ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ပေါ်စေဖို့ အနီးဆုံးမီးပွားကတော့ ၁၉၈၇ ခုနှစ် စက်တင်ဘာ ၅ ရက်မှာ ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်နဲ့ ၇၅ ကျပ်တန် ငွေစက္ကူတွေကို (မဆလ) အစိုးရက ဖျက်သိမ်းခဲ့လို့ ပြည်သူအားလုံး အထိနာခဲ့ကြရပြီး အစိုးရအပေါ် မကျေမနပ်ဖြစ်ခဲ့ရာက အစပျိုးခဲ့ရပါတယ်။
၁၉၈၅ ခုနှစ်နောက်ပိုင်းကစပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ သိသိသာသာ ကျဆင်းလာခဲ့တဲ့နောက် ၁၉၈၇ ခုနှစ် အောက်တိုဘာ ၂၉ ရက်မှာ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ (LDC) အဆင့်အတန်းအဖြစ် ကမ္ဘာ့ကုလသမဂ္ဂရဲ့ သတ်မှတ်တာကို ခံလိုက်ရတယ်။
အဲဒီလို ငွေစက္ကူတွေ ဖျက်သိမ်းခံလိုက်ရတဲ့အဖြစ်နဲ့ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံလိုက်ရတဲ့ ဖြစ်ရပ်တွေကြောင့် ပြည်သူလူထုရဲ့ စိတ်ထဲမှာ မကျေမနပ် ခံစားရမှုတွေနဲ့ ပြည့်နှက်ခဲ့ပါတယ်။
မတ်လ ၁၃ ရက် ဖုန်းမော်အရေးအခင်း
၁၉၈၈ ခုနှစ် မတ် ၁၂ ရက်မှာတော့ ရန်ကုန်စက်မှုတက္ကသိုလ်အနီးက ကြို့ကုန်း လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့တယ်။ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ တစ်ဖက်ကျူးလွန်သူတွေကို သက်ဆိုင်ရာရဲစခန်းက အရေးမယူနိုင်ခဲ့တဲ့အတွက် နောက်တစ်ရက်ဖြစ်တဲ့ မတ် ၁၃ ရက်ညမှာ ပိုပြီးကြီးမားတဲ့ အဓိကရုဏ်းဖြစ်ပွားခဲ့ရတယ်။ အဲဒီလို အခင်းဖြစ်ပွားမှုကို လုံခြုံရေးနဲ့ ထိန်းသိမ်းရေး (လုံ/ထိန်း) ရဲတပ်ဖွဲ့က စက်မှုတက္ကသိုလ် ကျောင်းဝင်းထဲအထိ ဝင်ရောက်ပြီး သေနတ်တွေနဲ့ အင်အားသုံး ပစ်ခတ်လူစုခွဲခဲ့တယ်။ အကြမ်းဖက်ပစ်ခတ်ခဲ့တာကြောင့် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် (ပွဲချင်းပြီး) နဲ့ ကိုစိုးနိုင် (၁၀ ရက်ကြာမှာ) ဟာ သေနတ်ဒဏ်ရာတွေနဲ့ ကွယ်လွန်ခဲ့ကြရတယ်။
နောက်တစ်နေ့ မတ် ၁၄ ရက် အစိုးရထုတ် သတင်းစာတွေမှာတော့ ကိုဖုန်းမော် ကွယ်လွန်ခဲ့ရတာဟာ လုံးထိန်းရဲတပ်ဖွဲ့ရဲ့ သေနတ်ဒဏ်ရာကြောင့်လို့ မဖော်ပြဘဲ ပဋိပက္ခဖြစ်စဉ် ခိုက်ရန်ဖြစ်ပွား သေဆုံးရတယ်လို့ ဖော်ပြလာခဲ့တဲ့အတွက် စက်မှုတက္ကသိုလ် ကျောင်းသားတွေက သေနတ်ဒဏ်ရာကြောင့် သေဆုံးကြောင်း၊ သေနတ်ဒဏ်ရာကြောင့် ဆေးရုံတင်ကုသနေရကြောင်း အဖြစ်မှန်အတိုင်း သတင်းထုတ်ပြန်ပေးဖို့ စက်မှုတက္ကသိုလ် ပါမောက္ခချုပ် ဦးခင်အောင်ကြည်ကို တောင်းဆိုရာမှာ ပါမောက္ခချုပ် ဦးခင်အောင်ကြည်က ရှောင်လွှဲနေပြီး နောက်ဆုံးမှာ မော်ကွန်းထိန်း ဦးဘိုအေးက အဖြစ်မှန်အတိုင်း သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ရကြောင်း လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။
မော်ကွန်းထိန်း ဦးဘိုအေး လက်မှတ်ရေးထိုးပေးတဲ့ အဖြစ်မှန်စာရွက်ကို ကျောင်းသားတွေက မိတ္တူကူး ဖြန့်ချိကြရာမှ ကျောင်းသားလှုပ်ရှားမှု အရှိန်မြင့်လာပြီး အင်အားသုံးအကြမ်းဖက် ပစ်ခတ်ခဲ့တဲ့ ရဲတပ်ဖွဲ့ရဲ့ အမိန့်ပေး ညွှန်ကြားမှုကို အရေးယူပေးဖို့ ကိုဖုန်းမော်ရဲ့ အလောင်းကို မိသားစုထံ ပြန်ပေးဖို့ တောင်းဆိုလာခဲ့ကြတယ်။
အဲဒီလို တောင်းဆိုနေတဲ့ မတ် ၁၅ ရက် ညနေပိုင်းမှာ စက်မှုတက္ကသိုလ်ဝင်းထဲက အဆောင်နေကျောင်းသား ၁၀၀ ကျော်ကို စစ်ထောက်လှမ်းရေးနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးသွားခဲ့ကြတယ်။
မတ်လ ၁၆ ရက် တံတားနီအရေးအခင်း
စက်မှုတက္ကသိုလ်ကျောင်းသားတွေ အဖမ်းဆီးခံရတဲ့သတင်းကြောင့် မတ် ၁၆ ရက်မှာတော့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေ (RASU) ကျောင်းဝင်းအတွင်း စုဝေး ဆန္ဒပြခဲ့ကြတယ်။ အဲဒီနောက်မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေက စက်မှုတက္ကသိုလ်ကို ချီတက်ခဲ့ကြရာမှာ ပြည်လမ်း၊ အင်းလျားကန်ပေါင်အရောက်မှာ လုံထိန်းရဲနဲ့ စစ်တပ်နှစ်ဖက်ညှပ်ပြီး လုံထိန်းရဲအဖွဲ့က အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးခဲ့ပါတယ်။
တက္ကသိုလ်ကျောင်းသားတွေ နေ့စဉ်အကြမ်းဖက် အဖမ်းဆီးခံရတဲ့သတင်းတွေကြောင့် မတ် ၁၇ ရက် ရန်ကုန်တက္ကသိုလ် အပန်းဖြေစခန်း (RC) ရှေ့မှာ ကျောင်းသားအင်အား ၁၀၀၀ နီးပါး ထပ်မံဆန္ဒပြ တောင်းဆိုခဲ့ကြတယ်။
အဲဒီနေ့မှာလည်း ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းကို လုံထိန်းရဲတပ်ဖွဲ့ဝင်တွေ အင်အားအပြည့် ဝင်ရောက်လာပြီး ကျောင်းသား ကျောင်းသူ ၅၀၀ ကျော်ကို အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးကာ အင်းစိန်အကျဉ်းထောင် သီးသန့်ထောင်ထဲ ပို့ခဲ့ပါတယ်။ တက္ကသိုလ် ကျောင်းသားတွေ သေဆုံးရ၊ အဖမ်းခံကြရတဲ့အပေါ် အထက်တန်းကျောင်းသားတွေ အပါအဝင် ပြည်သူလူထုကလည်း မခံမရပ်နိုင် ဖြစ်လာကြတယ်။
