင်းခဲ့ကြတာပဲ မဟုတ်လား။ အခုကျတော့ အဲဒီလို လူမသိသူမသိပြိုင်ဆိုင်မှုတွေတောင်မှ မဟုတ်တော့ဘူး။ ဂိမ်းကစားနည်းကို စင် မြင့်ပေါ် တခမ်းတနားပစ်တင်လိုက်တဲ့အခါ လူငယ်တစ်ယောက်အတွက် ပိုပြီး အဓိပ္ပာယ် ရှိလာတော့တာပါပဲ။ တစ်ဖက်နဲ့တစ်ဖက် အနိုင်မခံစိတ်နဲ့ အာရုံစူးစိုက်ထားကြတယ်။တစ်ဖက်နဲ့တစ်ဖက် အလျှော့မပေးတမ်း တိုက်ခိုက်နေကြပါတယ်။ ပြီးရင်တော့ အားလုံး လက်ဆွဲနှုတ်ဆက်ကြမှာပဲပေါ့။ ပုံရိပ်ယောင် မျက်နှာပြင်ထဲ တကယ်မရှိတဲ့ အကောင်ငယ် ကလေးတွေက သွက်လက်စွာလှုပ်ရှားနေတယ်။ ဒါပေမဲ့ အဲဒါတကယ်ရှိနေတဲ့လူငယ်ဘဝရဲ့သွေးခုန်နှုန်းတွေပဲလေ။ အရာရာ အပွင့်စနစ်ဖြစ်လာတဲ့ လူငယ်တိုင်းရဲ့အနာဂတ်ရှုမျှော်ခင်းတွေပါပဲ။ ဂိမ်းကစားခြင်းဟာ လူငယ်တွေကိုပျက်စီးစေတယ်ဆိုတာကို ဒီမှာရှိနေတဲ့လူငယ်အားလုံးက မျက်ကွယ်ပြု သရော်ပါတယ်။အလွန်အကျွံဆိုတဲ့ စကားလုံးဟာ နေရာတိုင်းမှာ တဆတ်ဆတ်ခါနေကျပဲ မဟုတ်ပါလား။

(၄)

အပြင်က တကယ့်စစ်ပွဲတွေကိုပုံရိပ်ယောင် နည်းပညာနဲ့ ပြောင်းလဲပစ်လိုက်တဲ့အခါ  စစ်သွေးကြွနေတဲ့သူတွေဟာ ဂိမ်းတစ်ခုထဲက အရုပ်တွေဖြစ်သွားကြလိမ့်မယ်။   အာဏာမက်မောနေတဲ့သူတွေကိုလည်း အနာဂတ်ရဲ့  Gamer  တွေ အဖြစ် မြင်တွေ့ခွင့်ရနိုင် မှာပဲပေါ့။ အဲဒီမှာ စစ်တိုက်ချင်တဲ့သူတွေအားလုံး ကွန်ပျူတာရှေ့ ရောက်လာကြပါလိမ့်မယ်။ တစ်ဦးကို စမတ်ဖုန်းတစ်လုံးစီ ကိုင်စေပြီး သေနတ်သံတွေကို ဖန်သားပြင်ပေါ် ပြောင်းလဲထည့်ပေးထားလိုက်ပါမယ်။ကဲ၊ ကြည့်ပါ။ဒါဟာ ကောင်းမွန်တဲ့ စိတ်ကူး အိပ်မက်ပဲမဟုတ်လား။ စစ်တိုက်ချင်သူတွေကို အဖွဲ့လိုက်ဖုန်းတစ်လုံးစီနဲ့ စီမံညွှန်ကြား စေလိုက်ကြရုံပေါ့။ မကောင်းဘူးလား။ စစ်ကို လမ်းထိပ်လက်ဖက်ရည်ဆိုင်မှာတင် အပျင်းပြေ တိုက်နေလည်းရတဲ့ နောက်ဆုံးပေါ်ခေတ်မီ နည်းပညာလေ။ ဒုက္ခသည်ဆိုတာလည်း မရှိတော့ဘူး။ မြေမြှုပ်မိုင်းတွေလည်း မရှိတော့ဘူး။ အသက်နဲ့ လောင်းကြေးထပ်နေရတဲ့ အလျော်အစားတွေလည်း ရှိလာမှာ မဟုတ်တော့ဘူး။ ထိခိုက်ဆုံးရှုံးမှုတွေ စိတ်ဒဏ်ရာတွေလည်း ဘယ်တော့မှ ဖြစ်မလာတော့ဘူးပေါ့။ အားလုံး အသည်းအသန်ယှဉ်ပြိုင်နေကြတယ်။ ပြီးရင် အားလုံး လက်ဆွဲနှုတ်ဆက်ကြမယ်။ ငြိမ်းချမ်းရေးဆိုတာ လူကြိုက်အများဆုံး စတေကာကွန့်မန့်အဖြစ် ကမ္ဘာကျော်သွားပါလိမ့်မယ်။ ကဲ၊  ဒါဆို အားလုံးကဘာလက်မခံနိုင်စရာရှိတော့မှာလဲ။ မဟုတ်ဘူးလား။ဒီနေ့ ဒီအချိန်ကစပြီး ရှေ့မှာမြင် နေရတဲ့ အနာဂတ်စခရင်အကျယ်ကြီးပေါ် အားလုံး Gamer  တွေ ဖြစ်သွားနိုင်ကြပါပြီ။

Most Read

Most Recent