အနောက်တောင်ဘက်သို့ လှမ်းမျှော် ကြည့်လိုက်သောအခါ ကောင်းကင်တစ်ခုလုံး မည်းမှောင်သော တိမ်စိုင်တိမ်လိပ်များဖြင့် ဖုံးနေသည်ကို တွေ့ရသည်။ မကြာမီ မိုးရွာတော့မည်။ ယခုနှစ်တွင် မိုးဦးကာလမှစ၍ မိုးများသည်။ မိုးရွာသောအခါ မိုးရေများသည် ကောင်းကင်မှ သွန်ချလိုက်သကဲ့သို့ အားကောင်းလှသည်။ မိုးလေလုံခြုံသော သစ်ခေါင်းထဲသို့ ပြေးဝင်လာခဲ့သည်။ ဤမြေ ဤရေ ဤတော ဤတောင်တို့သည် ကျွန်တော် မွေးဖွားကြီးပြင်းရာ နေရာဖြစ်ပါသည်။ ကျွန်တော်သည် တောတောင် သစ်ပင်များပေါ်တွင် လွတ်လပ်စွာ ပြေးလွားနေတတ်သော ရှဉ့်ငပေါတစ်ကောင် ဖြစ်ပါသည်။
ကျွန်တော် မွေးဖွားကြီးပြင်းရာ တောတောင်မှာ ယခုအခါ သစ်ပင်များ ကျဲပါးကာ တောင်ကတုံးများ ဖြစ်နေပြီဖြစ်သော နေရာဖြစ်ပါသည်။ အဘိုးအဘွားများ ပြောစကားအရ ဤဒေသသည် သစ်ကြီးဝါးကြီးများနှင့် စိမ်းလန်းစိုပြည်စွာ တောတောင်ထူထပ်ခဲ့သော နေရာဖြစ်သည်။ ထိုအချိန်က ကျွန်တော်တို့မျိုးတူ ရှဉ့်ငပေါများ ကောင်ရေ များပြားစွာ ပေါက်ဖွားရှင်သန် နေထိုင်ခဲ့ကြပြီး အစာရေစာ ပေါများကြွယ်ဝ၍ နေစရာသစ် ပင်များလည်း ပေါများခဲ့သည်ဟု ဆိုသည်။
ယခုတော့ အခြေအနေများ ပြောင်းလဲ ကုန်ပြီဖြစ်သည်။ အစပထမ သစ်တောကြီး အတွင်းမှ သစ်ကောင်းဝါးကောင်းများကို ကျွန်တော်တို့ အိမ်နီးချင်းလူများက လာရောက်ခုတ်ယူကြသည်။ နောက်ပိုင်း စက်ယန္တရားကြီးများကို သုံး၍ တစ်တောလုံးကုန်အောင် ခုတ်ယူကြတော့သည်။ ဤသို့ဖြင့် တောတို့သည် တဖြည်းဖြည်း ကျဲပါးလာပြီး သစ်ရိပ်ဝါးရိပ်တို့သည် နည်းပါးလာသည်။ တောင်များပေါ်ရှိ သစ်ပင်များ ခုတ်ယူ၍ တစ်တောလုံးကုန်ပြီး တောင်ကတုံးများ ဖြစ်ကုန်ကြသည်။
အိမ်နီးချင်းလူသားများ၏ လောဘကား တောင်ကတုံးများ ဖြစ်သွားသောအခါတွင်လည်း မရပ်တန့်သေး။ နောက်တစ်မျိုးတိုး၍ လုပ်ကြပြန်သည်။ တောင်ကို မိုင်းခွဲ၍ လမ်း ခင်းကျောက်များ ထုတ်ကြသည်။ တောင်ကတုံးများသည် ချိုင့်ဝှမ်းများဖြစ်ကုန်ကြသည်။ အချို့သော တောင်အစွယ်များ တောင်ငယ်ကလေးများတစ်ခုလုံး ပျောက်ကုန်ကြသည်။ တောတောင်တစ်ခုလုံးသည် ဗုံးကြဲခံထားရ သကဲ့သို့ ဖြစ်နေသည်။ အချို့သော နေရာများတွင် ခဲမဖြူ၊ အဖြိုက်နက်၊ ခနောက်စိမ်းများ ရယူရန် တောင်များကို တူးဖောက်ထားကြသည်မှာ ပျားအုံသဖွယ်ဖြစ်နေသည်။ အထက်ဘက်တောင်ကြောတစ်နေရာကား အဆိုးရွားဆုံးဖြစ်သည်။ ရွှေထွက်သော ရွှေကြောရှိသည့် တောင်ကြီးမှာ အလုအယက်စက်ယန္တရားကြီးများဖြင့် ဖြိုချမှုကြောင့် တောင်တစ်ခြမ်းပဲ့များ ဖြစ်ကုန်သည်။ ထိုတောင် တစ်ခြမ်းပဲ့များဘေးတွင်ကား စည်းကမ်းမဲ့ စွန့်ပစ်ထားသော မြေစာပုံများ။
ကျွန်တော်တို့ ရှဉ့်ငပေါများအတွက် နေစရာ ရှားပါးလာသည်။ စားစရာ ရှားပါးလာသည်။ ဤသို့ဖြင့် ကျွန်တော်တို့ ရှဉ့်ငပေါအဆွေအမျိုးဦးရေမှာ တဖြည်းဖြည်း နည်းပါးလာခဲ့ပြီ ဖြစ်သည်။ ဤသို့သော အခြေအနေတွင် အသက်ရှင်နေသော ရှဉ့်ငပေါတို့၏ နောက်ဆုံးမျိုးဆက်မှ ရှဉ့်ငပေါတစ်ကောင်အဖြစ် ကျွန်တော် တည်ရှိနေခြင်း ဖြစ်ပါသည်။
ယခုရက်ပိုင်း မိုးအဆက်မပြတ် ရွာလျက်ရှိသည်။ မိုးရေပမာဏလည်း များသည်။ တောင်ကျရေတို့သည် သစ်ပင်များ မရှိတော့သော တောင်ကတုံးများပေါ်တွင် အတားအဆီးမရှိ စီးဆင်းလျက်ရှိသည်။ ရေစီးအားများ သောကြောင့် အချို့သော တောင်များ ပြိုကျကုန်သည်။ သစ်ပင်များလည်း ရေနှင့်အတူ မျောပါသွားကြသည်။ သစ်ပင်များနှင့်အတူ သစ်ပင်ပေါ်တွင် မှီခိုနေထိုင်ကြသော ကျွန်တော်တို့ အမျိုးအဆွေ ရှဉ့်ငပေါများလည်း ရေနှင့်အတူ မျောပါသွားကြသည်။ တောင်ခြေတွင်လည်း ရေစီးရေလာမကောင်းခြင်း၊ ရေစီးလမ်းများကို ပိတ်ဆို့၍ ကိုယ်ကျိုးအသုံးပြုထားခြင်းနှင့် ပင်လယ်ဒီရေ တက်ခြင်းစသော အကြောင်းတရားများ ပေါင်းစုံ၍ လူနေရွာများ၊ ရပ်ကွက်များ၊ အဝေးပြေးလမ်းမကြီးတို့ ရေမြုပ်ကုန်သည်။ ဒေသတစ်ခုလုံး ရေဘေးကို ရင်ဆိုင်နေရပြီ ဖြစ်သည်။
ကျွန်တော် မှီခိုနေထိုင်သော သစ်ပင်သည်လည်း လဲပြိုကျ၍ ရေစီးနှင့်အတူ မျောပါနေပြီဖြစ်သည်။ ရေမကူးတတ်သော ကျွန်တော်သည် ရေတွင် မျောပါလာသော သစ်တုံး တစ်ခုကို ကြောက်လန့်တကြား ဖက်တွယ်၍ ရေစီးနှင့်အတူ မျောပါခဲ့ပြီ။ ရေမွန်းသောကြောင့် အသက်ကောင်းစွာ မရှူနိုင်အောင် ဖြစ်လျက် သတိလစ်မေ့မြောသလို ဖြစ်နေသည်။ ထိုအချိန်တွင် ကျွန်တော်၏ ဝိညာဉ်သည် အံ့အားသင့်ဖွယ်ကောင်းစွာ ခန္ဓာကိုယ်မှ ထွက်ခွာ၍ ရေပြင်ပေါ် ဖြတ်သန်းပြီး နေရာ ပေါင်းစုံသို့ ရောက်ရှိသွားလေသည်။ ကျွန်တော်၏ ဝိညာဉ်သည် နေရာပေါင်းစုံကို ဖြတ်သန်းရင်း အဖြစ်အပျက်မျိုးစုံကို တွေ့မြင်ခွင့် ရခဲ့လေသည်။
ရေလွှမ်းနေသော အဝေးပြေးလမ်းမကြီး အနီးရှိ မြို့ကလေးတွင် လူတစ်ယောက် လမ်းဘေး ထမင်းကျော်ဆိုင်ထဲသို့ ဝင်သွားသည်။ “ထမင်းကျော် ကြက်ဥကြော်နဲ့ ဘယ်လောက်လဲ” ဟု မေးသည်။ ဆိုင်ရှင်က “၁၅၀၀” ဟု ဖြေသည်။ “မလျှော့ဘူးလား” ဆိုတော့ “ရေကြီး နေတာ၊ ဒီဈေးပဲ” ဟု ဖြေသည်။ ပုံမှန်ဈေးထက် နှစ်ဆကျော်ဖြစ်နေသည်။ တစ်ပါးသူ၏ ဒုက္ခအခက်အခဲကို အခွင့်ကောင်းယူ၍ ရှာသော စီးပွားရေးနှင့် လူသားတို့၏ လောဘ။
အဝေးပြေးကားလမ်း ပိတ်နေ၍ သောင်တင်နေကြသူ လူများကို အနီးအနားမြို့ရွာများက လူများ လာရောက်ပြီး ထမင်းထုပ်များ၊ ရေဘူးများ ဝေနေကြသည်။ တစ်နေရာတွင် ကားတစ်စီးပေါ်မှ ပစ္စည်းများ ချနေသည်။ “ဝေပေးလိုက်ရတော့မလား” ဟု တစ်ယောက်က ဦး ဆောင်လာသူဟု ထင်ရသူကို မေးသည်။ “ခဏနေဦး၊ ပစ္စည်းတွေကို အရင်ချပြီး ပုံလိုက်၊ ဓာတ်ပုံရိုက်ရမယ်။ ပစ္စည်းတွေကို နည်းနည်းချဲပြီး ချစီလိုက် ဓာတ်ပုံထဲမှာ ပစ္စည်းတွေ အများကြီးလို ဖြစ်သွားအောင်၊ ပြီးရင် ဓာတ်ပုံရိုက်မယ်။ အလှူငွေပေးလိုက်တဲ့သူတွေကို ပြန်ပြရမယ်။ ဒါမှ နောက်ကို အလှူခံရင် များများရမှာ” ။ စေတနာလော၊ လောဘလော၊ ပရဟိတလော၊ အတ္တဟိတလော လုပ်နေကြသူများ အနီးမှ ကျွန်တော် ဝိညာဉ်ဖယ်ခွာထွက်ခဲ့ပြန်သည်။
“ဥက္ကဋ္ဌ ဒီနေ့ ဘာလုပ်ရလဲ” ဟု လူငယ် တစ်ယောက်ကစားပွဲတွင် ထိုင်နေသူကို မေးသည်။ “ငါတို့ရဲ့ Facebook စာမျက်နှာကနေ ကူညီရေးပရဟိတအဖွဲ့ အတွင်းရေးမှူးကြီး ရေဘေးကူညီရေးဆောင်ရွက်ဖို့ ဥက္ကဋ္ဌနဲ့ အမြန်ဆက်သွယ်ပါလို့ ရေးတင်လိုက်”။ “ဖုန်း ဆက်ခေါ်လိုက်မယ်လေ” ။ “ခိုင်းတာလုပ်စမ်း ပါကွာ။ ငါတို့အဖွဲ့ ကယ်ဆယ်ရေးလုပ်နေတယ်ဆိုတာ လူသိဖို့လိုတယ်။ အချိန်နဲ့တစ်ပြေးညီ အခက်အခဲရှိသူတွေ ဆက်သွယ်ပါ။ ကူညီမယ်လို့လည်း ရေးတင်လိုက်” ။
ကျွန်တော့်ဝိညာဉ်က ရေစပ်သို့ ရောက်ရှိနေပြန်သည်။ ရေကျော် ရေမြုပ်နေသော အဝေးပြေးလမ်းမကြီးရှိ ရေစပ်တွင် တစ်ဖက်မှ တစ်ဖက်သို့ ဖြတ်ကူးနိုင်ရန် စက်လှေများ ရပ်ထားကြသည်။ အသက်ကယ်ဝတ်စုံ အပြည့်ဝတ်ဆင်ထားသော တာဝန်ရှိသူများ ရေပြင်ပေါ်တွင် ကယ်ဆယ်ရေးဆောင်ရွက်ရန် ဓာတ်ပုံဆရာများကိုပါ တင်ဆောင်၍ စက်လှေအချို့ ရေပေါ်တွင် မောင်းနှင်နေကြသည်။ အချို့စက်လှေများမှာ ပိတ်မိနေသော ခရီးသွားများကို ရေပြင်ကို ဖြတ်၍ ပို့ဆောင်ပေးရန် စောင့်နေကြသော စက်လှေများဖြစ်သည်။ စက်လှေစီးခ တစ်ဦးလျှင် ၄၀၀၀၊ ၅၀၀၀။ ခါတော်မီ စီးပွားရေးနှင့် သူတစ်ပါးဒုက္ခကို အခွင့်ကောင်းယူ အမြတ်ထုတ် စီးပွားရှာမှုများ။
