ပြည်တွင်း ဆန်လက်ကျန်နည်းနေချိန်တွင် ဆန်သိုလှောင်ထားသူများက ဈေးတင်ရောင်းချနေသဖြင့် ပြည်တွင်းစားသုံးနေသည့် ဆန်ချောဈေး မြင့်တက်

ပြည်တွင်း ဆန်လက်ကျန်နည်းနေချိန်တွင် ဆန်သိုလှောင်ထားသူများက ဈေးတင်ရောင်းချနေသဖြင့် ပြည်တွင်းစားသုံးနေသည့် ဆန်ချောဈေး မြင့်တက်
Published 20 October 2017

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ဆန်ပွဲရုံတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ပြည်တွင်းဆန် လက်ကျန်နည်းလာချိန်တွင် ဆန်သိုလှောင်ထားသူများက ငွေတိုးနှင့် အမြတ်အစွန်းတွက်ချက်ကာ ဈေးတင်ရောင်းချနေသဖြင့် ပြည်တွင်းစားသုံးနေသည့် ဆန်ဈေး မြင့်တက်လျက်ရှိကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

“အဓိက,က ဒီအချိန်မှ ဒီလိုပဲဈေးတိုး ရောင်းနေကြပေါ့နော်။ ဆန်အသစ်ပေါ်ခါနီးမှာ ဆန်အဟောင်းလက်ကျန်ဆန်က တော်တော်များများက ကုန်သွားပြီ။ တစ်နှစ်လုံးစား ဖို့သိမ်းထားခဲ့သမျှ နောက်ဆုံးဆန် အသစ်ပေါ်ခါနီးတဲ့အခါ စက်ပိုင်တွေအားလုံးက လက်ကျန်တွေ နည်းသွားပြီလေ။ လက်ကျန်နည်းသွားတော့ ကျန်တဲ့သူက သိမ်းထားတဲ့အချိန်ကာလ ငွေတိုးနဲ့ အမြတ်အစွန်းတွက်ပြီးတော့ တိုးရောင်းတာပေါ့။ စားသုံးတဲ့သူက ဒီအဟောင်းပဲ စားလို့ရတယ်။ အသစ်ကို မစားနိုင်ကြသေးဘူး”ဟု ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောကြားသည်။

ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင် အတွင်းရေးမှူးဦးသန်းဦးက “ဈေးက ပြည်တွင်းစားသုံးဆန်က ပေါ်ဆန်းမွှေးရော၊ ဇီယာရော ဈေးတက်တယ်။ ၂၅ မှတ်ဆန် Export ဆန်ကတော့ ဈေးကျတယ်။ အခု ၂၅ မှတ် ဆန်က အမြင့်ဆုံး ၁၀၈ ပေါင်တစ်အိတ်ကို ကျပ် ၂၂၀၀၀ ဈေးဖြစ်သွားတယ်။ လက်ရှိပေါက်ဈေးက ၂၀၅၀၀ ကနေ ၂၁၀၀၀ ဖြစ်သွားတာ။ ဆန်ချောက ပြီးခဲ့တဲ့လက ကျပ်ငါးသောင်းလောက်ကနေ အခု ကျပ် ၅၅၀၀၀ လောက်ဖြစ်သွားပြီ။ ရွှေဘိုပေါ်ဆန်းမွှေးပေါ့နော်။ ဇီယာရှယ်ကတော့ ၂၇၀၀၀လောက်ကနေ ၃၀၀၀၀ ဖြစ်သွားတာ” ဟု ပြောကြားသည်။

ပြီးခဲ့သည့် ရက် ၂၀ ခန့်က အထူးသဖြင့် ဆန်ကြမ်းဖြစ်သည့် မြောင်းမြဇီယာရှယ် တစ်အိတ်လျှင် ကျပ် ၂၂၅၀၀၊ ၂၃၀၀၀ ခန့်ရှိခဲ့ရာ မှ ကျပ် ၂၄၀၀၀ ဈေးရှိလာကာ ဈေးတန်းနေကြောင်း၊ ယခုရက်ပိုင်းတွင် ကျပ်၂၅၀၀၀ ခန့်  အထိ ပြန်တက်လာကြောင်း သိရသည်။

ဆန်ချောဈေးအနေဖြင့် ပေါ်ကျွဲရှယ်၊ ပေါ်ဆန်းမွှေး (ရှယ်)၊ ပေါ်ဆန်းလတ် စသည်တို့မှာ ယခင် ကျပ် ၂၇၅၀၀၊ ကျပ်၂၈၀၀၀ မှ လက်ရှိတွင် ကျပ် ၃၃၀၀၀ အထိဈေးရှိလာကာ တစ်အိတ်လျှင် ပျမ်းမျှအားဖြင့် ကျပ် ၅၀၀၀ ဝန်းကျင်ခန့် ဈေးတက်လာကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ယခင်ရက်ပိုင်းက ကျပ် ၄၇၅၀၀၊ ကျပ် ၄၈၅၀၀ ဝန်းကျင်မှ ယခုရက်ပိုင်းအတွင်း ကျပ် ၅၁၀၀၀၊ ကျပ် ၅၁၅၀၀ ခန့်အထိ ဈေးတက်လာကြောင်း၊ မြောင်းမြပေါ်ဆန်းတစ်အိတ်လျှင် ယခင်က   ကျပ် ၃၉၅၀၀ ဝန်းကျင်မှ ယခုရက်ပိုင်းအတွင်း ကျပ် ၄၃၀၀၀၊ ကျပ် ၄၄၀၀၀အထိ ဈေးမြင့်လာကြောင်း ရန်ကုန်မြို့ရှိ ဆန်ကုန်သည်တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နေ့စဉ် နယ်ပေါင်းစုံမှ တစ်နေ့လျှင် ဆန်အိတ်ရေ ငါးသောင်းမှ တစ်သိန်းအကြားအထိ ဆန်အဝင်ရှိကြောင်း၊ ယခုနှစ် မိုးစပါးပေါ်ချိန်တွင် မိုးရွာသွန်းမှုများပြားကာ ဆန်သစ်ပေါ်ချိန် နောက်ကျသဖြင့် ရန်ကုန်သို့ ဆန်အိတ်ရေ ၂၅၀၀၀ မှ ၃၀၀၀၀ ခန့်သာရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent