တရုတ်နှင့် အီးယူတို့က ဝယ်ယူမှုကျဆင်းနေသဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန်နှစ်သန်းခွဲခန့်သာ တင်ပို့နိုင်မည်ဟု ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ပြောကြား

တရုတ်နှင့် အီးယူတို့က ဝယ်ယူမှုကျဆင်းနေသဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန်နှစ်သန်းခွဲခန့်သာ တင်ပို့နိုင်မည်ဟု ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ပြောကြား
မန္တလေးတိုင်းဒေသကြီးရှိ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းခွင်တစ်ခုတွင် စပါးများရိတ်သိမ်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဌေးလှအောင်)
မန္တလေးတိုင်းဒေသကြီးရှိ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းခွင်တစ်ခုတွင် စပါးများရိတ်သိမ်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဌေးလှအောင်)
Published 9 April 2019
ဇေယျာငြိမ်း

တရုတ်နိုင်ငံနှင့် အီးယူနိုင်ငံတို့က ဝယ်ယူမှုကျဆင်းနေသဖြင့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန်နှစ်သန်းခွဲခန့်သာတင်ပို့နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောကြားချက်အရ သိရသည်။

“၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကတော့ ဆန်တန်ချိန်နှစ်သန်းခွဲလောက်အထိပဲ တင်ပို့နိုင်မယ်”ဟု ဦးအောင်သန်းဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဘဏ္ဍာနှစ်ကာလကို  ယခင်က ဧပြီလမှ နောက်တစ်နှစ်၏ မတ်လအကုန်အထိ သတ်မှတ်ထားသော်လည်း လက်ရှိ ၂၀၁၈ခုနှစ်မှစတင်ပြီး အောက်တိုဘာလမှ နောက်တစ်နှစ်၏ စက်တင်ဘာ လအကုန်အထိ ပြောင်းလဲသတ်မှတ်ထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ လက်ရှိဘဏ္ဍာရေးနှစ်သည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ ရေးနှစ်ဖြစ်သည်။

သို့သော်လည်း မြန်မာနိုင်ငံ၏ ဆန်တင်ပို့မှု၏ တစ်နှစ်တာကာလကို ဧပြီ ၁ ရက်မှ နောက်တစ်နှစ်၏ မတ်လအကုန်အထိ ယခင်ကာလအတိုင်း သတ်မှတ်ထားခြင်းဖြစ်သဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အဖြစ် ခေါ်ဆိုခြင်းဖြစ်ကြောင်း သိရသည်

“ကျွန်တော်တို့ကတော့ ကောက်ပဲသီးနှံပေါ်မှာ အခြေခံတယ်။ စပါးထွက်ရှိတဲ့အချိန်နဲ့ ပဲတွက်တယ်။ အစိုးရဘတ်ဂျက်နှစ်နဲ့မဆိုင်ဘဲ ဧပြီ ၁ ရက်ကနေ နောက်တစ်နှစ်ရဲ့ မတ်လအကုန်အထိနဲ့ပဲ တွက်ပါတယ်” ဟု ဦးအောင်သန်းဦးက ရှင်းလင်းပြောကြားသည်။

ထို့ကြောင့် ဆန်စပါးတင်ပို့မှု ဘဏ္ဍာနှစ်ကာလဖြစ်သည့် လက်ရှိ ၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် မတ်လကုန်အထိ ပြည်ပသို့ဆန်နှင့်ဆန်ကွဲ စုစုပေါင်းတန်ချိန် နှစ်သန်းခွဲခန့် တင်ပို့နိုင်ရန် ခန့်မှန်းထားခြင်း ဖြစ်သည်။

