အလွမ်းဆေးချိုချို

အလွမ်းဆေးချိုချို
Published 3 August 2018

အလွမ်းဆေးချိုချို

“ငါ မမှားဘူး

အရှေ့ဘက်မှာ

အပြာရောင် လှိုင်းထ

ရှမ်းရိုးမ…

ခပ်လှမ်းလှမ်းမှာ

ရန်ကင်းတောင်…

တောင်ဘက်မှာ

အောင်ပင်လယ်ရဲ့ တေးသံ…

အနောက်ဘက်မှာ

မင်းဝံတောင်ကို

မြွေတစ်ကောင်လို ရစ်ခွေနေတဲ့

ဧရာဝတီ…

ငါနဲ့ ကျောင်းနေဖက်၊ ခွေလှိမ့်ဖက်

သူငယ်ချင်းတွေရဲ့ အိမ်ရယ်၊ ငါ့အိမ်ရယ်

ရှာမရတာဆန်းတယ်။    ။”

အောင်ဘညို

 

မန္တလေးရောက်သည်နှင့် မန္တလေးနန်းတော်နှင့် ကျုံးကိုတွေ့ရသည်။ နန်းတော်အလွန် မလှမ်းမကမ်းမှာတော့ မန္တလေးတောင်။ သင်တန်းက ပုသိမ်ကြီးသို့ သွားရာလမ်းနံဘေးက တီဘီရောဂါတိုက်ဖျက်ရေးဌာနမှာဆိုတော့ နီးရာ မန္တလေးနန်းရှေ့က ဟိုတယ်တစ်ခုမှာ ထားပေးသည့်အတွက် စီစဉ်သူတို့ကို ကျေးဇူးတင်ရသည်။ နန်းရှေ့မှာ ကားရှုပ်သည်ဆိုသော်ငြား မြို့လယ်လောက်တော့  မဆိုးသေး။ အပင်တွေလည်း တော်တော်များများ ရှိသေးသည်မို့ သည်တစ်ခေါက် မန္တလေးခရီးစဉ်က မန္တလေး၏ ငယ်ရုပ်ကို ခပ်ဝါးဝါး မြင်လိုက်ရသလိုရှိသည်။

သည် မန္တလေးက ဆေးကျောင်းမှာ ရွှေဘိုနယ်ကတောသားနှစ်ယောက် ကျောင်းလာတက်ခဲ့ဖူးလေသည်။ ခါတိုင်းနှစ်တွေမှာ မြို့သားများသာ ကြီးစိုးနေရာက မိမိတို့နှစ်မှာ တော့ တိုက်ဆိုင်စွာပင် နှစ်ယောက်စလုံးက တောသားတွေချည်း။ အောင်ဆန်းဆောင်မှာ နေကြတော့လည်း တစ်ခန်းတည်းအတူတူ၊ စရိုက်ချင်းကလည်း သိပ်မကွာ၊ ကျောင်းမှာလည်း တတွဲတွဲဆိုတော့ အတန်းတူူငယ်ချင်းများက ကိုယ်တို့နှစ်ယောက်ကို တွဲပြီးသိကြလေသည်။ ခုအချိန်ထိ အတန်းတူသူငယ်ချင်း တစ်ယောက်ယောက်နှင့် တွေ့လျှင် “လှိုင်ဝင်းရော ဘယ်ရောက်နေလဲ”ဆိုပြီး သတိတရ မေးတတ်ကြ၏။

လှိုင်ဝင်းဆိုသည်နှင့် အဖြစ်အပျက်တစ်ခုက ခေါင်းထဲ တန်းပေါ်လာသည်။ ဆေးကျောင်းပထမနှစ်မှာ စာသင်ချိန်တစ်ခုအပြီး ဓာတုဗေဒဌာနမှာ အချိန်စာရင်းအပြောင်း အလဲရှိသည်ဆိုသဖြင့် အခြားသူများနှင့်အတူ နှစ်ယောက်သားသွားပြီး အချိန်စာရင်း ကြည့်ကြသည်။ ကြည့်အပြီး “သွားစို့ လှိုင်ဝင်း” ဆိုပြီး ကိုယ့်နောက်မှာရှိသည့် လှိုင်ဝင်း၏ လက်ကို အဆွဲလိုက်စိတ်ထဲမှာ ဟင်ကနဲ ဖြစ်သွားသည်။ သူ့လက်က နူးညံ့လှချည်လားလို့  အံ့သြတကြီး နောက်လှည့်အကြည့်မှာ ကိုယ့်ကို ကြောင်အမ်းအမ်းကြည့်နေသည့် မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရ၏။ “ဆောရီး ဆောရီး” ဟု ပြောကာ ထိုနေရာမှ ခပ်သွက်သွက် ထွက်လာခဲ့ရ၏။ ကိုယ်ကိုင်မိတာ လှိုင်ဝင်းလက်မှ မဟုတ်ခဲ့သည်ပဲ။

