မြန်မာရွှေ့ပြောင်းလုပ်သား အများအပြား ရှိနေသည့်ထိုင်းနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာလုပ်သား ရာနှင့်ချီရှိပြီး ငွေပေးကာ မရွေးနိုင်သူများမှာ အချုပ်ခန်းထဲတွင်သာ နေထိုင်နေရကြောင်း မြန်မာလုပ်သားများကို အကူအညီပေးနေသည့် ထိုင်းနိုင်ငံအခြေစိုက် အဖွဲ့အစည်းများထံမှ သိရသည်။
MoU စာချုပ်အပါအဝင် ပန်းရောင်ဘတ်ကတ် ကိုင်ဆောင်ထားသည့် အလုပ်သမားများကို ယခုရက်ပိုင်းအတွင်း အလုပ်ရှင် နာမည်မတူသည့်အမှု၊ နယ်ကျော်ဖြတ်သန်းသည့် အမှု၊ လောင်းကစား ဥပဒေပုဒ်မတပ်ကာ ဖမ်းဆီးငွေတောင်းသည့်အမှု စသည်ဖြင့် အကြောင်းအမျိုးမျိုးဖြင့် ထိုင်းရဲများက ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ အချို့အလုပ်သမားများမှာ ငွေမပေးနိုင်သည့်အတွက် အချုပ်ခန်းထဲတွင်သာ ဆက်လက်နေထိုင်နေရပြီး မြန်မာသံရုံး အလုပ်သမား သံအရာရှိမှလည်း ထိထိရောက်ရောက် ကူညီခြင်းမရှိဟု မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ (AAC) မှ ကိုရဲမင်းက ပြောကြားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်က စူရတ်ဌာနီ၊ ကောမောကီလို ၁၂ နယ်မြေ (ဝန်ဘန်ဒစ်) ရာဘာစက်ရုံရှိ အလုပ်သမားများကို ရှောင်တခင် ဝင်ရောက်စစ်ဆေးစဉ် MoU အလုပ်သမားများ၊ ပန်းရောင်ဘတ်ကတ်ရှိသူများနှင့် ဘတ်ကတ်မရှိသူ အပါအဝင် မြန်မာလုပ်သား ၁၆၀ နီးပါး ဖမ်းဆီးခံခဲ့ရပြီး အဆိုပါ အလုပ်သမားအများစုမှာ အလုပ်နေရာနှင့် သူဌေးမတူသည့်အတွက် ဖမ်းဆီးခံရခြင်းဖြစ်ကာ အချို့မှာငွေပေး၍ ပြန်လွှတ်ခဲ့သော်လည်း အများစုမှာ ငွေမပေးနိုင်သည့်အတွက် အချုပ်ခန်းတွင် နေထိုင်နေရဆဲဖြစ်သည်ဟု သိရသည်။
ထို့ပြင် ဖေဖော်ဝါရီ ၅ ရက်ကလည်း မဟာချိုင်နယ်မြေတွင် အလုပ်နားသဖြင့် ဘောလုံးကန်နေသည့် မြန်မာလုပ်သား ၂၁ ဦးမှာ လောင်းကစား ပြုလုပ်သည်ဟုဆိုကာ ထိုင်းရဲများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ (AAC) မှ လိုက်လံကူညီပေးသည့် အတွက် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။
“ဘောလုံးကန်တာကို ငွေကြေးနဲ့လောင်းကစား လုပ်တယ်ဆိုပြီး ဖမ်းတာပါ။ အားလုံးပြန်လွတ်လာပါပြီ” ဟု ကိုရဲမင်းက ပြောကြားသည်။
Writer: