ချယ်လ်ဆီးကိုအနိုင်ယူပြီး ချန်ပီယံအိပ်မက်ကို ဆက်လက်ဆုပ်ကိုင်ထားဆဲ လီဗာပူးလ်

ချယ်လ်ဆီးကိုအနိုင်ယူပြီး ချန်ပီယံအိပ်မက်ကို ဆက်လက်ဆုပ်ကိုင်ထားဆဲ လီဗာပူးလ်
Photos: Daily Mail & Reuters
Photos: Daily Mail & Reuters
Published 15 April 2019

■ လီဗာပူးလ် ၂-၀ ချယ်လ်ဆီး

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီးနဲ့ အပြိုင်ဖြစ်နေတဲ့ လီဗာပူးလ်ဟာ အန်ဖီးလ်ကွင်းမှာ (၆) ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ ချယ်လ်ဆီးအသင်းကို (၂-၀) ဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံအိပ်မက်ကို ရှေ့ဆက်နိုင်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းရဲ့ ပွဲထွက်စာရင်းမှာ ဆာလာ၊ မာနေ၊ ဖေမီနို၊ ဟန်ဒါဆန်၊ ဗန်ဒိုက်၊ ဖာဘင်ညိုတို့နဲ့ လူစုံခဲ့ပြီး အသုံးပြုနေကျ ၄-၃-၃ ကစားကွက်ကိုပဲ အသုံးပြုခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းကလည်း ၄-၃-၃ ကစားကွက်ကိုပဲ အသုံးပြုခဲ့ပြီး ဟာဇက်ကို အထောင်တိုက်စစ်နေရာထားကာ တောင်ပံနှစ်ဖက်မှာတော့ ဝီလီယံနဲ့ အိုဒွိုင်းတို့ကို ထားပြီး အဓိက ကစားသမားအစုံအလင်နဲ့ ပွဲထွက်ခဲ့တာပါ။

ရှေ့က ကစားတဲ့ပွဲစဉ်မှာ မန်စီးတီးအသင်း အနိုင်ရထားကြောင့် လီဗာပူးလ်ဟာ အိမ်ကွင်းမှာ ချယ်လ်ဆီးအသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူကာ တိုက်စစ်ဖွင့်ကစားဖို့ကြိုးစားခဲ့ပါတယ်။

လီဗာပူးလ်ရဲ့ ကြိုးစားမှုဟာ အောင်မြင်ခဲ့ပြီး ချယ်လ်ဆီးက ခံစစ်ကိုအားပြုကာ တန်ပြန်တိုက်စစ်တွေကနေ လီဗာပူးလ်ဂိုးပေါက်ကို ပြန်ခြိမ်းခြောက်ဖို့ ကြိုးစားခဲ့ပါတယ်။

လီဗာပူးလ်ရဲ့ တောင်ပံနှစ်ဖက်ဟာ ဒီနေ့ပွဲမှာ တော်တော်လေး အလုပ်ဖြစ်ခဲ့ပြီး ပွဲအစ (၅) မိနစ်မှာတင် ဆာလာရဲ့ ကန်ချက်ကို ကယ်ပါ ကာကွယ်ခဲ့ရသလို၊ လီဗာပူးလ်တိုက်စစ်ကစားသမားတွေ အခွင့်အရေးတွေရခဲ့ပေမယ့် အသုံးချနိုင်ခဲ့ခြင်း မရှိလို့သာ စောစောစီးစီးဂိုးမရခဲ့တာပါ။

ချယ်လ်ဆီးအသင်းကတော့ ပထမပိုင်းမှာ တန်ပြန်တိုက်စစ်တွေကနေ ဟာဇက်၊ ဝီလီယံတို့ရဲ့ တစ်ကိုယ်တော်ထိုးဖောက်မှုတွေနဲ့ လီဗာပူးလ်ကို ပြန်ခြိမ်းခြောက်ခဲ့ပေမယ့် ဂိုးရနိုင်တဲ့ အခွင့်အရေးမျိုး မရခဲ့လို့ ဂိုးမရှိသရေနဲ့ (၄၅) မိနစ် ကုန်ဆုံးခဲ့ရပါတယ်။

ဒုတိယပိုင်းမှာ ဂိုးလိုချင်နေတဲ့ လီဗာပူးလ်ဟာ တိုက်စစ်ကို တရစပ်ဖွင့်ကစားခဲ့တာကြောင့် ချယ်လ်ဆီးတို့ အခက်တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ဒုတိယပိုင်းပြန်စပြီး (၆) မိနစ်အကြာ ပွဲချိန် (၅၁) မိနစ်မှာ ဖေမီနို၊ ဆာလာတို့ရဲ့ တွဲလုံးကနေ ဟန်ဒါဆန် ရသွားပြီး ဂိုးရှေ့မပေးတာကို Marking လွတ်နေတဲ့ မာနေက အနီးကပ်ခေါင်းတိုက်ပြီး လီဗာပူးလ်အတွက် အဖွင့်ဂိုး ရယူပေးခဲ့ပါတယ်။

ဒီဂိုးဟာ မာနေအတွက် အခုရာသီပြိုင်ပွဲစုံမှာ (၂၁) ဂိုးမြောက်သွင်းဂိုးဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ စတင်ကစားကတည်းက တစ်ရာသီအတွင်း ဂိုးသွင်းအများဆုံးဖြစ်ခဲ့ပါတယ်။

