အစိုးရအတွက်ပဲ တိုးတက်နေတဲ့ စီးပွားရေးက ပုံစံမှန်တဲ့ စီးပွားရေးလား

အစိုးရအတွက်ပဲ တိုးတက်နေတဲ့ စီးပွားရေးက ပုံစံမှန်တဲ့ စီးပွားရေးလား
Published 6 August 2018

ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုအတွင်း နေထိုင်နေသည့် အလုပ်သမားမိသားစုများ၏မြင်ကွင်း (ဓာတ်ပုံ - ကြည်နိုင်)

စီးပွားရေးမူဝါဒ (၁၂) ချက်ကို အကျယ်ချဲ့ပြီး အသေးစိတ်အချက် ပေါင်း ၅၂ ချက်အဖြစ် စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနကနေ ရေးဆွဲထားပါတယ်။

အာဏာရပြီး လေးလအကြာ ၂၀၁၆ ခုနှစ် ဇူလိုင် ၂၉ ရက်မှာ ပြည်သူတွေသိအောင် တရားဝင်ထုတ်ပြန်ခဲ့တဲ့ အစိုးရရဲ့ စီးပွားရေးမူဝါဒ (၁၂) ချက် နှစ်နှစ်ပြည့်လာခဲ့ပြီး အသေးစိတ် အချက်ပေါင်း ၉၅ ချက်နဲ့ တိုင်းပြည်စီးပွားရေးကို မောင်းနှင်လာချိန်မှာ ပြန်ရလာတဲ့ ပြည်သူတွေရဲ့တုံ့ပြန်သံက စီးပွားရေး ကျပ်တည်းတယ်ဆိုတဲ့ အသံဖြစ်သလို ပြည်ထောင်စု လွှတ်တော်ဘက်က အသံကလည်း အစိုးရ ဝန်ကြီးဌာနတွေရဲ့ ငွေတောင်းခံမှု၊ သုံးစွဲမှု၊ ဘတ်ဂျက်ပိုငွေ၊ လိုငွေ၊ ပြန်အပ်ငွေတွေနဲ့ လုပ်ဆောင်မှုတွေမှာ ဒီမူဝါဒ (၁၂) ချက်နဲ့ ပြန်လည် သုံးသပ်သင့်တယ်ဆိုတဲ့ အကြုံပြုချက်တွေနဲ့ပါ။

ပြည်သူတွေကလည်း စီးပွားရေး လုပ်ရကိုင်ရတာ အဆင်မပြေ၊ စားဝတ်နေရေး ကျပ်တည်းလာတယ် အော်နေချိန်၊ လုပ်ငန်းရှင်တွေ ဘက်မှာလည်း လုပ်ရကိုင်ရ အဆင်မပြေဘူးလို့ အော်နေပြီး စက်ရုံ၊ အလုပ်ရုံတွေ လုပ်ငန်းကြီးတွေ ပိတ်သိမ်းနေချိန်၊ ပြည်ထောင်စု လွှတ်တော်ဘက်က ပြန်လည်သုံးသပ်ပါလို့ အကြံပြုနေချိန်မှာ အံ့အားသင့်စရာ ကောင်းနေတာက အစိုးရက စီးပွားရေး တိုးတက်နေတယ်လို့ ကြွေးကြော်နေမှုပါ။

ဘတ်ဂျက်လိုငွေကြီးမြင့်မှု၊ ကုန်သွယ်မှုလိုငွေများပြားမှု၊ ကုန် ဈေးနှုန်းမြင့်တက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှု၊ မြန်မာကျပ် ငွေတန်ဖိုး ကျဆင်းမှုစတဲ့အခြေ အနေတွေနဲ့ ပြည်သူတွေ ဘေးကျပ် နံကျပ်ဖြစ်နေပြီး ဝယ်ယူစားသုံးနိုင် စွမ်းကျဆင်းနေချိန်မှာ အစိုးရ ဘက် ကတော့ စီးပွားရေးတိုးတက်နေ တယ်လို့ ပြောနေတာဟာ တကယ် ကျပ်တည်းလာနေတဲ့ ပြည်သူတွေ ကို ပြက်ရယ်ပြုသလို ဖြစ်နေသလို အစိုးရတစ်ဖွဲ့အတွက်ပဲ စီးပွားရေး တိုးတက်နေတဲ့ မြန်မာ့စီးပွားရေးက ပုံစံမှန်တဲ့ စီးပွားရေးတိုးတက်မှုလား ဆိုတာ မေးခွန်းထုတ်စရာပါ။

ငြိမ်းချမ်းရေးကို ဦးစားပေးခဲ့တဲ့ ဦးသိန်းစိန်အစိုးရဟာ ငြိမ်းချမ်းရေး လည်း မအောင်မြင်၊ စီးပွားရေးမှာ လည်း ထင်သလောက် မအောင်မြင် တဲ့အပြင် ပြည်သူနှစ်လိုမှုနည်းတဲ့ အခံကလည်း ရှိနေတာကြောင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက် ပွဲမှာ ပြည်သူ့လက်သန်းနဲ့ တောက်ချခံရပြီး အာဏာရပါတီအဖြစ်က ဆင်းပေးလိုက်ရတာကို သင်ခန်းစာ မယူတတ်ဘူးလားလို့ မေးမြန်းရ လောက် အောင်ကို  လက်ရှိအစိုးရက လည်း ငြိမ်းချမ်းရေးပဲ ဦးစားပေးပြီး စီးပွားရေးကို ဟုတ်တိပတ်တိ လှည့် မကြည့်ဘဲ စာရွက်ပေါ်က ကိန်း ဂဏန်းတွေနဲ့ တကယ်ကျပ်တည်း လာနေတဲ့ ပြည်သူတွေကို ငဲ့မကြည့်ဘဲ “စီးပွားရေးတိုးတက်ပါတယ်” တွင်တွင်အော်နေတာဟာ ပြည်သူ တွေကြားမှာ ရယ်ပွဲဖွဲ့စရာလို ဖြစ်လာနေပါတယ်။

“စီးပွားရေးမူဝါဒ (၁၂) ချက် ကနေပြီးတော့ အစိုးရက ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေဆီ လက်တွေ့ အကောင်အထည်ဖော်ဖို့ အချက် ၉၅ ချက်နဲ့ အသေးစိတ်ညွှန်ကြား ထားတာရှိတယ်။ အဲဒီတော့ ပြည် နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေက အဲဒီ အတိုင်း အကောင်အထည်ဖော်ပြ နေတာပေါ့။ အဲဒီမှာ ခက်နေတာက ပြည်နယ်နဲ့တိုင်းဝန်ကြီးချုပ်တွေက ပြုပြင် ပြောင်းလဲတယ်ပေါ့။ ဒါပေမဲ့ အောက်ခြေမှာတော့ ရှုပ်နေတုန်းပဲ။ အောက်ခြေက လုပ်ဆောင်ချက်တွေက တချို့ဌာနတော်တော်များများက အရင်အတိုင်းပဲရှိသေးတယ်။ ဆိုလိုတာက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုပြီး ကော်မရှင် အသစ်ကြီးဖွဲ့ပေမယ့် ငါးသေးသေးလေးတွေမှာ ဘာမှထူးခြားချက်မ ရှိဘူး။ ပြောင်ပဲတောင်းနေတာပဲ။ ပေးနေရတာပဲ။ အဲဒီလိုပေးပြီးတော့ လုပ်နေရတာဆိုတော့ နှေးတာပေါ့။ လေးတာပေါ့။ တချို့ကိစ္စတွေဆိုလည်း ဖြစ်ဖြစ်မြောက်မြောက်လုပ်တာ မတွေ့ရဘူး။ စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးအပိုင်းရဲ့ လစ်ဟာချက်၊ ပျော့ချက်၊ ညံ့ချက်ပေါ့။ အဲဒီတော့ ဆိုလိုတာက Doing Business မှာ အရင်တုန်းက ၁၈၄ နိုင်ငံမှာ ၁၈၂ မှာ ရှိတယ်။  ဦးသိန်းစိန်လက်ထက်မှာ  သမ္မတကြီးကိုယ်တိုင်က ဝန်ကြီးဌာန တွေ ပြင်ကြဦးဆိုပြီးလုပ်တော့ ၁၇၀ ဖြစ်လာတယ်။ တိုးတက်လာတယ်။ ၁၇၀ ကနေ ဒီအစိုးရတက်လာတော့ ၁၇၁  ပြန်ဖြစ်လာတယ်။ အခု ၁၇၁ ပြန်ဖြစ်လာတယ်။ ဆိုလိုတာက စင် ကာပူက (၁) ပဲ။ ဒီမှာက ဒီလောက်တောင် ခက်ခက်ခဲခဲ ဖြစ်နေတယ်ပေါ့။ ဗီယက်နမ်နဲ့ယှဉ်ရင် အများ ကြီးကွာနေတယ်။ ဒီလိုမျိုး ခက်ခက်ခဲခဲ လာလုပ်နေရတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကလည်း နှေးနေ တယ်။ လေးနေတယ်။ သိပ်မလာ ဘူး။ သူတို့က တိုးတက်တယ်တော့ ပြောတယ်။ ဒါပေမဲ့ နည်းနည်းပဲလာတယ်။ အဲဒီလို နည်းနည်းလေး လာနေတာက မြန်မာ့စီးပွားရေးကို အထောက်အကူ မဖြစ်ဘူး။ အထောက်အကူ မဖြစ်တော့ စီးပွားရေးပိုင်းက သိပ်ပြီးတော့ မအောင်မြင်ဘူး” လို့ စီးပွားရေး ဆောင်းပါးရှင် အောင်ချိန်ဘွားက ဆိုပါတယ်။

အစိုးရတစ်ရပ် အတွက်ပဲ စီးပွားရေးတိုး တက်နေပြီး ပြည်သူနဲ့ လုပ်ငန်းရှင်တွေ ကျပ်တည်းလာချိန်၊ ငြိမ်းချမ်းရေးက မရေမရာနဲ့ သေချာမှု မရှိသေးတဲ့အချိန်မှာ ဖြစ်သင့်တာက ပြည်သူရော၊ လုပ်ငန်းရှင်ရော၊ အစိုးရရော သုံးဦးသုံးဖလှယ် စီးပွားရေး တိုးတက်တယ်လို့ တစ်ပြေးညီ လက်ခံနိုင်မယ့် အဖြေတစ်ခုကို ရှာသင့်ချိန်ပါ။ ဒီလိုအဖြေရှာသင့်ချိန်မှာ အစိုးရက ပြည်သူ့ကျပ်တည်းမှု မသိချင်ဟန်ဆောင်ပြီး စီးပွားရေး တိုးတက်ပါတယ်လို့ ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်နေတာ အလွန်စိတ်ပျက်ဖွယ်ရာ ကောင်းနေပြီး ကိုယ့်ဂုဏ် ကိုယ်ဖော်သလို ဖြစ်နေပါတယ်။

“စီးပွားရေး တိုးတက်နေတယ်။ ကောင်းနေတယ်လို့ ပြောကြတယ်။ ခက်တာက ဘယ်အစိုးရမဆို သူ့ကိုယ်သူ အမွှမ်းတင်တယ်။ ဒါမဆန်းပါဘူး။ ခက်တာက အမွှမ်းတင်တာကြီးကို သူတို့က ယုံသွားလို့ရှိရင် ဒုက္ခရောက်တယ်။ အဲဒါမျိုး ကျွန်တော် မဖြစ်စေချင်ဘူး။ အမွှန်းတင်တာကြီးက ကိုယ့်ကိုယ်ကိုယ်ပြောရင်း ပြောနေရင်း ယုံစားရင် ဒုက္ခရောက်မယ်။ ဥပမာ ကျွန်တော်ပြောရရင် ကျွန်တော်တို့က ထီးတွေ၊ နန်းတွေနဲ့ နေခဲ့တယ်ပေါ့။ ကျွန်တော်တို့ တိုင်းပြည်ကြီးက ထီးနဲ့ နန်းနဲ့ နေချိန်မှာ စင်ကာပူက တံငါရွာလေး။ အခု စင်ကာပူနဲ့ ကျွန်တော်တို့နဲ့ ယှဉ်ကြည့်။ ကျွန်တော်တို့ရဲ့ တစ်ဦးကျ ဝင်ငွေပေါ့ဗျာ။ တစ်ဦးကျဝင်ငွေက ရှစ်ရာခိုင်နှုန်းပဲ တိုးတက်တိုးတက်၊ ၁၀ ရာခိုင်နှုန်းပဲ တိုးတက်တိုးတက် အခုလက်ရှိ စင်ကာပူ တစ်ဦးကျဝင်ငွေကိုမီဖို့ ဘယ်လောက် ကြာမယ်ထင်လဲ။ အနှစ် ၃၀ ကြာမယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော် ပြောချင်တာက သိပ်ပြီးတော့ ဒါတွေကို လျှောက်လျှောက် ပြောမနေပါနဲ့။ သိပ်ပြီးလည်း အမွှမ်းတင်မနေပါနဲ့။ နည်းနည်းပါးပါးလေးလည်း စဉ်းစားပါလို့ ကျွန်တော် ပြောချင်ပါတယ်” လို့ စီးပွားရေး ပညာရှင် ဒေါက်တာဦးမြင့်က ဝေဖန်ပါတယ်။

 

အစိုးရအတွက်ပဲ တိုးတက်တဲ့ စီးပွားရေး

နိုင်ငံရေးတစ်ခုပဲ ဇောက်ချမလုပ်ဘဲ စီးပွားရေးပါ တွဲလုပ်ဖို့ NLD အစိုးရကို ပညာရှင်တွေ၊ ဆောင်းပါးရှင်တွေက စတက်လာကတည်းက ပြောထားပြီးသားပါ။

ဒီလိုပြောထားပေမဲ့လည်း NLD အစိုးရဟာ စီးပွားရေးကို အခုအချိန်အထိ လှည့်မကြည့်သလောက် ဖြစ်နေဆဲပါ။ ဥပမာပြရရင် ကျဆင်းနေတဲ့ ခရီးသွားကဏ္ဍ အရှိန်အဟုန်မြှင့်ပြီး ပြန်လည်ဆွဲတင်ဖို့ တိုက်တွန်းတဲ့အဆိုမျိုးကို လွှတ်တော်မှာ မှတ်တမ်းပဲ တင်ခဲ့တာမျိုးက မြင်သာခဲ့သလို ကိုယ့်အစိုးရ၊ ကိုယ့်လွှတ်တော်မို့လို့ အစိုးရ အကျပ်အတည်းတွေ့အောင် မလုပ်ဘူးဆိုတဲ့ ပုံစံမျိုးကလည်း မြင်နေရဆဲ ဖြစ်ပါတယ်။ ဒီလိုမျိုးဖြစ်စဉ်တွေက မြန်မာ့စီးပွားရေးအပေါ် စောင့်ကြည်နေတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို ယုံကြည်မှုပျက်စေသလို Check & Balance ပျောက်နေတဲ့ အခြေအနေကိုလည်း ပုံဖော်ပြီးသား ဖြစ်စေပါတယ်။

လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေက စီးပွားရေး ကျဆင်းနေတယ်လို့ ယူဆနေချိန်မှာ အစိုးရဘက်က ပြောစကားတွေ ပြန်ကြည့်မယ်ဆိုရင် “နိုင်ငံ့စီးပွားရေး အလျင်အမြန် တိုးတက်နေပါတယ်” ဆိုတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးမှာ ပြောကြားခဲ့မှု “စီးပွားရေး တက်နေတာကို ရပ်အောင် လုပ်တာမဟုတ်ဘူး။ အရှိန်ကို ထိန်းနေတာ” ဆိုတဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ စကားတွေဟာ ထင်ရှားသလို “မြန်မာ့စီးပွားရေးကို ရက် ၁၀၀ အတွင်း ဆွဲတင်မယ်။ မြန်မာဟာ ကြိုးစားရင် အာရှမှာ ဂေါ်ဇီလာလည်းဖြစ်တယ်၊ ဆင်လည်းဖြစ်တယ်။ မြန်မာ့စီးပွားရေး ဂျက်ပါဝါနဲ့ ပြေးမယ်” ဆိုတဲ့ ကြွေးကြော်သံနဲ့ စီမံ/ဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်းရဲ့ ပြောသံတွေကလည်း အဂတိလိုက်စားမှုနဲ့ တိုင်ကြားခံရပြီး နုတ်ထွက်သွားပေမဲ့ တိုင်းပြည်က ဘယ်လောက် နစ်နာခဲ့တယ် ဆိုတာကို ပြည်သူတွေ သိရှိခွင့်မရခြင်းနဲ့ဘဲ အဆုံးသတ်သွားတာကို တွေ့မြင်ရပါတယ်။

မြန်မာ့စီးပွားရေး တိုးတက်နေတယ်။ နှုန်းအားဖြင့် တိုးတက်နေတယ်။ အာရှဒေသမှာ မြန်မာနိုင်ငံဟာ စီးပွားရေး တိုးတက်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်တယ်လို့ အစိုးရတာဝန်ရှိသူတွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ MIC ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ စီမံ/ဘဏ္ဍာ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့ရဲ့ စကားတွေက ဘယ်အချက်တွေကို မြစ်ဖျားခံသလဲ ဆိုတာကို ပြည်ကြည့်မယ်ဆိုရင် ဂျီဒီပီတိုးတက်မှု၊  ငွေဖောင်းပွမှု လျော့ကျမှု၊ LDC ဘဝကနေ လွတ်မြောက်ဖို့ လမ်းစပေါ်လာမှု၊ ကုန်သွယ်မှုလိုငွေ ဒေါ်လာငါးဘီလျံကျော်ကနေ လေးဘီလျံလောက်အထိ လျှော့ချနိုင်မှု၊ ဆန်တင်ပို့မှုနဲ့ အထည်ချုပ်ကဏ္ဍက ပို့ကုန်ရငွေမြင့်တက်မှုစတဲ့ ကဏ္ဍတွေကို တွေ့ရမှာ ဖြစ်ပါတယ်။

NLD အစိုးရ စတင်တာဝန်ယူစမှာ ဂျီဒီပီတိုးတက်မှုနှုန်းက ၅ ဒသမ ၉ ရာခိုင်နှုန်းပဲ ရှိခဲ့ပေမဲ့ ၂၀၁၇-၂၀၁၈ နှစ်ကု် ခန့်မှန်းခြေမှာ ၆ ဒသမ ၈ ဖြစ်လာပါတယ်။ ၂၀၁၈ ခြောက်လ ဘဏ္ဍာနှစ်မှာ ၇ ဒသမ ၂ ရာခိုင်နှုန်းအထိ တိုးလာ မယ်လို့ ခန့်မှန်းလာနိုင်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ၇ ဒသမ ၆ ရာခိုင်နှုန်းအထိ တိုးတက်မယ်လို့ ခန့်မှန်းထားတယ်လို့ နိုင်ငံတော် သမ္မတဦးဝင်းမြင့်က ပြောသွားပါ တယ်။  ဒီလို အချက်အလက်မျိုးက မြန်မာ့စီးပွားရေး တိုးတက်နေပါ တယ်လို့ စာရွက်ကြည့်ပြောလို့ ရတဲ့ အချက်ဆိုပေမဲ့ ကမ္ဘာ့ဘဏ် ခန့်မှန်း တာကတော့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်မှာ ဂျီဒီပီတိုးတက်မှုနှုန်းက ၆ ဒသမ ၈ ပဲရှိပါတယ်။ ပြီးတော့ NLD အစိုးရလက်ထက် ဂျီဒီပီတိုးတက်မှု နှုန်းဟာ ဦးသိန်းစိန် လက်ထက်က တိုးတက်မှုနှုန်းကိုလည်း မမီတာကို တွေ့ရပြီး ၂၀၁၃- ၂၀၁၄ မှာ မြန်မာ့ ဂျီဒီပီတိုးတက်မှုနှုန်းက ၈ ဒသမ ၄ ရာခိုင်နှုန်းပါ။