ပြီးခဲ့သည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း စျေးကွက်သစ်များ တိုးချဲ့တင်ပို့နိုင်ခြင်းကြောင့်  ပြည်ပသို့ မြန်မာ့ဆန်တန်ချိန် ၃ ဒသမ ၆ သန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်တင်တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မတ်လဆန်းအထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၂  ဒသမ၂ သန်းကျော် တင်ပို့ထားသည်။ ဆန်တင်ပို့ရာတွင် နိုင်ငံပေါင်း ၅၀ အထိတင်ပို့ထားပြီး ဆန်ကွဲတင်ပို့မှုတွင် နိုင်ငံပေါင်း ၂၅ နိုင်ငံသို့ တင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံမှဆန်ကို ပြည်ပတင်ပို့ရာ၌ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အီးယူစျေးကွက်၊ အာဖရိကစျေးကွက်သို့ တင်ပို့လျက်ရှိပြီး မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်သည်။

တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံကတင်ပို့မည့် ဆန်တန်ချိန် ၅၀၀၀၀ ခန့်မှာ မူဆယ်နယ်စပ်၌ ပိတ်မိနေသည့်အတွက် အစိုးရအနေဖြင့် ယူနန်ပြည်နယ်အစိုးရအပါအဝင် တရုတ်ဝယ်လက်များနှင့် အမြန်ဆုံးညှိနှိုင်းပေးရန် ဆန်ကုန်သည်များက တောင်းဆိုထားသည်။

“အဓိကတော့ တရုတ်ပြည်ဘက်က စျေးကွက်က  ၄၆ ရာခိုင်နှုန်းလောက်ဖြစ်တဲ့အတွက် သူ့စျေးကွက်က မြန်မာပြည်ရဲ့တင်ပို့တဲ့အထဲမှာ တရုတ်စျေးကွက်က အကြီးဆုံးသူက ဝယ်လိုအားကျသွားရင် စျေးကွက်ကို ရိုက်ခက်မှုကတော့များတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောကြားသည်။

ယခင်က မြန်မာနိုင်ငံမှ အီးယူသို့ ဆန်တင်ပို့ပါက ဆန်အမျိုးအစားအားလုံးကို အခွန်ကင်းလွတ်ခွင့်ပေးထားသည်။

သို့သော် အီးယူက မြန်မာနိုင်ငံမှ တင်ပို့သည့် ဆန်လုံးရှည်အမျိိုးအစား (၁၆ မီလီမီတာအထက်)သည် အီးယူအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အီတလီနှင့်စပိန် စသည့်နိုင်ငံများက ထွက်ရှိသည့် ဆန်အမျိုးအစားနှင့်တူညီသဖြင့် ၄င်းတို့၏ အကျိုးစီးပွားကို ကာကွယ်ရန်အလို့ငှာ ယင်းဆန်လုံးရှည်များကို ဇန်နဝါ ၈ ရက်က စတင်ကာ သုံးနှစ်အထိ အခွန်ပြန်လည်ကောက်ခံသွားမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ထားသည်။

လက်ရှိတွင်လည်း အီးယူနှင့်တရုတ်နိုင်ငံတို့က မြန်မာနိုင်ငံမှ ဆန်ဝယ်ယူခြင်းမရှိဆိုသည့် သတင်းများကြောင့် အာဖရိကနှင့် အီးယူနိုင်ငံများက မြန်မာ့ဆန်ကို နိုင်ငံတကာ စျေးနှုန်းထက် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၀ အထိ စျေးနှိမ်ဝယ်ယူနေကြောင်း ဧပြီ ၁ ရက်က ရန်ကုန်မြို့ဝါးတန်းကုန်စည်ဒိုင်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ အခမ်းအနားမှ သိရသည်။

“အခုဟာက အီးယူလည်း မဝယ်တော့ဘူး၊ တရုတ်လည်း မဝယ်တော့ဘူးဆိုတဲ့ သတင်းအပေါ်မှာ မြန်မာပြည်ကဝယ်ရင် ဒီထက်စျေးသက်သာဦးမယ်။ သက်သာဦးမယ်ဆိုတဲ့ စောင့်နေကျတာ” ဟု မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောကြားသည်။             

 

Most Read

Most Recent