တစ်နှစ်ထက်တစ်နှစ် တရိပ်ရိပ်မြင့်တက်လာသည့် ကုန်စျေးနှုန်း

တစ်နှစ်ထက်တစ်နှစ် တရိပ်ရိပ်မြင့်တက်လာသည့် ကုန်စျေးနှုန်း
Published 8 April 2019
နီလာ

မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်း သည် အ ကြောင်းတရားများစွာဖြင့် စျေးတက်လေ့ရှိပြီး ပြည်တွင်းထုတ် လုပ်မှု၊ ရာသီဥတု အခြေအနေနှင့် စျေးကွက်အလားအလာအပေါ် မူတည်ကာ ပြည်တွင်းထုတ်ကုန် အနည်းငယ်ခန့်မှလွဲ၍ သွင်းကုန်အများစုမှာ အတက်ဘက်သို့သာ ဦးတည်နေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။

လက်ရှိတွင် ဆန်နှင့်ကြက်သွန်နီစသည့် မီးဖိုချောင်သုံး ပစ္စည်းများမှလွဲ၍ ကျန်အစားအစာအုပ်စုဝင် ကုန်စည်များ၊ အဝတ်အထည်၊ သယ်ယူပို့ဆောင်ရေးစရိတ်၊ ကျန်းမာရေးစရိတ်၊ ပညာရေးစရိတ်၊ အထွေထွေ ကုန်ပစ္စည်းစရိတ် စသည်တို့သည်လည်း ယခင်လများထက် တရိပ်ရိပ် မြင့်တက်နေသည်။

ဧပြီလ ပထမပတ်အတွင်း နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၅၀၀ ဝန်းကျင်ရှိခဲ့ပြီး ပြည်တွင်းစျေးကွက်၌ ခြောက်လအတွင်း လအလိုက် ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ အောက်တိုဘာတွင် ၁၅၁၅-၁၆၀၀၊ နိုဝင်ဘာတွင် ၁၅၆၅- ၁၅၉၅ ကျပ်၊ ဒီဇင်ဘာတွင် ၁၅၁၀-၁၅၇၇ ကျပ်၊ ဇန်နဝါရီတွင် ၁၅၁၄-၁၅၄၀ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၅၀၃- ၁၅၂၉ ကျပ်၊ မတ်တွင် ၁၅၀၈- ၁၅၂၇ ကျပ်တို့ဖြစ်ပြီး အောက်တိုဘာတွင် ကွာဟချက် အများဆုံး ဖြစ်ခဲ့သည်။ ဒေါ်လာစျေးနှုန်း မြင့်တက်လာခြင်းသည် သွင်းကုန်အပေါ် သက်ရောက်မှုများပြီး စားသုံးကုန်စည် စျေးနှုန်းကို မြင့်တက်လာစေသည်။

ယခင်နှစ်များက သင်္ကြန်ကာလ နီးကပ်ချိန်တွင် ကုန်စျေးနှုန်းတက်လေ့ ရှိသော်လည်း ယခုနှစ်တွင်မူ ယခင်လများက ဖြစ်ပေါ်ခဲ့သည့် အတက်စျေးနှုန်းများ အတိုင်းသာ ဆက်လက် မြင့်တက်နေဆဲ ဖြစ်ကြောင်းနှင့် သင်္ကြန်ကာလ ဝယ်ယူစုဆောင်းမှု များခြင်းကြောင့် စျေးတက်ခြင်းမျိုးများစွာ မတွေ့ရကြောင်း စျေးကွက်အတွင်းမှ သိရသည်။

သင်္ကြန်ကာလနီးကပ်ချိန် ကုန်စျေးနှုန်း အခြေအနေ

ကုန်စျေးနှုန်းအများစုမှာ ကုန်စည်အမျိုးအစားအလိုက် စျေးနှုန်းဆက်တိုက် မြင့်တက်လျက်ရှိပြီး လက်ရှိကာလ သင်္ကြန်ကာလ နီးကပ်လာချိန်တွင် ထူးထူးခြားခြား မြင့်တက်လာခြင်း မတွေ့ရဘဲ ပုံမှန်မြင့်တက်နေသည့် ဖြစ်စဉ်များသာရှိကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။

