မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မူးယစ်ဆေးဝါး ဝင်ရောက်မှု များပြားလာနေပြီး လူမှုအသိုင်းအဝိုင်းကြားတွင် အချက်ပေးသည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ပြောကြား

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မူးယစ်ဆေးဝါး ဝင်ရောက်မှု များပြားလာနေပြီး လူမှုအသိုင်းအဝိုင်းကြားတွင် အချက်ပေးသည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ပြောကြား
Published 8 April 2019
နေရိုင်း၊  အောင်မင်းသိန်း

မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မူးယစ်ဆေးဝါး ဝင်ရောက်မှု များပြားလာနေပြီး လူမှုအသိုင်းအဝိုင်း အကြားတွင် အချက်ပေးသည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ် Mj.Gen.MD Shafeenul Islam က ပြောကြားသည်။

နေပြည်တော်ရှိ  Royal ACE  ဟိုတယ်၌ ဧပြီ ၈ ရက်က ကျင်းပ ပြုလုပ်သည့် ၆ ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့များအကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူး ချုပ် Mj.Gen.MD Shafeenul Islam က အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မူးယစ်ဆေးဝါးနဲ့ ရာမ အထူးသဖြင့် ရာမ ကူးသန်းမှုဟာဆိုလို့ရှိရင် မြန်မာဘက်က ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်တာ ပိုပြီးတော့ များလာပြီးတော့မှ ဒါ ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်းကြားမှာ အချက်ပေးတဲ့ အနေအထားကို ရောက်ရှိလို့နေပါပြီ။ ကျွန်တော်အနေနဲ့ လှိုက်လှိုက်လှဲလှဲ တင်ပြ တောင်းဆိုချင်တာကတော့ အဆွေတော်တို့ ဘက်နေပြီး တော့မှ နောက်လာမယ့် မျိုးဆက်သစ်တွေကို ကာကွယ်နိုင်ဖို့အတွက်ကို ကူညီပေးမယ်လို့ ကျွန်တော်အနေနဲ့ ယုံကြည်ပါတယ်ဟု Mj. Gen.MD Shafeenul Islam  က စကားပြန်မှ တစ်ဆင့်ေ ပြာကြားသည်။

၆ ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးတွင် မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်မှုများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသည်ကို သိရှိရပြီး ဆက်လက်ပြီး ဆောင်ရွက်ရန်လည်း ထောက်ခံကြောင်း Mj.Gen.MD Shafeenul Islam က ပြောကြားသည်။

Mj.Gen.MD Shafeenul Islam က ကျွန်တော်အနေနဲ့ ကြားသိထားတဲ့ သတင်းတွေ ရှိပါတယ်။ အဲဒါဆိုရင် မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးကို အရှိန်အဟုန်နဲ့ တိုက်ဖျက်နေတာဆိုရင် အောင်မြင်မှုတွေ အများကြီး ရရှိနေတယ်လို့တော့ ကြားပါတယ်။ ဒါကြောင့်မလို့ ဒီလိုမျိုး ဆောင်ရွက်ချက်တွေကို ရှေ့ဆက်ပြီးတော့ ဆက်လက်ပြီးတော့မှ ဆောင်ရွက်ဖို့ ကျွန်တော့်အနေနဲ့ အများကြီး ထောက်လည်း ထောက်ခံပါတယ်။ အားလည်း အားပေးပါတယ်ဟု ပြောကြားသည်။

ဆက်လက်၍ နောက်တစ်ချက်အနေနဲ့ ကျွန်တော် ပြောချင်တာကတော့ ဒီလိုမျိုး နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်မှာ ဒီလိုမျိုး ပြစ်မှုတွေ ကျူးလွန်တဲ့ကိစ္စကို ကျွန်တော်အနေနဲ့ ပြောချင်ပါတယ်။ နယ်စပ်ဒေသတွေ မှာ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို ပျက်စီးစေတဲ့ ပစ်ခတ်မှုတွေ ရှိနေပါတယ်။ တစ်ခါတရံမှာ ဆိုရင် ဒီလိုပစ်ခတ်မှုတွေ ကနေပြီးတော့မှ အပြစ်မဲ့ အရပ်သားတွေ သေဆုံးတဲ့ဟာကိုလည်း ဖြစ်စေတယ် ဆိုတာလည်း ကျွန်တော်အနေနဲ့ တွေ့ရပါတယ်။ ဒီလိုမျိုး တည်ငြိမ်နေတဲ့ နယ်စပ်ဒေသ တစ်လျှောက်မှာ နှစ်နိုင်ငံအကြားမှာ အကြောင်းသေချာ မဖော်ပြနိုင်ဘဲနဲ့ ပစ်ခတ်မှုတွေကို မဖြစ်စေဖို့၊ ဒါကို ဆောင်ရွက်ပေးဖို့လည်း ကျွန်တော် တင်ပြတောင်းဆို လိုပါတယ်ဟု Mj.Gen.MD Shafeenul Islam က ပြောကြားသည်။

အကြမ်းဖက်သမားများနှင့် မလိုလားအပ်သည့် လူများကို မည်သည့်နိုင်ငံကမျှ လက်သင့်ခံမည့် အနေအထား မရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရပ်တည်ချက်သည်လည်း အကြမ်းဖက်မှုနှင့် ပတ်သက်၍ လုံးဝ သည်းခံမှု မရှိကြောင်း Mj.Gen.MD Shafeenul Islam က စကားပြန်မှတစ်ဆင့် ပြောကြားသည်။