လက်ရှိဘဏ္ဍာနှစ် ကျန်ရှိနေသည့် သုံးလကျော်အတွင်း ပြည်ပသို့ ဆန်တန်ချိန်ငါးသိန်းခန့် ထပ်မံတင်ပို့နိုင်မည် ဖြစ်သည့်အတွက် ဘဏ္ဍာနှစ်ကုန်တွင် တန်ချိန် ၂ ဒသမ ၇ သန်းအထိ စံချိန်တင် တင်ပို့နိုင်မည်ဖြစ်ဟုဆို

လက်ရှိဘဏ္ဍာနှစ် ကျန်ရှိနေသည့် သုံးလကျော်အတွင်း ပြည်ပသို့ ဆန်တန်ချိန်ငါးသိန်းခန့် ထပ်မံတင်ပို့နိုင်မည် ဖြစ်သည့်အတွက် ဘဏ္ဍာနှစ်ကုန်တွင် တန်ချိန် ၂ ဒသမ ၇ သန်းအထိ စံချိန်တင် တင်ပို့နိုင်မည်ဖြစ်ဟုဆို
Published 17 December 2017

ရန်ကုန်မြို့ ပွဲရုံတစ်ခုအတွင်း ဖြန့်ချိရန် ပြင်ဆင်ထားသည့် ဆန်အိတ်များကို တွေ့ရစဉ်

လက်ရှိဘဏ္ဍာနှစ် ကျန်ရှိနေသည့် သုံးလကျော်အတွင် ပြည်ပသို့ ဆန်တန်ချိန် ငါးသိန်းခန့် ထပ်မံတင်ပို့သွားနိုင်မည် ဖြစ်သည့်အတွက် ဘဏ္ဍာနှစ်ကုန်၌ စံချိန်တင်ကာ ဆန်တန်ချိန် ၂ ဒသမ ၇ သန်းအထိ တင်ပို့နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ပြောကြားသည်။

“နောက်ထပ်အနည်းဆုံး တန်ချိန် ငါးသိန်းလောက်ထက် တင်နိုင်မယ်လို့ မှန်းထားတယ်။ ငါးသိန်းလောက် ထပ်ပြီးတင်နိုင်မယ်ဆို ၂ ဒသမ ၇ သန်းလောက် ဖြစ်သွားနိုင်တယ်” ဟု ဦးလူမော်မြင့်မောင်က ပြောကြားသည်။

ယခုနှစ်တွင် ဆန်တင်ပို့နေသည့် အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသည့် ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန် စသည့်နိုင်ငံများ၌ ဆန်အဟောင်း လက်ကျန်နည်းနေသည့်အတွက် ဆန်လိုအပ်ချက်ရှိနေသည့် နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံမှဆန်ကို ပိုမို ဝယ်ယူလာကြောင်း သတင်းရရှိသည်။

“ဒီနှစ်က ပြန်ကြည့်လိုက်လို့ရှိရင် အိမ်နီးချင်းနိုင်ငံ ဆန်ထုတ်တဲ့ နိုင်ငံတွေပေါ့။ Export လုပ်တဲ့နိုင်ငံ ကျွန်တော်တို့နဲ့ ယှဉ်ပြိုင်ဘက်နိုင်ငံတွေကို ကြည့်လိုက်မယ်ဆိုရင် ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန် သူတို့နိုင်ငံတွေမှာလည်း အလားတူပဲ ကျွန်တော်တို့နိုင်ငံလိုပဲ ပြီးခဲ့တဲ့ အဟောင်းလက်ကျန် စတော့တွေက တော်တော်များများက ကုန်လုနီးပါး ဖြစ်သွားပြီ။ ကျွန်တော်တို့ နိုင်ငံမှာလည်း ဒီနှစ်မှာ ပြီးခဲ့တဲ့နှစ်က စတော့လက်ကျန် ပြတ်သလောက် ဖြစ်သွားပြီ အဲဒီအခါကျတော့ ဒီနိုင်ငံတွေ အားလုံးမှာ လက်ကျန်နည်းနေတဲ့ဟာကို ဆန်လိုတဲ့ နိုင်ငံတွေက ပိုပြီးတော့ ဝယ်တဲ့သဘော တွေ့ရတယ် ဒီနှစ်မှာ” ဟု ဦးလူမော်မြင့်မောင်က ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် လက်ရှိအချိန်အထိ ပြည်ပသို့ ဆန်တန်ချိန် နှစ်သန်းကျော် တင်ပို့ထားပြီး နှစ် ၅၀ အတွင်း ပထမဆုံး စံချိန်တင် တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ရန်ကုန်မြို့ ကုန်သည်စက်မှု အသင်းချုပ်၌ ဒီဇင်ဘာ ၁၅ ရက်က ကျင်းပသည့်  မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ၂၀၁၇ ခုနှစ် နှစ်ပတ်လည် အထွေထွေ အစည်းအဝေး အထွေထွေညီလာခံနှင့် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ ဦးဆောင်မှုနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကြိုးပမ်းမှုကြောင့် ဆန်တန်ချိန် နှစ်သန်းကျော် တင်ပို့နိုင်ခဲ့ ပြီဆိုတဲ့အတွက် နှစ် ၅၀ အတွင်း ပထမဆုံး စံချိန်တင် တင်ပို့နိုင်ခဲ့တာ ဖြစ်ပါတယ်” ဟု ဒေါက်တာအောင်သူက အဆိုပါ အခမ်းအနားတွင် ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ လက်ရှိအချိန်အထိ ပြည်ပသို့ ဆန်တင်ပို့မှုသည် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ ဆန်တန်ချိန် တစ်သန်းနှင့် ပင်လယ်ရေကြောင်းမှ ဆန်တန်ချိန် တစ်သန်းကျော် တင်ပို့ထားခဲ့ပြီး စုစုပေါင်းတန်ချိန် ၂ ဒသမ ၂ သန်းကျော်အထိ တင်ပို့ထားပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဗြိတိသျှ ကိုလိုနီခေတ် ၁၉၂၀ မှ ၁၉၄၁ ခုနှစ် ကာလအတွင်း ပြည်ပသို့ ဆန်တန်ချိန် သုံးသန်းအထိ အများဆုံး တင်ပို့နိုင်ခဲ့ကြောင်း၊ လွှတ်လပ်ရေးခေတ်နှင့် လွတ်လပ်ရေး နှောင်းပိုင်းများ ကာလများအတွင်း ပြည်ပသို့ ဆန်တန်ချိန် အများဆုံး တင်ပို့မှုအဖြစ် ၁၉၅၆၊ ၁၉၅၇၊ ၁၉၅၉ နှင့် ၁၉၆၀ ခုနှစ်များတွင် ဆန်တန်ချိန် တစ်သန်းသာ တင်ပို့ခဲ့ခြင်းသာ ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ကိုးနှစ်တာ ကာလအတွင်း ပြည်ပသို့ ဆန်တန်ချိန် အများဆုံး အနေဖြင့် ၁ ဒသမ ၈ သန်းကျော်သာ အများဆုံး တင်ပို့ထားခြင်းဖြစ်ကြောင်း သိရသည်။

လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် သုံးသန်းအထိ တင်ပို့နိုင်ရန် အတွက်ကိုလည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

Most Read

Most Recent