ငွေစက္ကူဖျက်သိမ်းတဲ့ကိစ္စ အပါအဝင် ပြည်သူတိုင်းရဲ့ စီးပွားရေး နိမ့်ကျလာမှုကြောင့် အစိုးရအပေါ် နာကျည်းစိတ်များနေတဲ့ ရန်ကုန်မြို့က လုပ်သားပြည်သူတွေနဲ့ ကျောင်းသားတွေ ပေါင်းစည်းပြီး မတ် ၁၈ ရက်မှာ ရန်ကုန်မြို့လယ်အထိ ဆန္ဒပြ တောင်းဆိုမှုတွေ ဖြစ်လာတယ်။ နောက်ပိုင်းမှာ အဓိကရုဏ်းပုံသဏ္ဌာန်ဖြစ်လာပြီး လုံထိန်းရဲတပ်ဖွဲ့က ကျောင်းသားနဲ့ ပြည်သူ ၁၀၀၀ ကျော်ကို အင်းစိန်ထောင်ထဲ ဖမ်းခေါ်သွားခဲ့ကြတယ်။
အဲဒီလို ဖမ်းခေါ်သွားခံရသူတွေထဲက လူ ၄၂ ယောက်ဟာ ကားပေါ်မှာတင် မွန်းကျပ်ပြီး သေဆုံးခဲ့ရတယ်။ အစိုးရကလည်း အဲဒီညမှာပဲ ရန်ကုန်မြို့အတွက် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်လိုက်ပြီး တက္ကသိုလ်ကျောင်းတွေ ယာယီပိတ်လိုက်တယ်လို့ ကြေညာလိုက်တယ်။ ဖြစ်ပွားခဲ့တဲ့ မတ်လအရေးအခင်းနဲ့ ပတ်သက်ပြီး တက္ကသိုလ်ကျောင်းသား ကျောင်းသူ ၈၀၀ ကျော် ကျောင်းထုတ်ခံခဲ့ရတယ်။ အင်းစိန်အကျဉ်းထောင်ထဲမှာလည်း ကျောင်းသားကျောင်းသူ ၁၄၁ ယောက်ဟာ ပုဒ်မ ၁၀ (က) နဲ့ ဖမ်းဆီးခံထားရဆဲဖြစ်တယ်။
အဲဒီအတွက် မကျေနပ်ကြတဲ့ ကျောင်းသားကျောင်းသူတွေက ရန်ကုန်တက္ကသိုလ်ကျောင်းပြန်ဖွင့်တဲ့ ဇွန်လမှာ ရန်ကုန်တက္ကသိုလ်ထဲမှာ သပိတ်စခန်းဖွင့်ပြီး ကျောင်းသားတွေ ပြန်လွှတ်ပေးဖို့ ဟောပြောတောင်းဆိုလာခဲ့ကြတယ်။ မတရားဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေကို ပြန်လွှတ်ပေးဖို့ ကျောင်းသားနဲ့ ပြည်သူထောင်သောင်းချီပြီး တောင်းဆိုခဲ့ကြပေမယ့် အစိုးရဘက်က စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး အချိန်ဆွဲခဲ့တာကြောင့် အစိုးရအပေါ် ကျောင်းသားရော ပြည်သူပါ ပိုပြီးစိတ်ပျက်လာခဲ့ကြရတယ်။
ကျွန်တော်နှင့် ဇွန်လ ၂၁ ရက်နေ့ မြေနီကုန်း အရေးအခင်း
ဇွန် ၂၁ ရက်မှာတော့ မခံမရပ်နိုင် ဖြစ်လာတဲ့ အထက်တန်းကျောင်းသား ကျောင်းသူတွေနဲ့ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေဟာ အတူပူးပေါင်းပြီး ရန်ကုန်တက္ကသိုလ်ကနေ ပြည်လမ်းမအတိုင်း ရန်ကုန်မြို့လယ်ဆီကို ချီတက်ဆန္ဒပြ တောင်းဆိုဖို့ လာခဲ့ကြတယ်။ မြေနီကုန်းမီးပွိုင့်မရောက်ခင် အချိန်မှာတော့ လုံထိန်းရဲတပ်ဖွဲ့ဝင်တွေရဲ့ တားဆီးမှုကိုခံခဲ့ရပြီး အဓိကရုဏ်းဖြစ်ပွားခဲ့မှုကြောင့် နှစ်ဖက်စလုံးမှာ လူအသေအပျောက်တွေ ဖြစ်ခဲ့ကြရပါတယ်။
အခင်းဖြစ်ပွားတဲ့အချိန်က ကျွန်တော်ဟာ မြေနီကုန်းညဈေးတန်း (စာအုပ်ဟောင်းတွေရောင်းတဲ့နေရာ) မှာ ပြည်သူလူထုနဲ့အတူ ရှိနေပါတယ်။ အဖြူအစိမ်းဝတ် ကျောင်းသားကျောင်းသူလေးတွေနဲ့ တက္ကသိုလ် ကျောင်းသားကျောင်းသူတွေဟာ လက်ချင်းချိတ်တွဲပြီး ကြွေးကြော်သံတွေ ရွတ်လို့ စနစ်တကျ ချီတက်လာနေပါတယ်။
အဲဒီအချိန်မှာပဲ ကျွန်တော်တို့ ရပ်နေတဲ့ ပလက်ဖောင်းဘက်အခြမ်း မြေနီကုန်းလမ်းအတိုင်း လုံထိန်းကားငါးစီးဟာ အပြင်းမောင်းလာပြီး မီးပွိုင့်မရောက်ခင် ထိုးရပ်လိုက်ပါတယ်။ အဲဒီနောက် ကားပေါ်ကနေ နံပါတ်တုတ်၊ လေးခွ၊ ဒိုင်းတွေ ကိုင်ဆောင်ထားတဲ့ လုံထိန်းရဲတွေဟာ ခုန်ဆင်းတန်းစီနေရာယူပြီး ကြွေးကြော်ချီတက်လာတဲ့ ကျောင်းသား လူမမည်လေးတွေရှိရာကို ထိပ်တိုက်ဦးတည် ချီတက်သွားကြပါတယ်။ ကိုက် ၃၀ အကွာလောက် အရောက်မှာတော့ လုံထိန်းရဲတွေဟာ ကျောင်းသားထုအတွင်းကို လေးခွတွေနဲ့ ပစ်ပါတော့တယ်။
ရှေ့ဆုံးကချီတက်လာတဲ့ ကျောင်းသားငယ်တွေနဲ့ တက္ကသိုလ်ကျောင်းသားတွေဟာ ဦးခေါင်း၊ မျက်လုံး၊ ဝမ်းဗိုက်နဲ့ လက်မောင်း လက်ဖျံတို့ကို လေးသီးတွေ ထိမှန်လို့ လဲသူလဲ၊ ပြိုသူပြို၊ ပြေးသူပြေးနဲ့ တပ်ပျက်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ လုံထိန်းတပ်ဟာ နံပါတ်တုတ်တွေနဲ့ အလဲလဲ အကွဲကွဲဖြစ်နေတဲ့ ကျောင်းသားထုထဲ ဝင်ရောက်ရိုက်နှက် ဖမ်းဆီးကြပါတော့တယ်။
ဒါကို မြင်နေရတဲ့ ဘေးမှာ ရပ်ကြည့်နေတဲ့ ပြည်သူလူထုကြီးဟာ လက်သီးဆုပ် အံကြိတ်ရင်း တက်တခေါက်ခေါက် ဖြစ်လာကြပါတယ်။ နောက်ဆုံး ဘယ်လိုမှ မကြည့်ရက်တော့လို့ ကျွန်တော်အပါအဝင် ပြည်သူတွေဟာ အဲဒီတိုက်ပွဲအတွင်းကို တိုးဝင်ခဲ့ကြပါတော့တယ်။ ကျွန်တော်တို့ဟာ ပလက်ဖောင်းပေါ်က ကောက်ရသမျှ အုတ်နီခဲ၊ လမ်းခင်းကျောက်ပြား အကျိုးအပဲ့တွေနဲ့ လုံထိန်းရဲတွေကို ပြန်လှန်ပစ်ပေါက်ရင်း ကျောင်းသားတွေဘက်က ရပ်တည်ခဲ့ပါတယ်။ တချို့ပြည်သူတွေ ဆိုရင်လည်း နှစ်ပတ်လည်နှင့် သုံးတစ်ခွဲ သစ်ချောင်းတွေ ကိုင်စွဲလို့ လုံထိန်းရဲ့ နံပါတ်တုတ်တွေကို အန်တုရင်း သူတို့လက်ထဲက ကျောင်းသားလေးတွေကို ဆွဲထုတ်ကယ်ယူနိုင်ခဲ့ပါတယ်။
