ဆာလာ ကံကောင်း၍ အနီကတ်မထိခဲ့ခြင်းဖြစ်သည်ဟု ကလတ်တန်ဘတ် သုံးသပ်

ဆာလာ ကံကောင်း၍ အနီကတ်မထိခဲ့ခြင်းဖြစ်သည်ဟု ကလတ်တန်ဘတ် သုံးသပ်
Published 10 April 2019

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ပကျော့)ပွဲစဉ်တစ်ပွဲဖြစ်သော လီဗာပူးလ်-ပေါ်တိုပွဲတွင် လီဗာပူးလ်တိုက်စစ်မှူး ဆာလာမှာ ဖျက်ထုတ်မှုကြမ်းတမ်းခဲ့သော်လည်း ကံကောင်း၍ အနီကတ်ပြစ်ဒဏ်မှ လွတ်မြောက်သွားခြင်းဖြစ်ကြောင်း ပရီးမီးယားလိဂ်နာမည်ကျော်ဒိုင်လူကြီးဟောင်း ကလတ်တန်ဘတ်က သုံးသပ်ခဲ့သည်။

ဆာလာသည် ပေါ်တိုကွင်းလယ်လူ ဒန်နီလို၏ ညို့သကျည်းပေါ်ကို ဖိနပ်သံမှို(ဘောကန်ဖိနပ် အောက်ဘက်ရှိ အဖုကလေးများ) ဖြင့် ဖြတ်နင်းမိခဲ့ခြင်းဖြစ်ပြီး အဆိုပါဖျက်ထုတ်မှုမျိုးမှာ အနီကတ်ပြသနိုင်သည့် ဖျက်ထုတ်မှုမျိုးဖြစ်ကြောင်း သိရသည်။

ကလတ်တန်ဘတ်က "ဆာလာ ဒီဖြစ်ရပ်မှာ အနီကတ်ပြမခံရတာ အရမ်းကံကောင်းပါတယ်။ ဒီဖြစ်ရပ်မှာ ဘောလုံးကို မထိခဲ့ဘဲ ဆာလာရဲ့ ဖိနပ်သံမှိုက ပြိုင်ဘက်ရဲ့ ညို့သကျည်းအပေါ် တည့်တည့်ထိခဲ့ပါတယ်။ UEFA ရဲ့ ပြဋ္ဌာန်းချက်မှာတော့ ခြေချင်းဝတ်အပေါ်ပိုင်းကို ဘောလုံးမထိဘဲ ဖိနပ်သံမှိုနဲ့ ပြစ်ဒဏ်ကျူးလွန်မိရင် အဲဒါ အနီကတ်ပါပဲ။ VAR က ကွင်းလယ်ဒိုင်ကို ဒီဖြစ်ရပ်ပြန်သုံးသပ်ဖို့ အကြောင်းကြားသင့်ပါတယ်။ ဒီလိုဆိုရင် ကွင်းလယ်ဒိုင်က ဆာလာကို အနီကတ်ပြပါလိမ့်မယ်။ အခုတော့ သူ နောက်ပွဲတွေမှာ ဝင်ကစားခွင့်ရသွားပါပြီ"ဟု သုံးသပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်ရပ်မတိုင်မီတွင်လည်း လီဗာပူးလ်နောက်ခံလူအာနိုးလ် ပေါ်တိုမှ ဖိလစ်ပီအား ပယ်နယ်တီဧရိယာအတွင်း တွန်းတိုက်မိခဲ့သော်လည်း ပြစ်ဒဏ်သတ်မှတ်ခဲ့ခြင်း မရှိပေ။

လီဗာပူးလ်အသင်းသည် အဆိုပါပွဲစဉ်တွင် ဖေမီနို၊ ကီတာတို့၏ သွင်းဂိုးများဖြင့် ပေါ်တိုအသင်းအား (၂)ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး အဝေးဂိုးလည်း ခွင့်မပြုခဲ့ရခြင်းကြောင့် နောက်တစ်ဆင့်တက်ရောက်ရန် အားသာချက်များ ရရှိသွားပြီ ဖြစ်သည်။

Most Read

Most Recent