ရေဘေးကယ်ဆယ်ရေး စခန်းတစ်ခုရှေ့တွင် ကားတစ်စီး ရပ်ထားသည်။ ကားဘေးတွင် အဝတ်အစား သေသေသပ်သပ် ဝတ်ဆင်ထားသော လူကြီးတစ်ယောက် ဒူးကလေးကို နည်းနည်းကွေး၍ ရပ်နေသည်။ ကားပေါ်မှ လူငယ်နှစ်ယောက်သည် ဆန်အိတ်တစ်လုံးကို မçပြီး လူကြီး၏ ပခုံးပေါ်တင်ဟန် ပြုနေသည်။ ရှေ့မှ ဓာတ်ပုံရိုက်နေသည်။ “ပုံများများရိုက်ထားနော်။ ငါ့မျက်နှာ သေချာပေါ်အောင်ရိုက်နော်” စသည်ဖြင့် လူကြီးက ညွှန်ကြားနေသည်။ ဆန်အိတ်ထမ်းနေပုံ ဓာတ်ပုံရိုက်ပြီးသောအခါ ဓာတ်ပုံဆရာက ပြောသည်။ “ဆရာ ရေထဲနည်းနည်း ဆင်းလိုက်ပါလား။ ရေထဲမှာ သွားနေတဲ့ပုံ ရိုက်ရအောင်။ ဟုတ်ပြီ။ ပုဆိုးကို သိပ်မ,မနဲ့။ ရေနည်းနည်းစိုအောင်ထား။ ဒီကိုကြည့်ပါ။ ရပြီ” ရေထဲတွင်သွားနေသော ဓာတ်ပုံရိုက်ကြပြန်သည်။ သူတစ်ပါး၏ ဒုက္ခကိုနင်းပြီး မိမိထင် ပေါ်ကျော်ကြားမှုကို ရှာသူများ။
လှိုင်းလေ အတန်ငယ်ငြိမ်၍ ရေစီးလျော့ကျသွားသောကြောင့် ရေမွန်းမှု သက်သာသွားသည်။ အသက်ကောင်းစွာရှူနိုင်လာသောကြောင့် ကျွန်တော့်ဝိညာဉ်သည် ခန္ဓာနှင့် ပြန်ကပ်ပြီး သတိရလာသည်။ ကြည့်လိုက်သောအခါ အဝေးပြေးကတ္တရာလမ်းမပေါ်သို့ ရောက်နေသည်။ ရေစပ်တွင် လူများ ရပ်နေကြသည်။ ရေစပ်သို့ ရောက်သွားကြသော ကျွန်တော်အမျိုးအဆွေ ရှဉ့်ငပေါတို့မှာ ဝမ်းသာအားရ ကမ်းပေါ်သို့ ခုန်တက်ကြသည်။ ဝမ်းသာမှုမှာ ကြာရှည်မခံလှပါ။ ခုန်တက်လာကြသော ရှဉ့်ငပေါလေးများကို ကမ်းစပ်တွင် စောင့်နေကြသော သူများက ဆီးကြိုဖမ်းဆီးပြီး ချက်ပြုတ်စားသောက်ရန် ကတ္တရာလမ်းမတွင် ရိုက်သတ်နေကြသည်။
ကြောက်ရွံ့မှုနှင့် ကြေကွဲမှုသည် ကျွန်တော့်တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ ထိုအချိန်တွင် ကမ်းစပ်သို့ ရောက်သွားပြီဖြစ်သော ကျွန်တော့်ခန္ဓာကိုယ်ကို လူတစ်ယောက်က ဖမ်းကိုင်လိုက်သည်။ ထို့နောက် အမြီးမှကိုင်၍ ဦးခေါင်းကို ကတ္တရာလမ်းမနှင့် ရိုက်ချလိုက်သည်။ ကျွန်တော်၏ နောက်ဆုံးထွက် သက်မတိုင်မီ အတွေးစတစ်ခု ခေါင်းထဲဝင်လာသည်။ အကယ်၍ နောင်ဘဝဟူသည် ရှိခဲ့ပါလျှင် ဤမြေဤရေ ဤတော ဤတောင် ဤလူသားများအနီးတွင် ရှဉ့်ငပေါတစ်ကောင် ပြန်မဖြစ်ပါရစေနှင့်ဟု ဆုတောင်းမိပါသည်။