စျေးထဲမှာ ငါးကြင်းကတစ်ဆယ်သား ၁၀၀၀ ကျပ်၊ အမဲသား တစ်ဆယ်သား ၂၀၀၀ ကျပ်၊ ကြက် သားတစ်ဆယ်သား (ဗမာကြက်) ၁၂၀၀ ကျပ်၊ ပုစွန်ဆိတ် တစ်ဆယ်သား ၁၂၀၀၊ အရင်က တစ်ဆယ်သား ၈၀၀ ရှိတယ်။ အလွန်ဆုံး ၉၀၀၊ ၁၀၀၀ ပေါ့။ သူ့ထက်ကြီးတာ ပုစွန်တုပ်အဆင့် မဟုတ်ဘူး။ အလတ်စား အကောင် တစ်ဆယ်သား ၂၀၀၀ ကျပ်၊ ဝက်သားတစ်ဆယ်သား အဆီအသားဆို ၉၀၀၊ အသားချည်း ပဲဆိုရင် ၁၂၀၀ ကျပ် စျေးရှိတယ် ဟု လှိုင်မြို့နယ်တွင် နေထိုင်သူ အိမ်ရှင်မတစ်ဦးက ပြောကြားသည်။

သင်္ကြန်နားနီးလို့ ကုန်စျေးနှုန်း ထူးထူးခြားခြား မတက်ဘူး။ တချို့ဟာတွေတော့လည်း တက်တယ်ပေါ့လေ။ ဒါပေမဲ့  အများစု ဟိုဟာကြောင့် ဒီဟာကြောင့် အမြဲတမ်း တက်နေတာပဲ။ မုန့်ဟင်းခါးဆိုရင်တောင် တချို့နေရာမှာ တစ်ပွဲကို ၅၀၀၊ တချို့မြို့နယ်တွေမှာများ ၆၀၀၊ အကြော်ပါရင် ၈၀၀ ဖြစ်ရော။ သစ်သီးစျေးလည်း တက်တယ် ဟု သင်္ဃန်းကျွန်းစျေးတွင် စျေးရောင်းနေသည့် စျေးသည်တစ်ဦးက ပြောပြသည်။

ဧပြီ ၅ ရက်က နှမ်းဆီတစ်ပိဿာ ကျပ် ၇၀၀၀၊ မြေပဲဆီတစ်ပိ ဿာ ၅၈၀၀ ကျပ်၊ စားအုန်းဆီတစ် ပိဿာ ကျပ် ၁၅၃၀ စျေးရှိသည်။ ကြက်သွန်နီ(ဆိပ်ဖြူသစ်)တစ်ပိ ဿာ ၅၇၅ ကျပ်၊ မြစ်သားရှယ် (အ သစ်) တစ်ပိဿာ ကျပ် ၈၅၀ ၊ ကြက် သွန်ဖြူ (ကြူကုတ်ရှယ်) တစ်ပိဿာ ၂၄၅ ကျပ်၊အာလူး(ဆင်ဖြူကျွန်း)တစ်ပိဿာ ကျပ် ၂၅၀ ဖြင့် စျေးအ သီးသီးဖြစ်ပေါ်နေကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရသည်။

ဆန်စျေးအနေဖြင့် မြောင်းမြ၊ ပုသိမ်ပေါ်ဆန်း(သစ်) ၁၀၈ ပေါင် တစ်အိတ်လျှင်  အနိမ့်ဆုံး ကျပ် ၃၈၀၀၀ မှ အမြင့်ဆုံး ကျပ် ၄၂၀၀၀၊ ရက် ၉၀ (အသစ်)တစ်အိတ်လျှင် ကျပ် ၁၉၅၀၀ မှ ကျပ် ၂၀၀၀၀ ကြား၊ ငစိန် ဆန်တစ်အိတ် ကျပ် ၁၉၀၀၀ မှ ကျပ် ၁၉၇၀၀ ကြား စျေးရှိခဲ့သည်။

ဇန်နဝါရီ ၂ ရက်က နှမ်းဆီ တစ်ပိဿာလျှင် ကျပ် ၆၇၀၀၊ မြေ ပဲဆီတစ်ပိဿာ ကျပ် ၅၈၀၀၊ စား အုန်းဆီတစ်ပိဿာ ကျပ် ၁၅၂၀ စျေး ရှိသည်။ ကြက်သွန်နီ(ဆိပ်ဖြူ)တစ် ပိဿာ ကျပ် ၈၀၀၊ မြစ်သားရှယ် (အသစ်) တစ်ပိဿာကျပ် ၁၁၅၀၊ ကြက်သွန်ဖြူ (ကြူကုတ်ရှယ်)တစ် ပိဿာ ၁၂၂၅ ကျပ်ဖြင့် စျေးအသီး သီး ဖြစ်ပေါ်ခဲ့သည်။

ဇန်နဝါရီ ၁၄ ရက်က မြောင်း မြ၊ ပုသိမ်ပေါ်ဆန်း(သစ်) ၁၀၈ ပေါင် တစ်အိတ်လျှင် အနိမ့်ဆုံး ကျပ် ၃၈၀၀၀ မှ အမြင့်ဆုံး ကျပ် ၄၂၀၀၀၊ ရက် ၉၀(အသစ်)တစ်အိတ်လျှင် ကျပ် ၂၂၀၀၀ မှ ၂၃၅၀၀ ကြား၊ ငစိန် ဆန်တစ်အိတ် ကျပ် ၁၉၀၀၀ မှ ၁၉၇၀၀ ကြား စျေးရှိခဲ့သည်။

ယင်းအခြေအနေများအရ ကြက်သွန်နီနှင့် ကုန်စည်အချို့မှ လွဲ ၍ ကျန်ကုန်စည်အများစုမှာ စျေးနှုန်း ဆက်တိုက်မြင့်တက် လာနေခြင်း ဖြစ်သည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း စားသုံးသူစျေးဆနှုန်း အခြေအနေ

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း အစားအစာ အုပ်စုများ၏ စျေးဆနှုန်းမှာ ၁၆၂  ဒသမ  ၉၆ ရှိ၍ ယခင်လနှင့် နှိုင်းယှဉ်ပါ က ၀  ဒသမ ၇၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ သိရသည်။

ဆန်(ဧည့်မထ) စျေးနှုန်းမှာ ၀ ဒသမ ၅၈ ရာခိုင်နှုန်း၊မြေပဲဆီ ၀ ဒသမ ၃၄ ရာခိုင်နှုန်း၊ နှမ်းဆီ ၁ ဒသမ ၂၅ ရာခိုင်နှုန်း၊ ကြက်သား ၁ ဒသမ ၂၆ ရာခိုင်နှုန်း၊ ဝက်သား ၀ ဒသမ ၂၅ ရာခိုင်နှုန်း၊အမဲသား ၁ ဒသမ ၀၁ ရာခိုင်နှုန်း၊ ဘဲဥ ၁ ဒသမ ၃၆ ရာခိုင်နှုန်း၊ ကြက်ဥ  ၀ ဒသမ ၄၃ ရာခိုင်နှုန်း၊ ငါးခူ ၁ ဒသမ ၆၆ ရာခိုင် နှုန်း၊ ငါးရံ့ ၁ ဒသမ ၈၁ ရာ ခိုင်နှုန်း၊  ငါးမြစ်ချင်း ၁ ဒသမ ၇၈ ရာခိုင်နှုန်း ဖြင့် စျေးနှုန်းအသီးသီး မြင့်တက်လာ ကြောင်း သိရသည်။

မီးဖိုချောင်သုံး ပစ္စည်းများတွင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ မန်ကျည်းသီးနှင့် ချင်းစျေးနှုန်းများ ကျဆင်းလာသော်လည်း ဆား၊ အချိုမှုန့်နှင့် ငရုတ်သီးမှုန့် စျေးနှုန်းများ မြင့်တက်နေသည်။

သစ်သီးများဖြစ်ကြသော ငှက်ပျောသီး၊ အုန်းသီး၊ လိမ္မော်သီး၊ ပန်းသီး၊ နာနတ်သီး၊ သံပရာသီး၊ ရှောက်သီး စျေးနှုန်းများနှင့် ဟင်းသီးဟင်းရွက်များ ဖြစ်ကြသော အာ လူး၊ ခရမ်းချဉ်သီး၊ မုန်လာဥဖြူ၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ သခွားသီးနှင့် ပဲတောင့်ရှည်သီးစျေးနှုန်းများ မြင့်တက်လျက်ရှိသည်။