အာဆီယံမှာ အဆင်းရဲဆုံး နိုင်ငံတစ်ခု၊ လာအိုကိုတောင် ကျော်တက်ဖို့ မဖြစ်နိုင်တဲ့ နိုင်ငံတစ်ခုက စီးပွားရေး အရှိန်အဟုန်နဲ့ တက်ေ တယ်လို့ ပြောချင်တယ်ဆိုရင် အနည်းဆုံးတော့ ဂျီဒီပီဟာ Two Digit မှာ ရှိရပါလိမ့်မယ်။ ဒီလို Two Digit မှာ မရှိဘဲ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ ဖွံ့ဖြိုးဖို့ မလိုအပ်တဲ့ ဂျီဒီပီ တစ်ရာခိုင်နှုန်း၊ နှစ်ရာခိုင်နှုန်းလောက် တက်တာကိုကြည့်ပြီး ဘယ်နိုင်ငံမှ ငါတို့လောက် မတိုးတက်ပါဘူးလို့ စာရွက်ကြည့်ပြီး အော်နေရင်တော့ ကိုယ့်အခြေအနေ ကိုယ်နားမလည်တာ ၊ ဒါမှမဟုတ် အခြေအနေမှန်ကို မသုံးသပ်တတ်တာလို့ပဲ ပြောရမှာပါ။

NLD အစိုးရအနေနဲ့ နှုန်းအားဖြင့် တက်နေတယ်လို့ ကြွေးကြော်နေနိုင်တဲ့ အခြားညွှန်းကိန်းတွေ ရှိနေပါသေးတယ်။ အဲဒါတွေကတော့ ငွေကြေးဖောင်းပွမှု ကျဆင်းပြီး Two Digit ကနေ Single Digit  ဖြစ်လာတာပါ။ ဒါပေမဲ့ ငွေကြေးဖောင်းပွမှုသာ ကျတယ်ဆိုပေမဲ့ တွက်ချက်ပုံ ပြောင်းလဲထားတာ၊ ထည့်သွင်းတွက်ချက်တဲ့ အမျိုးအမည်တွေ ထပ်တိုးထားတာ၊ အခြေခံနှစ် ပြောင်းပစ်လိုက်တာနဲ့ ပြည်သူတွေကြားမှာ စားဝတ်နေရေးပိုပိုပြီး ကျပ်တည်းလာတယ်ဆိုတဲ့ အခြေအနေတွေကို တိုင်းတာမယ်ဆိုရင် ငွေကြေးဖောင်းပွ ၁၆ ရာခိုင်နှုန်းလောက်ကနေ ငါးရာခိုင်နှုန်းကျော်အထိ ကျလာလည်း ပြည်သူတွေအတွက် အကျိုးမဖြစ်ဘူးဆိုတာ သက်သေခံပါတယ်။ ပိုပြီးထင်ရှားတဲ့ သက်သေက ဘဏ်တိုးနှုန်းတွေ လျှော့ချပါလို့ အော်နေချိန်မှာ၊ ဗဟိုဘဏ်ရဲ့ ငွေကြေးဖောင်းပွမှုနှုန်း ညွှန်းကိန်းက Annual မှာ ၄ ဒသမ ၆ နဲ့ Year on Year မှာ ၆ ဒသမ ၄၅ လို့ အော်နေပေမဲ့ ဒီညွှန်းကိန်းတွေကို ယုံကြည်မ ှုမရှိတဲ့ပုံစံနဲ့ ဘဏ်တိုးနှုန်း မချရဲတာတွေက သက်သေခံပါတယ်။ ဒါတွေဟာ လက်ရှိကာလအထိ စာရင်းဇယား မမှန်ကန်သေးတဲ့ ဆိုးကျိုးတွေနဲ့ အထက်လူကြီး သဘောကျအောင် တွက်ပြတဲ့ ဆိုးကျိုးတွေပါ။ ငွေဖောင်းပွမှုက NLD အစိုးရ တွက်ပြနေသလို အမှန်တကယ် ကျဆင်းလာသလား ဆိုတာကို မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းတွေက မှားယွင်းနေကြောင်း သက်သေပြနေသလို မြန်မာကျပ်ငွေတန်ဖိုး ဆိုးရွားစွာ ကျဆင်းနေမှုကလည်း သက်သေပြမှာပါ။

တခြားနိုင်ငံတွေလို သတ်မှတ်ခံရတာ မဟုတ်ဘဲ ကိုယ်တိုင်လျှောက်ပြီး ဖွံ့ဖြိုးမှုအနည်းဆုံး LDC နိုင်ငံအဖြစ် လျှောက်ထားခဲ့တဲ့ မြန်မာနိုင်ငံဟာ လက်ရှိအချိန်မှာ LDC ဘဝကနေ လွတ်မြောက်ဖို့ လမ်းစတော့ ရှိနေပြီဖြစ်ပြီး LDC က လွတ်မြောက်ဖို့ သတ်မှတ်ထားတဲ့ စံနှုန်းသုံးခုစလုံးနဲ့  ပထမဆုံးအကြိမ် ကိုက်ညီခဲ့ပါတယ်။

ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ (UNECOSOC) ဖွံ့ဖြိုးတိုးတက်မှု မူဝါဒဆိုင်ရာ ကော်မတီ (CDP) ရဲ့ သုံးနှစ်တစ်ကြိမ် အစီရင်ခံစာမှာ ဖော်ပြမှုအရ မြန်မာနိုင်ငံဟာ တစ်ဦးချင်းဝင်ငွေ (Gross National Income – GNI) အမေရိကန်ဒေါ် လာ ၁၂၃၀ ထက်ကျော်လွန်ဖို့၊ လူသားအရင်းအနှီး ညွှန်းကိန်း (Human Accesss Index HAI) ၆၆ နှင့် အထက်ရှိဖို့နဲ့ စီးပွားရေး ထိခိုက်နစ်နာလွယ်မှုဆိုင်ရာ ညွှန်းကိန်း (Economic Vulnerability Index – EVI) ၃၂ နှင့် အောက်ရှိဖို့ဆိုတဲ့ လိုအပ်ချက် သုံးခုစလုံးကို ၁၉၈၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြည့်မီခဲ့တာပါ။ CDP ရဲ့ သုံးနှစ်တစ်ကြိမ် အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ GNI အမေရိကန်ဒေါ်လာ ၁၂၅၅၊ HAI ၆၈ ဒသမ ၅ နှင့် EVI ၃၁ ဒသမ ၇ ရရှိခဲ့တာဖြစ်ပြီး လာမယ့် ၂၀၂၁ ခုနှစ် Triennial Review မှာ စံနှုန်းသုံးခုထဲက အနည်းဆုံးနှစ်ခု ပြည့်မီမယ်ဆိုရင် ၂၀၂၁ ခုနှစ်ရဲ့ နောက်ပိုင်းမှာ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများစာရင်းက လွတ်မြောက်မယ့် လမ်းစပွင့်သွားမှာ ဖြစ်ပါတယ်။ LDC နိုင်ငံဘဝကို ကိုယ်တိုင်ယူဖို့ လျှောက်ထားခဲ့တဲ့ မြန်မာနိုင်ငံဟာ LDC ဘဝကြောင့်ပဲ မျက်နှာငယ်ခဲ့ရတာ အနှစ် ၃၀ ကျော်နေခဲ့ပြီ ဖြစ်ပါတယ်။ ဒီလိုမျက်နှာငယ်မှုတွေက ရပ်တန်းက ရပ်ချိန်တန်နေပြီမို့လို့ တိုးတက်မှုအရှိန်ကို ၂၀၂၁ အထိ ဆက်ထိန်းနိုင်ပါစေလို့ ပြောရမယ့် အခြေအနေပါ။

