ရန်ကုန်တိုင်းဒေသကြီး၌ မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှုဖြစ်စဉ် ယခင်နှစ်ကာလတူထက် ပိုမိုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၌ မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှုဖြစ်စဉ် ယခင်နှစ်ကာလတူထက် ပိုမိုဖြစ်ပွား
Published 29 July 2017

ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှုဖြစ်စဉ် ယခင်နှစ်ထက် ပိုမိုဖြစ်ပွားလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ မှုခင်းစာရင်းများအရ တိုင်းဒေသကြီးအတွင်း မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှုများ ဖြစ်ပွားမှုမှာ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ ၁၃၇ မှု ဖြစ်ပွားခဲ့ကာ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ ၁၀၂ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းကြောင့် စာရင်းများအရ ၂၀၁၇ ခုနှစ်တွင် ၃၅ မှု တိုးမြှင့်ဖြစ်ပွားခဲ့ကြောင်း သိရှိပြီး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ အနေဖြင့် ခရိုင်လေးခရိုင်ရှိ မြို့နယ်များတွင် မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှု ပပျောက်ရေး။ မဖြစ်ပွားစေရေးအတွက် မှုခင်းအသိပညာပေး ဆွေးနွေးပွဲများကို ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှု ကျူးလွန်ခြင်း မခံရစေရန်အတွက် နေအိမ်တွင် မိန်းကလေးငယ်တစ်ဦးတည်း ထားခဲ့၍ မိဘများနှင့် မောင်နှမသားချင်းများ အပြင်သို့ သွားရောက်နေခြင်း မပြုရန်၊ ညအချိန်တွင် မိန်းကလေးငယ် တစ်ဦးတည်း အပြင်သို့ အကြောင်းအမျိုးမျိုးဖြင့် စေလွတ်ခြင်း မပြုရန်၊ အုပ်ထိန်းသူများက အခြားခင်မင်ရင်းနှီးသူများအပေါ် အယုံအကြည်လွန်ကဲပြီး မိန်းကလေးငယ်နှင့် နေအိမ်တွင် နှစ်ဦးတည်း ရှိနေစေခြင်း မပြုရန်နှင့် အရက်သေစာ သောက်စားမူးယစ်သည့် ဖခင်အရင်းများကလည်း အသိစိတ်ပျောက်ကာ သွေးသားရင်းများကို ကျူးလွန်သည့် ဖြစ်စဉ်များ ရှိသည့်အတွက် ယင်းအခြေအနေများကို သတိထား ရှောင်ကြဉ်သင့်သည်ဟု ရဲတပ်ဖွဲ့မှ ပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၅ ၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ပဉ္စမအပိုဒ်၌ ယခင်က အသက် ၁၄ နှစ်အောက် မိန်းမငယ်အား အလိုတူသည် ဖြစ်စေ၊ မတူသည် ဖြစ်စေ ကာမစပ်ယှက်ပါက မုဒိမ်းမှုမြောက်သည်ဟု ဖော်ပြထားသော်လည်း ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၇ ရက်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၆) ဖြင့် အသက် ၁၄ နှစ်အောက်အစား အသက် ၁၆ နှစ်ဟု ပြင်ဆင်သတ်မှတ်လိုက်သည့်အတွက် ၁၆ နှစ်အောက် မိန်းကလေးငယ်များ မိမိ၏ ချစ်သူရည်းစားနှင့် ခိုးရာလိုက်ပြေးမှုကို နစ်နာသူများဘက်မှ လာရောက်အမှုရေးဖွင့်ပါက မုဒိမ်းမှုဖြင့် ရေးဖွင့်ပေးရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

Most Read

Most Recent