သယ်ယူပို့ဆောင်ရေး အုပ်စု၏ စျေးဆနှုန်းမှာ ၂၀၁၉ ခုနှစ် ဖေ ဖော်ဝါရီလ၌ ၁၀၉ ဒသမ ၂၈ ရှိ၍ ယခင်လအခြေအနေနှင့် နှိုင်းယှဉ် ပါက ၁ ဒသမ ၀၇ ရာခိုင်နှုန်းမြင့် တက်လျက်ရှိသည်။ ယင်းအုပ်စုစျေး ဆနှုန်းတွင် ပါဝင်သော ဓာတ်ဆီ တစ်ဂါလန် ၃၆၀၁ ဒသမ ၉၅ ကျပ် မှ ၃၆၅၇ ဒသမ ၈၂ ကျပ်သို့ လည်း ကောင်း၊ ဒီဇယ်ဆီတစ်ဂါလန် ၄၁၇၃ ဒသမ ၄၆ ကျပ်မှ ၄၂၃၇ ဒသမ ၅၆ ကျပ်သို့လည်းကောင်း အသီးသီး စျေးမြင့်တက်လျက် ရှိသည်။

၂၀၁၈ ခုနှစ် ဧပြီလအတွင်း စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှု အခြေအနေ

စားသုံးသူစျေးဆနှုန်း၏ လအလိုက် ပြောင်းလဲမှုအခြေအနေ မှာ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၁၈ ခုနှစ် ဧပြီလအတွက် တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းမှာ အစားအစာ အုပ်စုအတွက် ၁၅၁ ဒသမ ၅၇၊ အစားအစာ မဟုတ်သော အုပ်စုအတွက် ၁၂၃ ဒသမ ၂၉ နှင့် အုပ်စုအား လုံးအတွက် ၁၃၆ ဒသမ ၈၂ ရှိသည်။ ၂၀၁၈ ခုနှစ် မတ်လ၏ အခြေအနေမှာ ဧပြီနှင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၅၁ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

စားသုံးသူစျေးဆနှုန်း၏ နှစ်အလိုက် ပြောင်းလဲမှု အခြေအနေမှာ ၂၀၁၈ခုနှစ် ဧပြီ လ၏ စားသုံးသူ စျေးဆနှုန်းမှာ ၁၃၉ ဒသမ ၈၂ ဖြစ် သဖြင့်  ၂၀၁၇ ခုနှစ် ဧပြီလ၏ အခြေ အနေ ၁၃၂ ဒသမ ၀၇ နှင့် နှိုင်းယှဉ် ပါက ၅ ဒသမ ၈၇ ရာခိုင်နှုန်း မြင့်တက်လာသည်။ အလားတူ ၂၀၁၈ခုနှစ် ဧပြီ၏ Core CPI မှာ ၂၀၁၇ ခုနှစ် ဧပြီ၏ Core CPI နှင့် နှိုင်းယှဉ်ပါက ၄ ဒသမ ၇၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

၂၀၁၈ ခုနှစ် မတ်လတွင် အစားအစာအုပ်စု၏ စျေးဆနှုန်းမှာ ယခင်လထက် ၀ ဒသမ ၇၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အခြေခံ စားသောက်ကုန်များဖြစ်သည့် အမဲသားစျေး ကျဆင်းလာသော်လည်း ဆန်(ဧည့် မထ)၊ စားအုန်းဆီ၊ အသားငါးစျေး နှုန်းများနှင့် ကြက်ဥစျေး မြင့်တက် လာသည်။ အခြားမီးဖိုချောင်သုံးကုန် ပစ္စည်းဖြစ်သည့် ပဲစျေးနှုန်းများ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူးနှင့် သကြားစျေးနှုန်းများ ကျဆင်းလာသည်။

အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များဖြစ်သော သင်္ဘောသီး၊ ရှောက်သီး၊ သံပရာသီး၊ ချဉ်ပေါင် ရွက်၊ ပဲတောင့်ရှည်သီး၊ သခွားသီး၊ ခရမ်းသီး၊ ဂေါ်ဖီနှင့် ခရမ်းချဉ်သီး စျေးနှုန်းများလည်း သိသိသာသာ မြင့်တက်ခဲ့သည်။