လှိုင်ဝင်းနှင့် ဝါသနာချင်းလည်း တူသည်မို့ ဆေးကျောင်းနှင့် မလှမ်းမကမ်းက ‘စံရိပ် မွန်’ မှာ စာအုပ်သွားငှားတော့လည်း အတူတူ ဖြစ်ခဲ့ပါ၏။ စံရိပ်မွန်ကနေ ဂျူး၏ ‘မရှိမဖြစ် မိုး’ ကို မော့ကြည့်ကာ ‘မြစ်တို့၏မာယာ’ မှာ ပါဝင်စီးမျောခဲ့ဖူးသည်။ ရုပ်ရှင်ဇာတ်ကားအနေဖြင့် ‘မြစ်တို့၏မာယာ’ က ပိုမိုအောင်မြင်ခဲ့သော်ငြား မိမိကတော့ ‘မရှိမဖြစ်မိုး’ ထဲက ခင်မိုးမြင့်၏မာနကို ပိုပြီးသဘောကျသည်။  နှလုံးသားထဲမှာ ပုန်းခိုနေရာကနေ ရုတ်တရက် တိုးထွက်လာသည့် အချစ်စိတ်ကိုပင် ‘လရောင်၏ ဖျားယောင်းမှု’ တဲ့။ သို့တစေ ခင်မိုးမြင့်၏ မာနက ချစ်စရာကောင်းသည်ဟု ထင်ပါသည်။

ဆရာငြိမ်းကျော်၏ လှပသောဝတ္ထုခေါင်းစဉ်များနှင့် စွဲငြိဖွယ်အရေးအသားတွေ ကလည်း အခုထိ ရင်ထဲမှာ စွဲကျန်နေဆဲဖြစ်သည်။ ‘အစဉ်သဖြင့်’ ၊ ‘တမ်းတခြင်းများစွာဖြင့်’ ၊  ‘တခဏတော့ လွမ်းတာရှည်’ ၊ ‘သစ်ရည်တက် ချိန်လွမ်းတချိန်’ ၊ ‘နှင်းခဲပွင့်ကန္တာရအလွမ်း’ ၊ ‘ပဉ္စမမြောက် ဆောင်းရက်များ’ ၊ ‘နှောင်းခဲ့ပြီ နွေ’၊ ‘လွမ်းလို့ ကျန်ရစ်ခဲ့မှာကို အားနာပါတယ်လေ’။ အရေးအသားက ပြောင်မြောက်လှသလို တင်ပြပုံကလည်း ဆန်းသစ်လှပသည်။ အထူးသဖြင့် ‘လွမ်းလို့ ကျန်ရစ်ခဲ့မှာကို အားနာပါတယ်လေ’ ၏  ဇာတ်သိမ်းခန်း။ တစ်လျှောက်လုံး သယ်လာသည့်ဇာတ်ကို စာတစ်စောင်ဖြင့်  အဆုံးသတ်သည်။ အပေါ်ဆုံးမှာ ‘သို့…ကိုကို’ ဟု ရေးထားပြီး အောက်ဆုံးမှာတော့ ‘ညီမ’ တဲ့။ ကျန်သည့် စာမျက်နှာတစ်ခုလုံးက ဗလာ။ ဆုံစည်းဖို့ရာ မဖြစ်နိုင်သောအချစ်ကိုမှ ထွေးပိုက်ထားမိသူ အမျိုးသမီးတစ်ဦး၏ ရင်နှင့်  မဆံ့အောင်၊ ရေးပြလို့ မရနိုင်လောက်အောင်အထိ ထုထည်ကြီးမားလှစွာသော နှလုံးသား ဝေဒနာများ။