ကဏ္ဍအလိုက် သေးသေးမွှားမွှား တိုးတက်မှုလေးတွေရှိပြီး အဂတိလိုက်စားမှု ညွှန်းကိန်းမှာ တိုးတက်လာတယ် ဆိုပေမဲ့ လာဘ်ပေးနေရဆဲ အခြေအနေ၊ ကျပ်ငွေတန်ဖိုး စံချိန်တင် ကျဆင်းမှု၊ ခရီးသွားကျဆင်းမှု၊ ဘတ်ဂျက်လိုငွေ စံချိန်တင်မြင့်တက်လာမှု၊ လိုအပ်တဲ့ ဘတ်ဂျက်လိုငွေကို ဗိုလ်ချုပ်ပုံ ငွေစက္ကူ ရိုက်ထုတ်ပြီး ဖြေရှင်းနိုင်တယ်ဆိုတဲ့ အခြေအနေ၊ Doing Business မှာ အဆင့်ကျဆင်းမှု၊ နိုင်ငံတကာအဆင့် ညွှန်းကိန်းတွေမှာ ရလဒ်မကောင်းမှု၊ ပြည်ပကြွေးမြီ ဒေါ်လာတစ်ဘီလျံကျော် မြင့်တက်လာမှု၊   နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကျဆင်းမှုတွေနဲ့  ပြန်ချိန်ထိုးမယ်ဆိုရင် အစိုးရအနေနဲ့ စီးပွားရေး တိုးတက်နေပါတယ်လို့ ကြွေးကြော်သင့်တဲ့ အချိန်ကာလ မဟုတ်ပါဘူး။

အထူးသဖြင့် အစိုးရနှစ်နှစ်ပြည့်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ အစိုးရရဲ့ အဓိက ရည်မှန်းချက်တွေထဲမှာ ပြည်သူများရဲ့ လူမှုစီးပွားရေးဘ၀ တိုးတက်မြင့်မားရေးလည်း ပါပါတယ်။ ဒီရည်မှန်းချက် ဘယ်လောက်အထိ ဖြစ်မြောက်အောင် စွမ်းဆောင်နိုင်တယ်ဆိုတာ တကယ်တော့ ပြည်သူတွေကပဲ ဆုံးဖြတ်နိုင်ပါတယ်။ လမ်းတွေ ဘယ်နှစ်မိုင် ဖောက်နိုင်ခဲ့တယ်။ တံတားတွေဘယ်နှစ်ခု တိုးတက်လာတယ်။ လျှပ်စစ်မီးရသွားတဲ့ ကျေးရွာတွေ၊ မြို့တွေ ဘယ်လောက်များလာတယ် စသည်ဖြင့် မွေးကင်းစမိခင်နဲ့ ကလေး ဆုံးရှုံးမှုနှုန်းက ဘယ်လောက် မြင့်နေ သေးတယ်။ ရင်းနှီးမြှုပ်နှံမှု ဘယ် လောက်နည်းနေ သေးတယ်။ ငွေကြေး ဖောင်းပွမှု ဘယ်လောက် ရှိနေသေး တယ်။ ဒါတွေ ဒါတွေကို ကိန်းဂဏန်း တွေနဲ့ ပြည်သူတွေကို တာဝန် သိစိတ်နဲ့   ပွင့်လင်းမြင်သာမှုကို အလေးထားတဲ့ အစိုးရပီပီ စဉ်ဆက် မပြတ်အသိပေးဖို့ ဝန်ကြီးဌာန အားလုံးကို ညွှန်ကြားထားပါတယ်။ ဒါပေမဲ့လည်း နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်မှုကို ကိန်းဂဏန်းနဲ့ ပြည်စုံ အောင် ဖော်ပြလို့ မရပါဘူး။ တစ်ခါ တလေလည်း အဖွဲ့အစည်းများ အကြား ကိန်းဂဏန်း တွက်ချက်မှု မတူတာကြောင့် အဖြေမှန်ကို သိဖို့ ခက်ပါတယ်။ ကိန်းဂဏန်းတွေက ပြနေတဲ့ အခြေအနေတွေဟာ ပြည်သူ များရဲ့ လူမှုဘဝစီးပွားအပေါ် ဘယ် လောက် အစစ်အမှန် သက်ရောက်မှု ရှိလဲဆိုတာကသာ အဓိကပါ” လို့ စာရွက်ပေါ်က ကိန်းဂဏန်းတွေက ပြည်သူတွေရဲ့ လူမှုစီးပွားဘဝကို ဘယ်လောက် သက်ရောက်မှု ရှိ/မရှိ ဆိုတာကို မေးခွန်းထုတ်ခဲ့ပါတယ်။ သေချာတာကတော့ လက်ရှိမှာ အစိုးရက တက်ပါတယ်။ ကောင်းပါ တယ်ပြောနေတဲ့ စီးပွားရေးဟာ ပြည်သူလူထုအတွက်တော့ မမှန် ကန်ပါဘူး။ ဒီအခြေအနေတွေရဲ့ အဖြစ်မှန်ကိုသိရှိဖို့  အစိုးရအနေနဲ့  ပြည်သူတွေနဲ့ များများထိတွေ့ဖို့ လိုအပ်ပါတယ်။

ပြည်သူတွေနဲ့ လုပ်ငန်းရှင်တွေ အဆင်မပြေတဲ့ စီးပွားရေးမှာ ဘယ်သူအဖြေရှာမလဲ

၂၀၁၆ ခုနှစ်ကစပြီး စီးပွားရေး ကျဆင်းလာတယ်လို့ ခန့်မှန်းလာကြပြီး တစ်နှစ်ထက် တစ်နှစ် လုပ်ရကိုင်ရ ခက်လာတဲ့ အထဲမှာ ဒီ ၂၀၁၈ ခုနှစ်က အဆိုးဆုံးပဲလို့ ကုန်သည်စက်မှုအသင်းချုပ် အစီရင်ခံစာ ထုတ်ပြန်လာတဲ့နောက်မှာ လေကြောင်းလိုင်းတွေ၊ ဟိုတယ်တွေ၊ စက္ကူစက်ရုံတွေနဲ့ အထည်ချုပ်စက်ရုံတွေ ပိတ်သိမ်းလာခဲ့ပါတယ်။

