ပွဲထွက်လူစာရင်းမှ ဒီဘရိုင်းနားကို ချန်လှပ်ခဲ့ခြင်းမှာ နည်းဗျူဟာအရဖြစ်ကြောင်း ဂွါဒီယိုလာ ရှင်းလင်း

ပွဲထွက်လူစာရင်းမှ ဒီဘရိုင်းနားကို ချန်လှပ်ခဲ့ခြင်းမှာ နည်းဗျူဟာအရဖြစ်ကြောင်း ဂွါဒီယိုလာ ရှင်းလင်း
Published 10 April 2019

မန်စီးတီးနည်းပြ ဂွါဒီယိုလာက စပါးအသင်းအား (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ပကျော့)တွင် ပွဲထွက်လူစာရင်းမှ ဒီဘရိုင်းနားကို ချန်လှပ်ခဲ့ခြင်းမှာ နည်းဗျူဟာအရဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဂွါဒီယိုလာသည် အဆိုပါပွဲစဉ်တွင် ဖာနန်ဒင်ဟို-ဂွန်ဒိုဂန်ကွင်းလယ်အတွဲကို အသုံးပြုခဲ့ပြီး ဒီဘရိုင်းနားကိုမူ ပွဲချိန်(၈၉)မိနစ်ရောက်မှ ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။

ဒီဘရိုင်းနားအား ပွဲထွက်လူစာရင်းတွင် အသုံးမပြုခဲ့သလို၊ ပွဲချိန်(၄၇)မိနစ်ကတည်းက ဂိုးပေါက်တည့်ကန်ချက် မရှိတော့သည်အထိ စွမ်းဆောင်ရည်ကျဆင်းနေချိန်တွင်လည်း လူစားလဲမှုမပြုလုပ်ခဲ့ခြင်းအတွက် ဂွါဒီယိုလာမှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

ယင်းအခြေအနေနှင့် ပတ်သက်၍ ဂွါဒီယိုလာက "ကျွန်တော် ကွင်းလယ်အထိုင်(၂)ယောက် သုံးချင်ခဲ့ပြီး အဲဒါကလည်း ကွင်းလယ်ကို ပိုပြီးကျစ်လျစ်အောင်လို့ပါ။ ဒီအတွက် ဂွန်ဒိုဂန်ကို ရွေးချယ်လိုက်ရပြီး ဒါက ဒီဘရိုင်းနားအတွက် ခက်ခဲမယ်ဆိုတာ သိပါတယ်"ဟု ရှင်းလင်းခဲ့သည်။

ဂွါဒီယိုလာက "အခု ကျွန်တော်တို့ ဘာလုပ်ရမလဲ သိပါပြီ။ ဒီလိုအဆင့်မျိုးတွေမှာတော့ ဒါမျိုးကို ကြုံရမှာပါပဲ။ ကျွန်တော်တို့မှာ နောက်ထပ်အခွင့်အရေး ရှိပါသေးတယ်။ ဒီပွဲမှာ ကစားတာ ကောင်းခဲ့ပါတယ်။ ကစားတာ မကောင်းခဲ့ရင် အရင်ဆုံး ဝေဖန်မှာက ကျွန်တော်ကိုယ်တိုင်ဖြစ်ပြီး အခုတော့ ဒီလိုခံစားမှုမျိုး မရရှိပါဘူး"ဟု စပါးအသင်းနှင့်ပွဲမှာ ကစားပုံနှင့် ပတ်သက်၍ သုံးသပ်ခဲ့သည်။

အဆိုပါပွဲစဉ်အား ပုံမှန်ပွဲထွက်ခွင့်ရရှိပြီး ခြေစွမ်းပြနေသော ပေါ်တူဂီကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားလည်း လေ့ကျင့်ရေးကွင်းတွင် ရရှိခဲ့သည့် ဒဏ်ရာကြောင့် လွဲချော်ခဲ့သည်။

ဂွါဒီယိုလာက "ရာသီတိုင်းမှာ ဒဏ်ရာတွေက ရှိနေမှာပဲ။ ဒီလိုပြဿနာတွေ ရှိနေမှာပဲ။ ဘာနာဒိုက နောက်အပတ်မှာ အသင့်ဖြစ်နေလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ထားပါတယ်"ဟု ပြောကြားခဲ့ကြောင်းလည်း သိရသည်။

 

Most Read

Most Recent