၂၀၁၈ ခုနှစ် ဧပြီတွင် အစားအစာ မဟုတ်သောအုပ်စု၏ စျေးဆနှုန်းမှာ ၁၂၃ ဒသမ ၂၉ ဖြစ်သဖြင့် ယခင်လနှင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၂၀ ရာခိုင်နှုန်း မြင့်တက်နေသည်ကို တွေ့ရှိရသည်။

ယင်းအုပ်စုအတွင်းရှိ ဆေးစျေးနှုန်း၊ ကွမ်းသီးနှင့် ကွမ်းရွက်စျေးနှုန်းများ သိသိသာသာ ကျဆင်းနေသော်လည်း သယ်ယူပို့ဆောင်ရေး အုပ်စုတွင်ပါဝင်သော ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် မော်တော်ဆိုင်ကယ်စျေးနှုန်းများ၊ ရွှေထည်ပစ္စည်း စျေးနှုန်းများ၊ အမျိုးသမီး/အမျိုးသားဝတ် လုံချည်များ၊ ရှပ်အကျႌ၊ တီရှပ်၊ စပို့ ရှပ်၊ အမျိုးသမီး ဝတ်အကျႌဖိနပ်များ၊ အိမ်ပြုပြင်စရိတ်၊ ရေခဲသေတ္တာနှင့် အိမ်ဆောက်ပစ္စည်းများစသည့် ကုန်ပစ္စည်း စျေးနှုန်းများမှာ ယခင်လကထက် မြင့်တက်လာကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဧပြီလအထိ ပျှမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း (Annual Rate of Inflation) မှာ ၄ ဒသမ ၁၂ ရာခိုင်နှုန်းဖြစ်ပြီး အစားအစာ အုပ်စုနှင့် လောင်စာဆီစျေးနှုန်းများ မပါဝင်ဘဲ တွက်ချက်ထားသော ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း (Core Inflation) မှာ ၃ ဒသမ ၉၆ ရာခိုင်နှုန်းရှိကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ သိရသည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီနှင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ စားသုံးသူစျေးဆနှုန်း နှိုင်းယှဉ်ချက်

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ အတွက် စားသုံးသူစျေးဆနှုန်းမှာ ၁၄၈ ဒသမ ၈၅ ဖြစ်ရာ ယခင်နှစ် အလားတူလ၏ စားသုံးသူ စျေးဆနှုန်း ၁၃၉ ဒသမ ၅၁ နှင့်နှိုင်းယှဉ်ပါက ၆ ဒသမ ၆၉ ရာခိုင်နှုန်း မြင့်တက်လာပြီး ကုန်ပစ္စည်း အများစုမှာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်လာခဲ့ကြောင်း သိရသည်။

အစားအစာအုပ်စု၏ စျေးဆနှုန်းမှာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ၌ ၁၆၂ ဒသမ ၉၆ ရှိ၍ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီအခြေအနေ ၁၅၁ ဒသမ ၂၀ နှင့် နှိုင်းယှဉ်ပါက ၇ ဒသမ ၇၈ ရာခိုင်နှုန်းဖြင့် သိသိသာသာ မြင့်တက်နေသည်။

ဆန်(ဧည့်မထ)စျေးနှုန်းမှာ ယခင်နှစ် အလားတူကာလကထက် ၈ ဒသမ ၅၆ ရာ ခိုင်နှုန်းမြင့်တက်လာ သည်။ အလားတူ အခြားကုန်စည် များလည်း မြင့်တက်လျက်ရှိရာ မြေ ပဲဆီ ၁၇ ဒသမ ၁၅ ရာခိုင်နှုန်း၊ နှမ်း ဆီ ၁၂ ဒသမ ၄၆ ရာခိုင်နှုန်း၊ ကြက် သား ၅ ဒသမ ၇၁ ရာခိုင်နှုန်း၊ ဝက်သား ၆ ဒသမ ၀၁ ရာခိုင်နှုန်း၊ အမဲသား ၂၀ ဒသမ ၄၁ ရာခိုင်နှုန်း၊ ဘဲဥ ၁၃ ဒသမ ၇၉ ရာခိုင်နှုန်း၊ကြက်ဥ  ၁၅ ဒသမ ၀၄ ရာခိုင်နှုန်း၊ ငါးခူ ၁၀ ဒသမ ၇၆ ရာခိုင်နှုန်း၊ပုစွန်ခြောက် ၁၃ ဒသမ ၁၃ ရာခိုင်နှုန်းဖြင့် အသီးသီး စျေးမြင့်တက်လာသည်။