ဒီလို ပိတ်သိမ်းလာတဲ့အထဲမှာ ဟိုတယ်လုပ်ငန်းတွေကတော့ အငြင်းပွားမှုတွေနဲ့ ဝင်ငွေကျဆင်းမှုတွေကြောင့် ပိတ်သိမ်းရတယ် ဆိုပေမဲ့ ခရီးသွားလုပ်ငန်းနဲ့ ဆက်နွှယ်နေတဲ့ Air Bagan၊ Apex၊ FMI စတဲ့ လေကြောင်းလိုင်းတွေ ရပ်နားမှုကတော့ စိတ်ပျက်စရာ ကျဆင်းမှုဖြစ်ပြီး Asian Wings ကလည်း ရပ်နားမယ်ဆိုတဲ့ ကောလာဟလ ထွက်ခဲ့ပါသေးတယ်။

“လတ်တလော အခြေအနေမှာ စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုတွေ ရှိနေပေမဲ့ နောင်ကာလတွေမှာ ပြန်လည်ကောင်းမွန်မယ်လို့ ခန့်မှန်းထားပါတယ်” လို့ FMI ရဲ့ CEO ဦးထွန်းထွန်းက ပြောပါတယ်။

FMI လေကြောင်းလိုင်းပြေးဆွဲမှုနဲ့ လေယာဉ်စင်းလုံးငှား ဝန်ဆောင်မှုလုပ်ငန်းကို ရပ်ဆိုင်းလိုက်မှုက FMI ကို ထိခိုက်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့သလို နောင်တစ်ချိန်မှာ ပြန်လည်ပြီး လုပ်ငန်းလည်ပတ်မယ်ဆိုတာ ပြောကြားခဲ့ပေမယ့် စတင်မယ့် ကာလတွေနဲ့ စီးပွားရေး ပြန်လည်ကောင်းမွန်လာမယ့် ကာလတွေကိုတော့ ပြောကြားနိုင်ခြင်း မရှိသေးပါဘူး။

အနည်းဆုံး အခကြေးငွေ၊ အော်ဒါမရရှိမှု၊ မြေဈေးကြီးမြင့်မှု တွေနဲ့ အလုပ်သမားဆန္ဒပြမှုတွေ ကြောင့် အထည်ချုပ်စက်ရုံတွေ ပိတ်သိမ်းခဲ့တာတွေကလည်း အခုအချိန်မှာ ပိုပြီးတော့ ဆိုးလာသလား ထင်စရာပါ။ တစ်ဖက်မှာလည်း USDP အစိုးရ လက်ထက်တုန်းက အထည်ချုပ်စက်ရုံ ၂၀၀ လောက်ပဲရှိပြီးတော့ NLD အစိုးရ လက်ထက်မှာ ၆၀၀ လောက် ဖြစ်လာပြီလို့ ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောခဲ့တာကြောင့် ပုံမှန်ပိတ်သိမ်းမှုတွေပဲလို့ အငြင်းပွားစရာ ဖြစ်လာပါတယ်။ ဘယ်လိုပဲ အငြင်းပွားပွား အထည်ချုပ်စက်ရုံ တစ်ရုံဟာ အလုပ်သမ ရာထောင်ချီ အလုပ်အကိုင် ပေးနိုင်တာကြောင့် အထည်ချုပ်စက်ရုံ ဆယ်ဂဏန်း ပိတ်သိမ်းတာနဲ့တင် အလုပ်လက်မဲ့ သောင်းဂဏန်းကို ဖြစ်လာစေမှာပါ။ ဒီလိုအခြေအနေဟာ အလုပ်အကိုင် အခွင့်အလမ်းများများ ပေးနိုင်မဲ့ FDI တွေ ခွင့်ပြုပေးနေပါတယ်လို့ ကြွေးကြော်နေတဲ့ NLD အစိုးရအတွက်တော့ စိတ်ပျက်စရာ အခြေအနေ ဖြစ်လာပါတယ်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကျဆင်းလို့ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးမပေးနိုင်ချိန်မှာ လုပ်သားပေါင်းများစွာကို အလုပ်ပေးထားနိုင်တဲ့ ခရီးသွားကဏ္ဍကလည်း ကျဆင်းနေတာဟာ ဆိုးရွားတဲ့ အခြေအနေပါ။ လုပ်ငန်းတွေ ရပ်တန့်ကုန်သလို အံ့သြစရာအဖြစ် ဆီဆိုင်အချို့ ရပ်တန့်တော့မယ်ဆိုတဲ့ စကားသံတွေလည်း စီးပွားရေး လုပ်ငန်းရှင် အသိုင်းအဝိုင်းမှာ ကျယ်လောင်နေပါတယ်။

တစ်ဖက်မှာလည်း စီးပွားရေး ညွှန်းကိန်းတွေ စစ်တမ်းတွေက NLD အစိုးရရဲ့ စီးပွားရေးစီမံခန့်ခွဲမှု စွမ်းရည်ဟာ ဦးသိန်းစိန် အစိုးရထက် ညံ့ဖျင်းတယ်ဆိုတဲ့ အခြေအနေတွေကိုလည်း ဖော်ပြနေပါတယ်။ ဒီလိုအခြေအနေမျိုးတွေ ကြုံတွေ့လာနေရချိန်မှာ စီးပွားရေးမူဝါဒ (၁၂) ချက်ဟာ သုံးနှစ်သက်တမ်း ဖြစ်လာတဲ့ NLD အစိုးရကို အထောက်အကူ မပေးနိုင်ဘဲ ကောင်းမွန်တဲ့ မူဝါဒ မဟုတ်ဘူးလား၊  ဒီမူဝါဒ (၁၂) ချက်ကို တကယ်ရော အကောင်အထည် ဖော်နေရဲ့လား တွေးစရာ ဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း စီးပွားရေးမူဝါဒ (၁၂) ချက် ရှိနေပေမယ့် ဝန်ကြီးဌာနတွေရဲ့ ဗျုရိုကရေစီယန္တရားကို ကိုင်တွယ်နိုင်မှု မရှိတာ၊ စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေး ညံ့ဖျင်းတာကြောင့် မြန်မာ့စီးပွားရေး လည်ပတ်မှုက အစိုးရမှာ တက်နေပြီး လုပ်ငန်းရှင်မှာ ကျလာနေတယ်ဆိုတဲ့ အခြေအနေ ဖြစ်လာပါတယ်။

