ပြည်ပပို့ကုန်အုပ်စုမှ ပို့ကုန်ဝင်ငွေပမာဏ ဒေါ်လာ ၉၅၈၀ သန်းကျော်ရရှိထား

ပြည်ပပို့ကုန်အုပ်စုမှ ပို့ကုန်ဝင်ငွေပမာဏ ဒေါ်လာ ၉၅၈၀ သန်းကျော်ရရှိထား
Published 17 December 2017

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ - ထွန်းနေလှိုင်)

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဒီဇင်ဘာ ၈ ရက်အထိ ပြည်ပပို့ကုန် အုပ်စုမှ ပို့ကုန်ဝင်ငွေပမာဏ ဒေါ် လာ သန်း ၉၅၈၀ ကျော်ရရှိထားပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာသန်းနှစ်ထောင်နီးပါး ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပြည်ပပို့ကုန်စာရင်းများအရ သိရသည်။

လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာ ၈ ရက်အထိ ပြည်ပပို့ ကုန်အုပ်စု ခုနစ်ခုမှ လယ်ယာထွက်ပစ္စည်း တင်ပို့မှုမှ ရရှိဝင်ငွေမှာ ဒေါ်လာ ၂၀၀၀ ဒသမ ၇၇၀ သန်း၊ တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့မှုမှ ဒေါ်လာ ၁၆ ဒသမ ၉၉၄ သန်း၊ ရေထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ် လာ ၄၃၃ ဒသမ ၆၇၄ သန်း၊ သတ္တု တွင်းထွက်ပစ္စည်း တင်ပို့မှုမှ ဒေါ်လာ ၉၇၀ ဒသမ ၇၂၉သန်း၊ သစ်တော ထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၁၄၉ ဒသမ ၈၉၀ သန်း၊ စက်မှုကုန်ချော ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၄၃၇၀ ဒသမ ၃၆၈ သန်းနှင့် အခြားကုန် ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၁၆၃၇ ဒသမ ၇၇၉ သန်းရရှိထားကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရသည်။

ထို့ပြင် ၂၀၁၇-၂၀၁၈ဘဏ္ဍာ နှစ် ဒီဇင်ဘာ ၈ ရက်အထိ ပြည်ပပို့ ကုန်အုပ်စု ခုနှစ်ခုတွင် နိုင်ငံပိုင် တင် ပို့ကုန်မှရရှိဝင်ငွေမှာ ဒေါ်လာ ၃၂၇၇ ဒသမ ၂၃၀ သန်း၊ ပုဂ္ဂလိက ပိုင်တင်ပို့ကုန်မှ ရရှိဝင်ငွေမှာ ဒေါ် လာ ၆၃၀၂ ဒသမ ၉၇၄ သန်းရရှိ ထားပြီး စုစုပေါင်းပြည်ပပို့ကုန်မှ ရရှိ ဝင်ငွေမှာ ဒေါ်လာ ၉၅၈၀ ဒသမ ၂၀၄ သန်းဖြစ်ကြောင်း ပြည်ပပို့ကုန် စာရင်းများအရ သိရသည်။

ပြည်ပပို့ကုန်အုပ်စု တင်ပို့မှုမှာ ယခင်ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၁၇၁၆ ဒသမ ၆၇၃ သန်းပိုမိုရရှိထားကြောင်း ကုန်သွယ်မှု စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ကုန်ပစ္စည်းများ တင်ပို့ရာတွင် ရေထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ကျောက်စိမ်းနှင့် သတ္တုတွင်း ထွက်ပစ္စည်းများ၊ စက်မှုကုန်ချော ပစ္စည်းများနှင့် အခြားပို့ကုန်များဟူ၍ အုပ်စု ခုနစ်မျိုးခွဲ၍ တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်ပကုန်သွယ်မှု ဆောင်ရွက်ရာတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်ရေးမှ လည်းဆောင်ရွက်နေခြင်း ဖြစ်ပြီး ပင်လယ်ရေကြောင်း ကုန်သွယ်ရေးတွင် မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့မှု ထက်သွင်းကုန် တင်သွင်းမှုများခဲ့သော်လည်း နယ်စပ်ကုန်သွယ်ရေးတွင် ပို့ကုန်တင်ပို့မှုမှာ သွင်းကုန် တင်သွင်းမှုထက် ပိုများနေကြောင်း သိရသည်။

Most Read

Most Recent