ဝက်ဖို့ဒ်အသင်းနည်းပြ ဂရာစီယာက အသင်းတိုက်စစ်မှူး ဒီးနီ၏အနီကတ်မှာ အပြမခံရသင့်ကြောင်း ပွဲအပြီးတွင် သုံးသပ်ခဲ့သည်။
ပွဲချိန်(၁၀)မိနစ်ကျော်တွင် ဒီးနီက အာဆင်နယ်ကွင်းလယ်လူ တော်ရဲရားကို တံတောင်ဖြင့်တွက်သည်ဟုဆိုကာ ကွင်းလယ်ဒိုင်က အနီကတ်ဖြင့် ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။
''ကျွန်တော့်ကစားသမားတွေအတွက် ဂုဏ်ယူပါတယ်။ ရလဒ်ကို စိတ်မဝင်စားပါဘူး။ ကျွန်တော်တို့ အခွင့်အရေးတွေ ရခဲ့ပါတယ်။ (၁၀)ယောက်တည်းနဲ့ တိုင်ထိတာအပါအဝင် အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကို ကျွန်တော် လေးစားပါတယ်။ ကျွန်တော့်အမြင်အရတော့ ဒါဟာ လုံးဝရှင်းလင်းပါတယ်။ အဝါကတ်ပဲ ဖြစ်သင့်တာပါ။ အနီကတ်တော့ မပြသင့်ပါဘူး။ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကို ကျွန်တော် သဘောမတူပါဘူး။ ထရွိုင်း(ဒီးနီ)လည်း အလွန်ဝမ်းနည်းနေပါတယ်။ ဒီပွဲက ကျွန်တော်တို့အတွက် အရေးကြီးတဲ့ပွဲပါ။ ဒါကို သူလည်း သိပါတယ်။ အနီကတ်ပြခံရမှုက ကျွန်တော်တို့အတွက် ပိုပြီးခက်ခဲစေခဲ့ပါတယ်'' ဟု ဂရာစီယာက သုံးသပ်ခဲ့သည်။
၂၀၁၅-၁၆ ရာသီတွင် ပရီးမီးယားလိဂ်သို့ တန်းပြန်တက်လာသည့် ဝက်ဖို့ဒ်အသင်းမှာ ယင်းအချိန်မှ လက်ရှိအထိ ပရီးမီးယားလိဂ်တွင် အနီကတ်(၁၅)ကတ်အထိ ပြသခံခဲ့ရပြီး အဆိုပါကာလအတွင်း အခြားပရီးမီးယားလိဂ်အသင်းများထက် ပိုများနေသည်။
ဒီးနီမှာမူ ပရီးမီးယားလိဂ်တွင် ဒုတိယအကြိမ်မြောက် ထုတ်ပယ်ခံခဲ့ရပြီး ပထမဆုံးမှာ ၂၀၁၇၊ ဒီဇင်ဘာလအတွင်းက ကစားခဲ့သော ဟတ်ဒါဖီးလ်နှင့်ပွဲတွင်ဖြစ်သည်။