ဆေးကျောင်းမှာ စာမေးပွဲတွေကများ လှသည်မို့ စာမေးပွဲရက်အတွင်းမှာတော့ ‘စံရိပ်မွန်’ ကို ခေတ္တသံယောဇဉ်ဖြတ်ကာ စာမေးပွဲ အောင်ဖို့အရေး စာနှင့် နပန်းလုံးရလေသည်။  စာမေးပွဲပြီးမှ မကွေးက သူငယ်ချင်းနှင့်အတူ ရုပ်ရှင်ရုံသွားကာ ပင်ပန်းသမျှ အပန်းဖြေဖြစ်၏။ ‘မူပိုင်ချစ်သူ’ ၊ ‘တပြည်သူမရွှေထား’၊ ‘ပုဂံမှာသာတဲ့လ’ ၊ နောက်… ‘ဒဏ္ဍာရီ’ ။ ‘ဒဏ္ဍာရီ’ ကတော့ ဘယ်တော့မှမရိုးနိုင်သည့် တက္ကသိုလ် နောက်ခံဇာတ်လမ်းတစ်ပုဒ်။ မန္တလေးတက္ကသိုလ် ပရဝုဏ်အတွင်း ရိုက်ကွင်းတွေက အသက်ဝင်လှသလို ပုဂံရှုခင်းတွေကလည်း လှပလွန်းသည်။ သည်အထဲမှာ မီမီဝင်းဖေနှင့်  ခင်မောင်တိုးတို့၏ ဇာတ်ဝင်သီချင်းတွေကို  အားဖြည့်လိုက်တော့ ‘ဒဏ္ဍာရီ’ သည် စုတ်ချက် သေသပ်လှပသည့် မှော်ဝင်ပန်းချီကားတစ်ချပ်။

မန္တလေးမှာ ကျောင်းတက်နေစဉ်အတွင်း မန္တလေးသြင်္ကန်အရသာကို မြည်းစမ်းကြည့်ချင်သည့်အတွက် နွေရာသီကျောင်း ပိတ်ရက်တစ်ခုမှာ သြင်္ကန်ကာလအတွင်း အိမ်မပြန်ဖြစ်ဘဲ မန္တလေးမှာပဲ နေဖြစ်သည်။  ကားတွေ၊ လူတွေ ရှုပ်လွန်းသည်မို့ နေ့ပိုင်းမှာ ရေပက်ခံမထွက်ဖြစ်။ ညပိုင်းရောက်မှသာ ကျုံးမြောက်ဘက်က ဗဟိုမဏ္ဍပ်အပါအဝင် မြို့ပေါ်မဏ္ဍပ်များသို့ လျှောက်လည်ဖြစ်သည်။ ဗဟိုမဏ္ဍပ်သို့ အလှပြယာဉ်များ လာရောက်ဖျော်ဖြေကြရာမှာ ဌာနဆိုင်ရာ အလှပြယာဉ်တစ်ခုက သြင်္ကန်သီချင်းထဲမှာ သူ့ဌာနအကြောင်း မဆီမဆိုင် ကြော်ငြာဝင်သွားသဖြင့် သြင်္ကန်အရသာပျက်ကာ စိတ်ညစ်ခဲ့ရသေးသည်။ ဆေးကျောင်းမဏ္ဍပ်ရောက်တော့မှသာ အညစ်ပျောက်ကာ အကြည်ရောက်ရတော့၏။ သြင်္ကန်အကတွေက သိပ်ပြီးမထူး ဆန်းလှပေမဲ့ ခပ်ငယ်ငယ်ဆေးကျောင်းသူ တစ်ဦး၏ သွက်လက်မြူးကြွသည့် သီချင်းဆိုဟန်ကြောင့် ငိုက်မြည်းစပြုလာသည့် မျက်စိနှင့် အာရုံတို့ ပြန်လည်နိုးထလာရသည်။ အချိုပေါ်သကာလောင်းသလို ဖြစ်ရသည်ကတော့ ဆေးကျောင်းမဏ္ဍပ်ကို ရောက်လာသည့်  ထိုစဉ်က နာမည်ကြီးအဆိုတော် ခင်မောင်တိုး။ ကိုတိုးကြီး၏ ‘ဒီတစ်ကြိမ် ဒီနွေ’၊ ‘အေးအတူ ပူအမျှ’ နှင့် ‘ဝေးခဲ့ပြီ ပန်းခရမ်းပြာ’ သီချင်းများကြောင့် မန္တလေးသြင်္ကန်က ပြီးပြည့်စုံသွားခဲ့ရပါ၏။

မန္တလေးသြင်္ကန်က ပြီးပြည့်စုံပေမဲ့ ဆေးကျောင်းကထိန်ကတော့ အတန်အသင့် စည်ကားသော်ငြား တစ်ခုခုလိုနေသလို ရင်ထဲမှာ ဟာနေခဲ့ပါသည်။ ထိုစဉ်က လူကြီးကတော်တစ်ဦး၏ ‘မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်’ သီချင်းကို အားနာပါးနာဖြင့် လက်ခုပ်တီး အားပေးပြီးနောက်ဝယ် မျှော်လင့်ခဲ့သည်က မန္တလေးဆေးကျောင်း၏ အနုပညာအသင်းဥက္ကဋ္ဌ၊ ခန္ဓာဗေဒဌာနမှ သရုပ်ပြဆရာ ဆရာစိုင်းခမ်းလိတ်ရေးစပ်ပြီး ကွယ်လွန်သွားရှာပြီဖြစ်သည့် အဆိုတော်စိုင်းထီးဆိုင် သီဆိုထားသော သီချင်းများ။ သို့တစေ ‘အချစ်အတွက် တဖန်မွေးဖွားခဲ့ပြီ’ သီချင်းကလွဲပြီး ကျန်သည့်သီချင်းတွေကို မကြားခဲ့ရသည့်အတွက် ဆရာစိုင်းအား မျက်နှာပူသလိုလို ရှိသည်။

‘ရင်မှာ ကိုယ်စီရယ်…ချစ်စိတ်ရှိခဲ့မှန်း လဲ… နှစ်ဦးသား.. လုံးဝသတိမထားမိတယ်…ဘယ်သူယုံနိုင်မယ်…ခုလိုချစ်ခဲ့ကြမယ်…ခုတော့လည်း မဆန်းသလိုပါပဲ…အမြဲတမ်းပဲ..တွေ့နေချင်တယ် အချစ်ရယ်…ချစ်စကားလေး.. ကြားနေချင်တယ် အချစ်ရယ်…ချစ်လွန်းလို့ ရူးရမလောက်ထိအောင်ကွယ်…သိပ်သိပ်ချစ်ရတဲ့ နွဲ့တင်ရယ်…

လွယ်နေတာကို…ခက်အောင်လုပ်တတ်ကြတယ်…လောကကြီးရဲ့ သဘာဝပဲ…ရင်မှာဘယ်လောက်ပဲ…တစ်ယောက်ကိုတစ် ယောက်ချစ်လဲကွယ်…လောကကြီးကို မယုံနိုင်တယ်…နီးပြီးမှ ဝေးမှာကို မလိုလားတယ်…ချစ်ပြီးမှ လွဲမှာကိုမလိုလားတယ်… ဘဝဆက်တိုင်း ပေါင်းရဖို့ ဆုပန်ရွယ်..သိပ်သိပ်ချစ်ရတဲ့ နွဲ့တင်ရယ်….

မဆုံနိုင်ခင်မှာ…မျက်ရည်လည်းကျရမယ်…အချစ်စစ်ရဲ့လမ်း မဖြောင့်ဖြူးဘူးကွယ် …ဒီလိုအချိန်တွေမှာ…အားငယ်တိုင်းအရှုံးမပေးနဲ့…တစ်ယောက်အကြောင်းတစ်ယောက် စဉ်းစားနေပါကွယ်…မကြောက်စမ်းနဲ့ အနားမှာလေ ကိုယ်ရှိတယ်…နောက်မဆုတ်နဲ့ အနားမှာလေ ကိုယ်ရှိတယ်…တိုးတိုးလေးအားပေး စကားပြောနေမယ်…သိပ်သိပ်ချစ်ရတဲ့ နွဲ့တင်ရယ်….’

