အထူးစီးပွားရေးဇုန်များ၏ အုပ်ချုပ်စီမံခန့်ခွဲမှု ဖွဲ့စည်းပုံတွင် အားနည်းချက်များ ရှိနေခြင်း၊ စီးပွားရေးဇုန်များကို ဖော်ဆောင်ရန်နှင့် စီမံခန့်ခွဲမှု ပြုရာတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု မရှိခြင်း စသည်တို့ကြောင့် နိုင်ငံရေးနှင့် စီးပွားရေး အခွင့်ထူးခံ လူတန်းစား အနည်းစုမှ နိုင်ငံအား ထိန်းချုပ်လာနိုင်သည့် အန္တရာယ် မြင့်တက်လာစေမည်ဟု အောက်တိုဘာ ၂၀ ရက်က ထုတ်ပြန်ခဲ့သည့်(မဲခေါင်ဒေသ အထူးစီးပွားရေးဇုန်များနှင့် တန်ဖိုးအရင်းအမြစ် ထုတ်ယူခြင်းများ - ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံ စက်မှုဇုန်များမှ လုပ်သားနှင့် မြေယာအမြတ်ထုတ် ထိန်းချုပ်မှုဖြစ်ရပ် နမူနာများကို လေ့လာခြင်း) သုတေသန အစီရင်ခံစာတွင် အကြံပြုထားသည်။
ထိုအခါ နိုင်ငံတော် အာဏာအား လူတစ်ဦး တစ်ယောက်၏ ပုဂ္ဂလိက အကျိုးစီးပွားအတွက် အသုံးချလာနိုင်ပြီး နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင်ပင်လျှင် လူအချို့ သို့မဟုတ် အဖွဲ့အစည်း အချို့အတွက် ဘက်လိုက်ကာ ပြုမူဆက်ဆံနိုင်ရန် ထည့်သွင်းလာမည် ဖြစ်သည်ဟု ဖော်ပြထားသည်။
အထူးစီးပွားရေးဇုန်များသည် ရင်းနှီးမြှုပ်နှံသူများအတွက် ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံရှိ အကောင်းဆုံးသော ကုန်ထုတ်သွင်းအားစုများ ဖြစ်ကြသည့် မြေယာနှင့် လုပ်သားအင်အားကို အမိအရ ထုတ်ယူရန် ကူညီအားပေးလျက် ရှိသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အထူးစီးပွားရေးဇုန်တွေ ကမ္ဘာတစ်ဝန်း တည်ရှိနေတာ ဆယ်စုနှစ် နှစ်ခုလောက် ရှိပါပြီ။ သူတို့တွေက အလုပ်သမား အခွင့်အရေးနဲ့ ဒေသခံ လူထူတွေအပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိသလဲဆိုတာ သက်သေပြထားတဲ့ သုတေသနတွေလည်း အများကြီးပါ။ နောက်ပြီး အထူးစီးပွားရေးဇုန်များ ဖော်ဆောင်မှုနဲ့ ပိုမိုကြီးထွားလာစေတဲ့ ပုံစံကလည်း ရာသီဥတုအပေါ် များစွာ အကျိုးသက်ရောက် စေခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေရဲ့အကျိုးစီးပွား အကာအကွယ်ပေးဖို့အတွက် ပြည်သူလူထုနဲ့ ပတ်ဝန်းကျင် အများကြီး ပေးဆပ်နေရတာလည်း တော်တော်ထိတ်လန့်စရာ ဖြစ်ပါတယ်။ အကျိုးအမြတ် သေချာဆန်းစစ်မှု မပြုလုပ်ဘဲ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်တာကို ဆက်မလုပ်သင့်ပါဘူး” ဟု Shalmali Guttla (Executive Director of Focus on the Global South) က ပြောကြားသည်။
“အထူးစီးပွားရေး ဇုန်တွေကြောင့် ဒေသခံတွေ ပထမဆုံး လက်တွေ့မြင်ရတဲ့ ရလဒ်ကတော့ မြေယာနဲ့အတူ လုပ်ငန်းတွေ ဆုံးရှုံး ပျက်စီးတာ ဖြစ်ပါတယ်။ ဒီမိုကရေစီ ကျင့်သုံးနေတဲ့ အစိုးရများဟာ စီမံကိန်းကြီးတွေရဲ့ ငြိမ်းချမ်းရေး၊ ပြည်သူ့ဘဝမျှတရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု အစီအမံတွေအပေါ် သက်ရောက်မှု ရေရှည်အကျိုးဆက်ကို သေသေချာချာ ဆန်းစစ်ဖို့လည်း လိုလိမ့်မယ်” ဟု ပေါင်းကူးမှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာကျော်သူက ပြောကြားသည်။
အဆိုပါ အစီရင်ခံတွင် မြန်မာနိုင်ငံအတွက် အထူးစီးပွားရေးဇုန်များ တည်ထောင်ရာ၌ ရင်းနှီးမြှုပ်နှံသူများနှင့် ဒေသခံများ၏ အကျိုးစီးပွားများကို ပိုမိုမျှတစွာနှင့် ရေရှည်တည်တံ့စွာ ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် အထူးစီးပွားရေးဇုန် ဥပဒေပြဋ္ဌာန်းမှုနှင့် အုပ်ချုပ်မှု မူဘောင်များကို ပြင်ဆင်ရန်၊ အစိုးရ အနေဖြင့် မြေယာနှင့် လုပ်အားခကို အဓိက အသုံးပြုသည့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများအပေါ် အားထားမှုကို လျှော့ချပြီး ယင်းအစား ပြည်တွင်းလုပ်ငန်းများနှင့် အများပြည်သူနှင့် သက်ဆိုင်သော အခြေခံ အဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံပေးရန် စသည့်အချက်များကို အကြံပြုထားသည်။
အဆိုပါ အစီရင်ခံ ထုတ်ပြန်ခြင်းအား ပေါင်းကူး၊ ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (DDA)၊ ထားဝယ်အမျိုးသမီးသမဂ္ဂ (TWU)၊ မြန်မာအထူးစီးပွားရေးဇုန် စောင့်ကြည့်ရေးအဖွဲ့၊ Earth Rights International Myanmar (ERI) နှင့် Focus on the Global South (Focus) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ-မဲခေါင်ဒေသ အထူးစီးပွားရေးဇုန်များနှင့် တန်ဖိုးရင်းမြစ် ထုတ်ယူခြင်းများ - ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံ စက်မှုဇုန်များမှ လုပ်သားနှင့် မြေယာအမြတ်ထုတ် ထိန်းချုပ်မှု ဖြစ်ရပ်နမူနာများကို လေ့လာခြင်း အစီရင်ခံစာတွင် မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံများမှ ဖြစ်ရပ်နမူနာများကို ဖော်ပြထားသည်။ အထူးသဖြင့် ဒေသခံ ပြည်သူလူထုနှင့် အလုပ်သမားများ၏ အကျိုးစီးပွားနှင့် သဘာဝပတ်ဝန်းကျင် အကာအကွယ်ပေးရေး ကိစ္စရပ်များကို ဆန့်ကျင်၍ ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှု ရရှိစေရန် ပေးသော ဆွဲဆောင်မှုနှင့် အာမခံချက်များအကြောင်း လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။