“အဲဒီနေ့ဟာ ကျောင်းသားနဲ့ ပြည်သူ ပထမဆုံး ပူးပေါင်းပြီး တော်လှန်ရေးတစ်ရပ်ကို ဆင်နွှဲခဲ့တဲ့နေ့ဖြစ်ပါတယ်”။ ကျောင်းသားနဲ့ ပြည်သူ အခိုင်အမာလက်တွဲပြီး သူတို့ကို ရဲရဲဝံ့ဝံ့ ပြန်လှန်တွန်းလှန်နေပြီဆိုတာ သိသွားတဲ့ လုံထိန်းရဲတပ်ဖွဲ့ဝင်ဟာ ခွေးပြေးဝက်ပြေးနဲ့ ကစဉ့်ကလျား ဖြစ်သွားပါတယ်။ ရွှေမန်းရုပ်ရှင်ရုံနဲ့ တပင်ရွှေထီးရုပ်ရှင်ရုံဘက်အခြမ်းက ပြည်သူတွေကလည်း ရရာလက်နက်စွဲကိုင်လို့ ညာသံပေးလိုက်တာကြောင့် လုံထိန်းတွေဟာ သွေးရူးသွေးတမ်းနဲ့ သူတို့ရဲ့ လုံထိန်းကားတွေရှိရာကို နောက်ကျတဲ့ဖနောင့် သစ္စာဖောက်ဆိုသလို ကမူးရှူးထိုး ပြေးလွှား ခုန်တက်နေပါတယ်။
လုံထိန်းကားတွေကလည်း အူရားဖားရားနဲ့ အတင်းစက်နှိုး မောင်းထွက်နေကြပါပြီ။ အဲဒီအချိန်မှာ လုံထိန်းရဲသားလေးနှစ်ယောက်ဟာ ကားနောက်ကို ပြေးလိုက်နေပါတယ်။ ကားကလည်း အရှိန်ရနေပြီဆိုတော့ ရပ်မပေးဘဲ စက်ရှိန်တင် မောင်းပြေးသွားပါတယ်။ ပြေးလာတဲ့ ရဲသားလေးနှစ်ယောက်လည်း ကတ္တရာလမ်းပေါ် အမောဆို့လဲကျ သေပွဲဝင်ခဲ့ရပါတယ်။ အဲဒီနေ့က လုံထိန်းအဖွဲ့က အရာရှိတစ်ဦးနဲ့ အကြပ်ရဲဘော် ငါးဦး၊ ပေါင်းခြောက်ဦး သေဆုံးပြီး ကျောင်းသားနဲ့ပြည်သူ ၄၀ ကျော် ဒဏ်ရာရကာ သေဆုံးပျောက်ဆုံး အတိအကျ မသိရပါဘူး။
၁၀ မိနစ်လောက်ကြာတော့ စစ်ကားတွေ ရောက်လာပြီး ကျွန်တော်တို့လူအုပ်ထဲကို မျက်ရည်ယိုဗုံးနှင့် မီးခိုးဗုံးတွေပစ်သွင်းပြီး လူစုခွဲပါတယ်။ ကျွန်တော်လည်း မျက်ရည်ယို ဗုံးထိတာနဲ့ မျက်လုံးတွေ ကျိန်းစပ်ပြီး မျက်ရည်တွေ ဖြိုင်ဖြိုင်ကျကာ ခြေဦးတည့်ရာ ပြေးမိပါတယ်။ ရှေ့မှာတွေ့တဲ့ ဝင်းနံရံတစ်ခုကို ကျော်တက်ပြီး ခုန်ချလိုက်တော့ ကျွန်တော့်အရင် ရောက်နေသူ ၃၀ ကျော်ခန့်ကို တွေ့ရပါတယ်။
သူတို့ကို ဦးပဉ္စင်းနဲ့ ကိုရင်လေးတွေက သောက်ရေအိုးကရေနဲ့ လက်ကိုင်ပဝါ အဝတ်ပိုင်းတွေကို ရေစွတ်ပြီး မျက်လုံးမှာ အုပ်ပေးနေတာ တွေ့ရတယ်။ ကျွန်တော်လည်း ကျွန်တော့်မျက်နှာမှာ စည်းထားတဲ့ ပိတ်အနီစကို ရေစွတ်ပြီး မျက်လုံးမှာ အုပ်ပေးလိုက်မှ အတန်ငယ် သက်သာလာပါတယ်။ နောက်ပိုင်းမှ သိရတာ ကျွန်တော် ရောက်ခဲ့တာ စမ်းချောင်းထဲက ဘုန်းကြီးကျောင်းတစ်ကျောင်းဖြစ်ပြီး စစ်ကားတွေကတော့ လုံထိန်းအလောင်းခြောက်လောင်းကို လာကောက်တာလို့ သိရပါတယ်။
နိဂုံးချုပ်လိုက်တော့ ဇွန် ၂၁ ရက် မြေနီကုန်းအရေးအခင်းမှာ ကျောင်းသားတွေကိုထိရင် ပြည်သူတွေနဲ့ သံဃာတွေက ငြိမ်နေမှာ မဟုတ်ဘူးဆိုတာကို အာဏာပိုင်တွေ သိအောင် လက်တွေ့ပြနိုင်ခဲ့ပြီး ကျောင်းသား၊ ပြည်သူ၊ ရဟန်းရှင်လူတွေဟာ အာဏာရှင်စနစ်ကို မထောက်ခံခဲ့ဘူးဆိုတာ စစ်အုပ်စုကို ဘွင်းဘွင်းကြီး စိန်ခေါ်အသိပေးနိုင်ခဲ့တယ်လို့ ဆိုရပါရစေ။