ဒုတိယနှစ်အရောက် ခန္ဓာဗေဒဌာန၏ လက်တွေ့ခန်းတွေမှာ ဆရာမဒေါ်နွဲ့နွဲ့တင်ကို တွေ့ရစဉ် နည်းနည်းတော့ အံ့သြမိသည်။ ကိုယ့်စိတ်ထဲမှာဆရာစိုင်းက တကူးတက နာမည်တပ်ပြီး သီချင်းဖွဲ့ဆိုခဲ့ရာ ‘နွဲ့တင်’ ခေါ်  ဆရာမ ဒေါ်နွဲ့နွဲ့တင်သည် အလွန်တရာ ချောမောလှပနေလိမ့်မည်ဟု ထင်မှတ်ထားခဲ့ပါ၏။ လက်တွေ့မှာတော့ ဆရာမက အသားညိုပြီး အနည်းငယ် ဝချင်သည်။ ခန္ဓာဗေဒဌာနသို့ နောက်မှ ရောက်လာသူဆရာစိုင်းကတော့  အသားဖြူဖြူပိန်ပိန်ပါးပါး။ အေးဆေးတည်ငြိမ်သည့် ဆရာစိုင်းသည် ရုပ်ရည်ထက် ဆရာမ၏ နှလုံးသားကို အချစ်ပိုခဲ့ပုံရပါ၏။

‘တစ်ယောက်နဲ့ တစ်ယောက်တစ်မြို့စီ တစ်နယ်စီ…နေကြသော်လည်းလေ…အလှရွှန်းစို…သာမောရာ… မြကျွန်းညိုကဗျာတောမှာ…ခဏကွန်းခိုလာသောအခါ…တစ်ဦးနဲ့ တစ်ဦး…မိတ်ဆွေပေါင်းသင်း ဖြစ်သွားကြတာတွေ…စိတ်အနေပြောင်းရင်း…ချစ်သွားကြ တာတွေ…ဒါတွေတကယ်တော့ မဆန်းပေ…ဒီလိုအဖြစ်မျိုးထဲမှာ…ချစ်ကျိုးနည်းရမှာလား …လေတက္ကသိုလ်ကျောင်း…က ငွေလမင်း…ရေဘယ်ကမ္ဘာသွားကာ…ဘယ်မှာများသာ နေသလဲလေ…အချိန်တန် သူမရောက်ရင်တော့ အပူနှောက်ရပြီရှင်ရေ…ကောင်းကင်က ငွေလမင်းပမာ…နေ့ဘက်မှာ ပုန်းသလိုများ…မေ့ကွက်ရှာမုန်းနေပြီလား….လေ…’

ဆေးကျောင်းက ကဗျာမဆန်ပေမဲ့ ခပ်လှမ်းလှမ်းမှ မန္တလေးတက္ကသိုလ်ကတော့ ကဗျာဆန်ပါသည်။ မန္တလေးဆေးရုံကြီးက စိတ်ညစ်ညူးစရာတွေ ပြည့်နေပေမဲ့ ရေနီမြောင်းကတော့ တေးသံချိုပါသည်။ မန္တလေး တက္ကသိုလ်ထဲမှာ ငွေလမင်းကိုရှာရင်း ရေနီ မြောင်းနံဘေးက အကြော်ဆိုင်မှာ အပန်းဖြေရင်းကနေ ‘အစိမ်းရောင်သစ်ရွက်များ’ အမည် ရှိကဗျာစာအုပ်ကို သူငယ်ချင်းငါးယောက်  စုပေါင်းပြီး ထုတ်ဖြစ်ခဲ့ကြလေသည်။ ခုတော့ ‘ဒီဆူး’ ခေါ် ခင်မောင်ရင်က ကွန်ဟိန်းမှာ။ ‘သျှိုင်း သူရိန်’ ခေါ် သက်အောင်က ဗန်းမော်မှာ။ ‘ပြေ မွှေး’ ခေါ် လှိုင်ဝင်းက မေမြို့မှာ။ ပန်းချီဆရာ ကိုကိုနိုင်က မဘိန်းမှာ။ ကိုယ်ကတော့ မြေလတ်မြို့တော် မကွေးမှာ။

နန်းမြို့ရိုး၊ ကျုံးနှင့် မန္တလေးတောင်ဟူ သော မန္တလေး၏ အငွေ့အသက်တို့ကို ရှူရှိုက်မိစဉ်ခဏ မန္တလေးအရောက်မှာ အလွမ်းဆေး ချိုချိုသောက် ဖြစ်ခဲ့ပါသည်။ အချိန်ရလျှင်တော့ ဟိုး…အရင်အောင်ဘုတို့၊ ချက်စူတို့ နေခဲ့သည့် နေရာတွေကို ဖြတ်လျှောက်ရင်း တွေ့နိုးနိုး မျှော်ကိုးလျက် မန္တလေးတက္ကသိုလ်ထဲမှာ တစ်ချိန်က ငွေလမင်းကို လိုက်ရှာပါဦးမည်။

Most Read

Most Recent