အိန္ဒိယနိုင်ငံက ပဲသုံးမျိုးအပေါ် ကန့်သတ်ကုန်စည်အဖြစ် သတ်မှတ်ထားသဖြင့် မြန်မာနိုင်ငံမှပဲများ အိန္ဒိယဈေးကွက်သို့ ဆက်လက်တင်ပို့နိုင်ရန် MoU ရေးထိုးနိုင်ရေး ဆောင်ရွက်နေဆဲဟုသိရ

အိန္ဒိယနိုင်ငံက ပဲသုံးမျိုးအပေါ် ကန့်သတ်ကုန်စည်အဖြစ် သတ်မှတ်ထားသဖြင့် မြန်မာနိုင်ငံမှပဲများ အိန္ဒိယဈေးကွက်သို့ ဆက်လက်တင်ပို့နိုင်ရန် MoU ရေးထိုးနိုင်ရေး ဆောင်ရွက်နေဆဲဟုသိရ
Published 20 September 2017

ပဲတီစိမ်း နုတ်သိမ်းနေသည့် ပခုက္ကူဒေသရှိ တောင်သူများအား တွေ့ရစဉ် (ဓာတ်ပုံ-သက်ထိန်ဝင်း)

အိန္ဒိယနိုင်ငံက မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်းစသည့် ပဲသုံးမျိုးအပေါ် ကန့်သတ်ကုန် စည်အဖြစ်သတ်မှတ်ထားဖြင့် မြန်မာနိုင်ငံမှ ပဲများ အိန္ဒိယဈေးကွက်သို့ ဆက်လက်တင် ပို့နိုင်ရန် MoU ရေးထိုးနိုင်ရေး ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

“ပဲကိစ္စအတွက် အိန္ဒိယနဲ့အမြန်ဆုံး MoU ရေးထိုးနိုင်ရေး ဆက်လက်ဆောင်ရွက်နေပါတယ်။ အရည်အသွေးမြင့်တဲ့ ကုန်တွေပို့ဖို့အတွက် ဈေးကွက်ကရှိတယ်။ သို့သော်လည်း ကိုယ့်ဘက်က အရည်အသွေးတွေ တိုးတက်ဖို့ အများကြီးလိုတာပေါ့။  ဒါက ရေရှည်ဆက်ပြီး ဆောင်ရွက်သွားရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ စိုက်ပျိုးရေး ဝန်ကြီးဌာနကလည်း သူတို့ဆောင်ရွက်ရမယ့်ဟာတွေ ဆောင်ရွက်နေသလို စီးပွား/ကူးသန်းကလည်း ဈေးကွက်ကိစ္စနဲ့ ညှိနှိုင်းရမယ့်ဟာတွေ ဆက်လက်ညှိနှိုင်းနေပါတယ်။ ပဲနဲ့ပတ်သက်ပြီး တော့လည်း MoU ဆက်ပြီးထိုးနိုင်အောင် ဆက်ဆွေးနွေးဖို့ ဆက်လက်ဆောင်ရွက်နေပါတယ်” ဟု လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

အိန္ဒိယနိုင်ငံအစိုးရနှင့် ညှိနှိုင်းရာတွင်  ပဲသုံးမျိုးအား ကန့်သတ်ကုန်စည်အဖြစ် ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်အထိ သတ်မှတ်ခြင်းအား ဖယ်ရှားပေးရန်အတွက် ပထမဦးစားပေး တောင်းဆိုပေးရန် ဆွေးနွေးလျက်ရှိကြောင်း စက်တင်ဘာ ၅ ရက်က ရန်ကုန်မြို့တွင် ပဲမျိုးစုံတင်ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အထူးလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

အိန္ဒိယအစိုးရမှ ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်အထိ ကန့်သတ်ကုန်စည်အဖြစ် သတ်မှတ်ထားသည့် ပဲစင်းငုံ တန်နှစ်သိန်းနှင့် မတ်ပဲနှင့် ပဲတီစိမ်း တန်သုံးသိန်း Fixed Quota သတ်မှတ်ထားခြင်းအား မြန်မာနိုင်ငံအတွက် နောက်ထပ် ပဲစင်းငုံတန်နှစ်သိန်း၊ မတ်ပဲနှင့် ပဲတီစိမ်း တန်သုံးသိန်း ထပ်တိုးတင်သွင်းခွင့်ပြုရန်အတွက် တောင်းဆိုပေးရန်လည်း အဆိုပါအစည်းအဝေးတွင် ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံတွင် ပဲမျိုးစုံပြည်ပတင်ပို့မှုသည် အမေရိကန်ဒေါ်လာ သန်းတစ်ထောင် (ဒေါ်လာတစ်ဘီလျံ) ခန့် နိုင်ငံတော်တွင် ရရှိသကဲ့သို့ တစ်နည်းအားဖြင့် တိုင်းပြည်၏ ပြည်ပပို့ကုန် အခွန်ရရှိမှုတွင် ၁၀ ရာခိုင်နှုန်း ခန့်ရှိကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဆွေးနွေးခဲ့သည်။

ထိုနည်းတူစွာ ပဲစိုက်တောင်သူများ၊ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုကို မှီခိုနေသည့် Micro Finance ကုမ္ပဏီများ၊ အဆိုပါ လုပ်ငန်းစဉ် တစ်ခုလုံးတွင် ပါဝင်နေသည့် ဘဏ်များ၊ ကုန်သည်၊ ပွဲစားများ စသည်ဖြင့် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသည့် လုပ်ငန်းစဉ်သည် သက်ရောက်မှု အလွန်ကြီးမားနိုင်ကြောင်း၊ Macro Economy တစ်ခုလုံးကို သက်ရောက်နိုင်သကဲ့သို့ တစ်ဖက်တွင်လည်း တိုင်းပြည်၏ အခွန်ရရှိမှုကို သက်ရောက်နိုင်ကြောင်း၊ လက်ရှိအချိန်တွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ရငွေလျော့ကျနေချိန်တွင် ပဲတင်ပို့မှုမှပါ ထပ်မံလျော့ကျလာပါက တိုင်းပြည်၏ စီးပွားရေးကို ထိခိုက်နိုင်သဖြင့် နိုင်ငံတော်အနေဖြင့် ယခုဖြစ်စဉ်များကို အထူးဦးစားပေးပြီး ဖြေရှင်းဆောင်ရွက်သင့်ကြောင်း ၎င်းက တင်ပြဆွေးနွေးခဲ့သည်။

 

Most Read

Most Recent