သယ်ယူပို့ဆောင်ရေး အုပ်စု ၏စျေးဆနှုန်းမှာ ၂၀၁၉ ခုနှစ် ဖေ ဖော်ဝါရီတွင်  ၁၀၉ ဒသမ ၂၈ ရှိ၍ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလနှင့် နှိုင်းယှဉ်ပါက ၃ ဒသမ ၉၇ ရာခိုင်နှုန်းဖြင့်  ဆက်လက်မြင့်တက်လာသည်။

ယင်းအုပ်စုတွင်ပါဝင်သော ဒီဇယ်ဆီစျေးနှုန်းမှာ တစ်ဂါလန် လျှင် ၃၈၉၅  ဒသမ  ၉၂ ကျပ်ရှိရာမှ ယခုနှစ်တွင် ၄၂၃၇ ဒသမ ၅၆ ကျပ်သို့ သိသိသာသာမြင့်တက် လာသော်လည်း ဓာတ်ဆီစျေးနှုန်း မှာမူ တစ်ဂါလန် လျှင် ၃၉၈၅ ဒသမ ၆၁ ကျပ်ရှိရာမှ ယခုနှစ် တွင် ၃၆၅၇ ဒသမ ၈၂ ကျပ်သို့ ကျဆင်းလာ ကြောင်း၊ ထို့ပြင် မော်တော်ကား၊ မော်တော် ဆိုင်ကယ်၊ စက်ဘီး၊ ဘတ် (စ်) ကားခ(ခရီးဝေး )(ပြည်တွင်း)၊ အငှားယာဉ်ခ၊ ဆိုက်ကားခနှင့် မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းစရိတ် စျေးနှုန်းများ ယခင်နှစ်ထက် မြင့်တက်လာသည်။

အထွေထွေ ကုန်ပစ္စည်း အုပ်စု၏ စျေး နှုန်းမှာ ၂၀၁၉ ခုနှစ် ဖေဖော် ၀ါရီတွင် ၁၃၇ ဒသမ ၄၄ ရှိ၍ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ နှင် ့နှိုင်းယှဉ် ပါက ၁၀ ဒသမ  ၀၃ ရာခိုင်နှုန်း ဖြင့် သိသိသာသာ မြင့်တက်လာခဲ့သည်။  ယင်းအုပ်စုတွင် ပါဝင်သော ကုန်ပစ္စည်းအများစုမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက စျေးနှုန်းမြင့်တက်ခဲ့ရာတွင် ရွှေထည်ပစ္စည်းစျေးမှာ ၁၄ ဒသမ ၀၄ ရာခိုင်နှုန်း၊ သနပ်ခါး ၉ ဒသမ ၂၁ ရာခိုင်နှုန်း၊ မိတ်ကပ် ၁၅ ဒသမ ၆၃ ရာခိုင်နှုန်း၊ သွားတိုက်ဆေး ၁၈ ဒသမ ၁၈ ရာခိုင်နှုန်းတို့ဖြင့် သိသာစွာ မြင့်တက်ခဲ့သည်။

တစ်နှစ်တာအတွင်း ဖြစ်ပေါ်ခဲ့သည့် စားသုံးသူစျေးနှုန်းနှင့် ငွေကြေးဖောင်းပွမှု အခြေအနေ