အဖွင့်ဂိုးရပြီးနောက်မှာ အားတက်သွားတဲ့ လီဗာပူးလ်ဟာ နောက် (၂) မိနစ်အကြာမှာပဲ ဒုတိယဂိုးကို အံ့အားသင့်ဖွယ် ရရှိခဲ့ပါတယ်။

ပွဲချိန် (၅၃) မိနစ်မှာ ဗန်ဒိုက်ရဲ့ ပေးပို့မှုကို ဆာလာက ညာတောင်ပံမှာရှိနေတဲ့ ဆာလာက ချယ်လ်ဆီးကစားသမားကို လှည့်ထွက်ကာ ဧရိယာအပြင်ကနေ အပြင်းကန်သွင်းရာမှာ ဘောလုံးက ဝေ့ဝိုက်ပြီး လှလှပပဂိုးဝင်သွားခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ဆာလာအတွက် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဂိုးဧရိယာအပြင်က ပထမဂိုးသွင်းယူခဲ့တဲ့ ဂိုးလည်း ဖြစ်ခဲ့ပါတယ်။

(၂) ဂိုးခွင့်ပြုလိုက်ရတဲ့နောက်မှာတော့ ချယ်လ်ဆီးဟာ ချေပဂိုးရဖို့ လီဗာပူးလ်ဘက်ကို ပြန်လည်တိုက်စစ်ဆင်ခဲ့ပြီး အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။

အထူးသဖြင့် ခြေမပေါ်တဲ့ အိုဒွိုင်းအစား ဟီဂွါအင် ဝင်လာပြီးနောက်မှာ အခွင့်အရေးတွေ ရခဲ့တာဖြစ်ပြီး ဟာဇက်ရဲ့ လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ကန်တဲ့တစ်လုံး တိုင်ထိထွက်ခဲ့သလို၊ ဂိုးသမားနဲ့ တစ်ယောက်အတွေ့မှာလည်း ဟာဇက် အသုံးမချနိုင်ခဲ့လို့ နစ်နာခဲ့ရပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ နှစ်သင်းစလုံးဟာ ဂိုးရဖို့ ကြိုးစားခဲ့ကြပြီး အခွင့်အရေးတွေလည်း ရရှိခဲ့ကြပါတယ်။ အထူးသဖြင့် လီဗာပူးလ်အသင်းဘက်က ဖေမီနို၊ ဆာလာတို့ ဂိုးကန်သွင်းခွင့်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ ပွဲအပြီးမှာတော့ လီဗာပူးလ်အသင်းက (၂-၀) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ 

ဒီပွဲအနိုင်ကြောင့် လီဗာပူးလ်ဟာ မန်စီးတီးထက် (၁) ပိုကစားကာ (၂) မှတ်အသာနဲ့ ပရီးမီးယားလိဂ်ထိပ်ဆုံးကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီး လက်ကျန်ပွဲစဉ်ချောင်နေတာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အခွင့်အရေးကို ဆုပ်ကိုင်ထားနိုင်ဆဲပဲ ဆိုရမှာ ဖြစ်ပါတယ်။

လီဗာပူးလ်-ချယ်လ်ဆီးပွဲမစတင်ခင်မှာတော့ လီဗာပူးလ်ပရိသတ် (၉၆) ဦး အသက်ဆုံးရှုံးခဲ့ရတဲ့ ဟေးလ်ဘရော့ဖြစ်ရပ်ဆိုး နှစ် (၃၀) ပြည့်အထိမ်းအမှတ်အဖြစ် ဝမ်းနည်းကြောင်းပြသတဲ့အနေနဲ့ တစ်မိနစ်ငြိမ်သက်ခဲ့တာကို တွေ့ရပါတယ်။



■ ယနေ့ကစားသည့် ပွဲစဉ်များ ရလဒ်

ပရီးမီးယားလိဂ်

ခရစ္စတယ်ပဲလေ့စ် ၁-၃ မန်စီးတီး

လီဗာပူးလ် ၂-၀ ချယ်လ်ဆီး

လာလီဂါ

ဗယ်လာဒိုလစ် ၂-၂ ဂီတာဖေး

ဘီလ်ဘာအို ၃-၂ ဗယ်လက်ကာနို

ဆိုစီဒက် ၁-၁ အီဘာ

စီးရီးအေ

တိုရီနို ၁-၁ ကာဂလီယာရီ

ဖီအိုရင်တီးနား ၀-၀ ဘိုလော့ဂ်နာ

ဆမ်ဒိုးရီးယား ၂-၀ ဂျီနိုအာ

ဆာဆူအိုလို ၀-၀ ပါးမား

ဘွန်ဒစ်လီဂါ

ဟော်ဖန်ဟင်မ် ၂-၀ ဟာသာဘာလင်

ဒစ်ဆယ်ဒေါ့ဖ် ၁-၄ ဘိုင်ယန်မြူးနစ်

လီဂူး

မောင့်ပယ်လီယာ ၂-၁ တူးလူး

ရန်းစ် ၀-၀ နိုက်စ်

စိန့်အက်တီယန် ၃-၀ ဘော်ဒိုး



လိဂ်ချန်ပီယံရှစ်

ဝီဂန် ၁-၁ နောဝစ်ချ်