“စီးပွားရေးအကြံပေး အဖွဲ့တို့ ဘာတို့ရှိတယ်။ နောက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အကြံပေး ဆိုတာကလည်း နိုင်ငံခြားသား ဖြစ်နေတယ်။ အဲဒါတွေကလည်း ကြည့်ရတာ တကယ်လက်တွေ့ ဖြစ်နေတာနဲ့ အကြံပြုနေတာ သိပ်ပြီးကိုက်ညီနေပုံမရဘူး။ ဥပမာ ဇူလိုင် ၈ ရက်က Bloomberg မှာ Sean Turnell က ပြောတယ်။ “အနောက်တိုင်းက ရင်းနှီးမြှုပ်နှံမှုတွေလာတာ မျှော်လင့်နေတယ်။ တကယ်တမ်းကျ လုံးဝမလာပါဘူး” တဲ့။ အဲဒါဘာလဲဆိုတော့ No Action Talk Only တဲ့။ လုပ်ဆောင်ချက်မရှိဘဲ ပြောပဲပြောနေတာ။ နောက်ပြီး အမေရိကန်ကလည်း ရိုဟင်ဂျာကိစ္စနဲ့ စီးပွားရေး ပိတ်ဆို့မှု စလုပ်လာတယ်။ ကုလ သမဂ္ဂကလည်း ပြောလာတယ်။ ဒီမှာတိုင်းရင်းသား မျိုးနွယ်စုကို လူမျိုးသုန်းအောင် သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကလည်း စီးပွားရေးကို အများကြီး ထိခိုက်စေတယ်။ နဂိုကမှ လာလုပ်မယ့်သူတွေက စောင့်ကြည့်နေတဲ့ အချိန်မှာ မြန်မာနိုင်ငံက စီးပွားရေးလုပ်လို့ကောင်းတဲ့ အကွက်အကွင်း ဘာမှမတွေ့ဘဲနဲ့ ပြည်တွင်း စစ်ရှောင်ပြဿနာတွေကလည်း ရှိလာတာဆိုတော့ ပင်လုံ ညီလာခံကြီးကလည်း တစ်ဖက်မှာ ကျင်းပနေတယ်။ တစ်ဖက်မှာလည်း တိုက်နေတယ်။ အပစ်အခတ်၊ အတိုက်အခိုက်၊ ရပ်စဲရေးဆိုတာတွေက တိုင်းရင်းသား အချို့က လည်း စဉ်းစားမယ်ဆိုတဲ့အဆင့်ပဲ ရှိသေးတယ်။ ပြတ်ပြတ်သားသား မလုပ်နိုင်ဘူး။ အဲဒီတော့ တိုင်းပြည် တစ်ပြည်က စီးပွားရေးဆိုတာ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးရယ်၊ တည်ငြိမ်အေးချမ်းရေးရယ် အပေါ် မှာလည်း အများကြီးမူတည်တယ်။ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ မရှိဖို့ဆိုတာပါတယ်။ အဲဒါတွေက အားလုံးဒီမှာ ရှိနေတယ်။ အဲဒါတွေကြောင့် စီးပွားရေးက မတက်တာ” လို့ စီးပွားရေးပညာရှင် ဦးလှမောင် က ပြောပါတယ်။

တကယ်တော့ မြန်မာ့စီးပွားရေးဟာ အဖြေရှာချိန်ရောက်နေပါပြီ။ အစိုးရဘက်မှာပဲ တိုးတက်နေပြီး လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေ ကျပ် တည်းနေတဲ့ အခြေအနေဟာ ဘာဖြစ်လို့လဲ။ ဘယ်သူတွေ ကျပ်တည်းနေတာလဲ။ ဘာလို့ ကျပ်တည်းနေတာလဲ။ ဘယ်သူတွေက လုပ်နေတာလဲဆိုတာ အစိုးရ တစ်ရပ်အတွက် အရေးတကြီး အဖြေရှာသင့်တဲ့ ကာလပါ။ တစ်ဖက်မှာလည်း ကျပ်ငွေတန်ဖိုး ကျဆင်းမှုတွေ၊ တရုတ်-အမေရိကန် ကုန်သွယ်ရေး စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်သင့်တဲ့ အခြေအနေပါ။ ကမ္ဘာ့အခြေအနေနဲ့ ပြည်သူတွေရဲ့ ကျပ်တည်းမှုက အစိုးရကို ကြိုတင်ပြင်ဆင်ထား ဖို့ ညွှန်ပြနေပေမယ့် အစိုးရဘက်ကတော့ လေးလံနေဆဲဖြစ်နေတာ မြန်မာနိုင်ငံအတွက် ကောင်းမွန်တဲ့ အလားအလာ မဟုတ်ပါဘူး။

“တိုးတက်မှု အတော်နှေးကွေးနေတယ်။ အောင်မြင်မှု အသီးအပွင့်တွေ အလှမ်းဝေးနေဆဲပဲ။ အားရမှု မရှိဘူး။ Macroeconomic မှာ Indicator ကိန်းဂဏန်းပွိုင့်စွန်းလေးတွေ တိုးတက်နေတာကိုကြည့်ပြီး ကျေနပ်နေတယ်။ ဒါပေမဲ့ သာမန်မိသားစုတွေအတွက် တိုးတက်နေတယ်ဆိုတာ မဟုတ်ဘူး။ ပြီးတော့ တရုတ်- အမေရိကန်ရဲ့ ကုန်သွယ် ရေး အစမှာတင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းတဲ့ ဂယက်တွေဖြစ်ခဲ့ ပြီး ဒီကုန်သွယ်ရေးစစ်ပွဲက ၂၀၁၉ မှာ ပိုအထိနာနိုင်တယ် သုံးသပ်ထားတော့ မြန်မာနိုင်ငံက လက်ရှိထက် ပိုအထိမနာနိုင်အောင် အစိုးရက ဘာတွေ ကြိုပြင် ထားသင့်တယ်ထင်လဲဆိုရင် ဒီစစ်ပွဲကြောင့် မြန်မာ အထိမနာနိုင်ဘူး။ မြန်မာက အသာစီးရမှာ။ တစ်ချက်ပဲ။ ငွေလဲနှုန်း။ ဗဟိုဘဏ်ဟာ မြန်မာ့ငွေကြေးကို တောင့်တင်းခိုင်မာအောင် လုပ်နိုင်စွမ်းမရှိလို့ ဒုက္ခရောက်မှာ။ အဲဒီတော့ ကြိုပြင်ထားနိုင်မယ်လို့ ထင်လားဆိုရင် ကြိုပြင်ဖို့ဆိုတာ အခုရှိတဲ့ အစိုးရအဖွဲ့နဲ့ ဝန်ကြီးတွေက ကြိုမြင်မှကြိုပြင်နိုင်မှာ။ အခုရှိသူတွေက ပုဂ္ဂလိကကဏ္ဍက တွန်းလွန်းတာတောင် မရွေ့ချင်ဘူး။ အဲဒီတော့ အများကြီး မျှော်လင့်လို့ မရနိုင်ဘူး” လို့ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက NLD အစိုးရ စွမ်းဆောင်ရည်အပေါ် ထောက်ပြပါတယ်။

လက်ရှိအစိုးရ စွမ်းဆောင်ရည်နဲ့ စီးပွားရေး တိုးတက်ဖို့ဆိုတာ မလွယ်ကူဘူးလို့လည်း လုပ်ငန်းရှင်တချို့က ထင်မြင်နေတာကို တွေ့မြင်နေရပြီး Myanmar Insider စစ်တမ်းတွေမှာလည်း NLD အစိုးရရဲ့ စီးပွားရေး စီမံခန့်ခွဲမှု စွမ်းရည်တွေအပေါ် စစ်တမ်းဖြေဆိုတဲ့ လုပ်ငန်းရှင်တွေက အကောင်းမြင်မှု နည်းနေတာကို တွေ့ရပါတယ်။ ဒီလိုအခြေအနေတွေကြောင့် မြန်မာ့စီးပွားရေးဟာ လက်ရှိအစိုးရ လက်ထက်မှာ ပြန်ပြီးတိုးတက်လာဖို့ ဆိုတာ လက်ရှိအစိုးရ Capacity အရ မလွယ်ကူဘူးလို့ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဦးနေလင်းက ပြောပါတယ်။

တိုင်းပြည်တစ်ပြည်ရဲ့ စီးပွားရေး စီမံခန့်ခွဲမှုကို တိုင်းတာပြီဆို င် ကုန်ထုတ်လုပ်မှု၊ အလုပ်လက်မဲ့နှုန်း၊ ဈေးကွက်တည်ငြိမ်မှုစတဲ့ အခြေအနေတွေအပေါ်မှာ ကြည့်ရှုကြတာပါ။ NLD အစိုးရလက်ထက်မှာ ဒီညွှန်းကိန်းသုံးခုက အားလုံးကောင်းတယ်လို့ ဘယ်သူမှ အာမခံချက် မပေးနိုင်ပါဘူး။ လတ်တလောမှာ ဆိုရင်လည်း NLD အစိုးရလက်ထက် ဘယ်နေရာတွေမှာ တိုးတက်ပြောင်းလဲသွားလဲ။ ဘယ်နေရာတွေမှာ လိုအပ်ချက်တွေ ရှိနေသေးလဲ ဆိုတာကို  နိုင်ငံပေါင်း ၁၂၉ နိုင်ငံနဲ့ နှိုင်းယှဉ်ပြီး အသေးစိတ် လေ့လာထားတဲ့ Bertelsman Stiftung’s Transformation Index (BTI) 2018 Myanmar Report မှာဆိုရင် ၂၀၁၅ ဖေဖော်ဝါရီကနေ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အတွင်း ဒီမိုကရေစီအသွင်ပြောင်းမှု၊ စီးပွားရေးစနစ်ကောင်း ဖော်ဆောင်နိုင်မှု၊ အရည်အသွေး ပြည့်မီသော နိုင်ငံရေး စီမံခန့်ခွဲမှုတွေကို အသေးစိတ် လေ့လာသုံးသပ် ပြထားပြီး ဒီစွမ်းဆောင်ရည်တွေမှာ လက်ရှိတာဝန်ယူနေတဲ့ NLD အစိုးရက အောင်မှတ်မရခဲ့ပါဘူး။ အပြောင်းအလဲမတိုင်ခင် အခြေအနေတွေကိုပါ လေ့လာသုံးသပ်ထားလို့ ဘက်လိုက်မှု ကင်းတယ်လို့ ယူဆရတဲ့  BTI 2018 Myanmar Report  ရဲ့ အခြေပြအဆင့်က နိုင်ငံပေါင်း ၁၂၉ နိုင်ငံမှာ အဆင့် ၁၁၁ ဖြစ်ပြီး ရမှတ်က ၁၀ မှတ်မှာ  ၃ ဒသမ ၃၈ ပဲရပါတယ်။ နိုင်ငံရေး ပြောင်းလဲနိုင်မှုမှာ အဆင့် ၁၀၄ ဖြစ်ပြီး ၃ ဒသမ ၅ မှတ်ပဲ ရပါတယ်။ စီးပွားရေး ပြုပြင်ပြောင်းလဲနိုင်မှုစွမ်းရည်က အနိမ့်ဆုံးဖြစ်ပြီး နိုင်ငံပေါင်း ၁၂၉ နိုင်ငံမှာ အဆင့် ၁၁၄ ဖြစ်ပြီး ရမှတ် ၃ ဒသမ ၂၅ ပဲ ရပါတယ်။ အ စိုးရစွမ်းဆောင်ရည်က နိုင်ငံပေါင်း ၁၂၉ မှာ အဆင့် ၉၂ ရပြီး ရမှတ် ၃ ဒသမ ၉၇ ဖြစ်ပြီး စွမ်းဆောင်ရည် အားလုံးဟာ ညံ့ဖျင်းမှုပြယုဂ်အဖြစ် တစ်ခုမှ အောင်မှတ်မရတာကို တွေ့ရပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၃ ခုနှစ်အတွင်းမှာ ဦးသိန်းစိန် အစိုးရရဲ့ သုံးနှစ်တာ ကာလနဲ့ ပတ်သက်ပြီး ဒီလှိုင်းဂျာနယ်ရဲ့ ဒီစကားကဏ္ဍမှာ “တချို့ကတော့ ဒီအစိုးရ သက်တမ်းသုံးနှစ်သားပဲ ရှိသေးတယ်လို့ ဖော့ပြီးပြောပါတယ်။ ကျွန်မက ပြန်ဖြေလိုက်တယ်။ အမေရိကန် သမ္မတက တစ်ခါလျှင် လေးနှစ်ပဲ။ ပြန်အရွေးခံရပါတယ်။ အဲဒီအချိန်အတွင်းမှာ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို လုံလောက်အောင်တော့ ဖြည့်ဆည်းပေးရပါမယ်။ သုံးနှစ်ဆိုတာ နိုင်ငံတစ်နိုင်ငံမှာ သိသာထင်ရှားတဲ့ တိုးတက်မှုဖြစ်ဖို့ အချိန်နည်းလွန်းတယ်လို့ မဆိုနိုင်ပါ။ တိုးတက်မှု ဆိုတာကလည်း ပြည်သူတို့ရဲ့ဘ၀ တိုးတက်မှုနဲ့ ပြရမှာပါ” လို့ ပြောကြားခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာလည်း NLD အစိုးရ တာဝန်ယူလာတာ သုံးနှစ်သက်တမ်း ရှိလာပါပြီ။ ဒါပေမဲ့ ပြည်သူတွေ အကြားမှာ သိသာထင်ရှားတဲ့ တိုးတက်မှုဖြစ်ဖို့ဝေးလို့ စားဝတ်နေရေး ကျပ်တည်းတယ်။ ကုန်ဈေးနှုန်း မြင့်တက်တယ် ဆိုတဲ့ အသံပဲ ထွက်နေပါတယ်။ တစ်ဖက်မှာ အစိုးရကလည်း စီးပွားရေး တက်နေပါတယ်ဆိုပြီး တစ်ဖက်သတ် ကိုယ့်ဂုဏ် ကိုယ်ဖော် လုပ်နေတာ မြင်နေရတာမို့ အစိုးရပဲ တိုးတက်နေတဲ့ မြန်မာ့စီးပွားရေးဟာ ပုံစံမှန်တဲ့ စီးပွားရေး ဖြစ်မနေဘူး ဆိုတာ သတိပေး ပြောကြားချင်ပါတယ်။

 

Most Read

Most Recent