နှစ်မကုန်မီ ညာမောင်းကား တင်သွင်းလိုသူ များလာခြင်းကြောင့် ယာဉ်အိုဟောင်းစလစ် တစ်နေ့တည်း ကျပ်သိန်း ၂၀ ကျော် ခုန်တက်ပြီး စလစ်တစ်စောင် ကျပ် ၁၄၅ သိန်းဝန်းကျင်အထိ ရှိလာ

နှစ်မကုန်မီ ညာမောင်းကား တင်သွင်းလိုသူ များလာခြင်းကြောင့် ယာဉ်အိုဟောင်းစလစ် တစ်နေ့တည်း ကျပ်သိန်း ၂၀ ကျော် ခုန်တက်ပြီး စလစ်တစ်စောင် ကျပ် ၁၄၅ သိန်းဝန်းကျင်အထိ ရှိလာ
Published 21 October 2017

နှစ်မကုန်မီ ညာမောင်းကား တင်သွင်းလိုသူ များလာခြင်းကြောင့် ယာဉ်အိုဟောင်းစလစ် တစ်နေ့တည်း ကျပ်သိန်း ၂၀ ကျော် ခုန်တက်ပြီး စလစ်တစ်စောင် ကျပ် ၁၄၅ သိန်းဝန်းကျင်အထိ ရှိလာကြောင်း ကားတင်သွင်း ရောင်းချနေသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

“စလစ်ဈေးက ၂၀၁၈ မူဝါဒ ထွက်ပြီးနောက်ပိုင်း နေ့စဉ်ရက်ဆက်ကို တက်နေတာ။ နှစ်မကုန်မီ ညာမောင်းကားတွေ တတ်နိုင်သလောက်သွင်းဖို့ လုပ်နေကြတော့ ဈေးက ဆက်တိုက် တက်လာတာပါ။ စလစ်ဈေးသာ မြင့်နေတာပါ၊ ဝယ်ဖို့လည်း မလွယ်ဘူး၊ ကားရှားနေတယ်” ဟု ပြည်ပမှ ကားတင်သွင်းရောင်းချနေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် အောက်တိုဘာ လဆန်းပိုင်းက ယာဉ်အိုယာဉ်ဟောင်း စလစ်တစ်စောင် ကျပ်သိန်း ၁၁၀ ဝန်းကျင်သာ ရှိရာမှ ၂၀၁၈ ခုနှစ် ကားတင်သွင်းမှုမူဝါဒ မထွက်ရှိမီ အောက်တိုဘာ ၁၅ ရက်တွင် ကျပ် ၁၂၃ သိန်းဝန်းကျင်အထိ ရောက်ရှိခဲ့သည်။ ထို့နောက် မူဝါဒထွက်ရှိသည့် အောက်တိုဘာ ၁၆ ရက်တွင် ၁၃၂ သိန်းဝန်းကျင်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး အောက်တိုဘာ ၁၇ ရက်တွင် ကျပ်သိန်း ၁၄၀ ဝန်းကျင်အထိ မြင့်တက်ခဲ့သည်။ ထို့နောက် စလစ်ရှားပါးမှုနှင့်အတူ ဝယ်လိုအား များလာခြင်းကြောင့် အောက်တိုဘာ ၂၀ ရက်တွင် ကျပ် ၁၄၅ သိန်းဝန်းကျင်အထိ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် မော်တော်ယာဉ်တင်သွင်းမှု မူဝါဒအရ ၂၀၁၈ ခုနှစ်တွင် ဘယ်မောင်းကားများကိုသာ တင်သွင်းရတော့မည်ဖြစ်ရာနှစ် မကုန်ဆုံးမီ နှစ်လကျော်အတွင်း ညာမောင်းကားများ တင်သွင်းနိုင်ရန်အတွက် ယာဉ်အိုယာဉ်ဟောင်းစလစ် လိုအပ်ချက် ဖြစ်ပေါ်နေ ခြင်းဖြစ်သည်။ ပြီးခဲ့သည့် အစိုးရလက်ထက် မော်တော်ယာဉ်မူဝါဒ ပြောင်းလဲပြီးနောက် ၂၀၁၂ ခုနှစ်တွင် စလစ်ဈေး ကျပ်သိန်း ၁၅၀ ဝန်းကျင်အထိ အမြင့်ဆုံးဖြစ်ခဲ့ရာ ယခု အဆိုပါဈေးနှုန်းကို ကျော်ဖြတ်သွားဖွယ်ရှိကြောင်း ဈေးကွက်ကျွမ်းကျင်သည့် လုပ်ငန်းရှင် အချို့က သုံးသပ်သည်။

“၂၀၁၈ မှာ ဘယ်မောင်းပဲ သွင်းရမယ်လို့ သတင်း အတည်ဖြစ်ကတည်းက ယာဉ်အိုယာဉ်ဟောင်း စလစ်ဈေးက ပျမ်းမျှ တစ်ရက်ကို ကျပ် ၁၀ သိန်းနှုန်းလောက် တက်လာတယ်။ ဒါတောင် ပေါက်ဈေးပေးမယ် ဆိုတာတောင် စလစ်လိုချင်တိုင်း မရဘူး။ နောက်နှစ် မူဝါဒကြောင့် စလစ်ဝယ်လိုအားကလည်း လျော့သွားစရာ အကြောင်းမရှိဘူး။ ဒီအခြေအနေအတိုင်းသာဆို ပါစင်နယ်ဖရီးပါမစ်တွေ မချပေးခင် ၂၀၁၂ တုန်းက ၁၅၀ ဝန်းကျင်အထိ အမြင့်ဆုံးဖြစ်ခဲ့တဲ့ စလစ်ဈေးကိုတောင် ကျော်တက်သွားတော့မယ်။ စံချိန်တင် စလစ်ဈေး တစ်ခုကို များမကြာမီမှာ ကြားရတော့မယ်။ ကားဈေးတွေလည်း အတိုင်းအတာ တစ်ခုအထိ တက်သွားတော့မှာ ဖြစ်ပါတယ်” ဟု KL Seven ကားအရောင်းစင်တာပိုင်ရှင် ဦးကြည်သာဟန်က ထင်မြင်ချက်ပေးသည်။

Most Read

Most Recent