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ၂၀၁၈ ခု နှစ် မတ်မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီအထိ တစ်နှစ်တာအတွင်း ဖြစ်ပေါ်ခဲ့သည့် တစ်နိုင်ငံလုံး၏ စားသုံးသူ စျေးဆနှုန်းကို လေ့လာပါက ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်း မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာငွေ လဲလှယ်နှုန်းများ သိသာစွာ ကျဆင်းလာခြင်းကြောင့် ဆက်စပ်ကုန်ပစ္စည်းစျေး ကျဆင်းလာခြင်း၊ ဆန်အသစ်ပေါ်ချိန်ဖြစ်၍ စျေးနှုန်းကျဆင်းလာခြင်း၊ ဆောင်းရာသီဖြစ်ခြင်းကြောင့် အသီးအနှံစျေးနှုန်းများ၊ ဟင်းသီးဟင်းရွက်စျေးနှုန်းနှင့် ကုန်ခြောက်ပစ္စည်းစျေး ကျဆင်းလာခြင်းတို့ကြောင့် စားသုံးသူစျေးဆနှုန်း အနည်းငယ် ကျဆင်းလာခဲ့ကြောင်း၊ သို့ရာတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီတွင် နိုင်ငံခြားငွေလဲနှုန်း ဆက်တိုက်ကျဆင်း လာသော်လည်း အသား၊ ငါးနှင့် ဥစျေးနှုန်းများ မြင့်တက်လာခြင်းနှင့် ရွှေစျေးမြင့်တက်နေခြင်းတို့ကြောင့် စားသုံးသူစျေး ပြန်လည်မြင့်တက်ခဲ့ရာ ဖေဖော်ဝါရီ၌ ဆက်တိုက်မြင့်တက်နေသည်ကို တွေ့ရကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ၂၀၁၈ ခု နှစ် မတ်မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီအတိ တစ်နှစ်တာအတွင်း ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းကို လေ့လာကြည့်ပါက ၂၀၁၈ ခုနှစ် မတ်တွင် ၅ ဒသမ ၄၂ ရာခိုင်နှုန်း အနိမ့်ဆုံးဖြစ်ပေါ်ပြီး အောက်တိုဘာတွင် ၈ ဒသမ ၈၅ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သည်။

ထို့နောက် ပွင့်လင်းရာသီဖြစ်သော နိုဝင်ဘာ၊ ဒီဇင်ဘာတွင် ရာသီဥတု အခြေအနေ ပြန်လည် ကောင်းမွန်လာခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းတို့ကြောင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ၌ ၆ ဒသမ ၁၄ ရာခိုင်နှုန်းသို့ လျော့နည်းလာသည်။ သို့သော် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီတွင် ၆ ဒသမ ၆၉ ရာခိုင်နှုန်းသို့ အနည်းငယ် ပြန်လည်မြင့်တက် လာသည်ကို တွေ့ရသည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အ ခြေခံနှစ်ဖြင့် စားသုံးသူ စျေးဆနှုန်းအပေါ်  အခြေခံ တွက်ချက်ထားသော ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းမှာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီအထိ တစ်နှစ်ပျှမ်းပျှ ၇ ဒသမ ၀၇ ရာ ခိုင်နှုန်းရှိ၍ ၂၀၁၉ ခုနှစ် ဇန်နဝါရီအထိ တစ်နှစ်ပျမ်းမျှ ၆ ဒသမ ၉၄ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၁၃ ရာခိုင်နှုန်း ပိုမိုလာကြောင်း၊ ၂၀၁၈ ခုနှစ် မတ်တွင် ၄ ဒသမ ၀၃ ရာခိုင်နှုန်းရှိခဲ့ရာမှ တဖြည်းဖြည်း မြင့်တက်ခဲ့ရာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီတွင် ၇ ဒသမ ၀၇ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံး ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ ဖြစ်ပေါ်ခဲ့သော စားသုံးသူ စျေးဆနှုန်းများကို ကြည့်ပါက တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့ကြီးသုံးမြို့ (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်) တွင် ယခင်လနှင့် နှိုင်းယှဉ်ပါက ရခိုင်ပြည်နယ်တွင် အနည်းငယ် ကျဆင်းခဲ့သည်မှလွဲ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မြင့်တက်ခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက် တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာ အိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စစ်တမ်းကောက်ယူရာတွင် ကုန်ပစ္စည်း အမျိုးအစားများမှာ အများသုံးစွဲသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု အမျိုးအစားပေါင်း ၄၃၈ မျိုးပါဝင်ကြောင်း သိရသည်။ စားသုံးသူစျေးဆနှုန်း တွက်ချက်ရန်အတွက် အစားအစာအုပ်စုတွင် ကုန်ပစ္စည်း ၁၀၈ မျိုးနှင့် အစားအစာ မဟုတ်သော အုပ်စုတွင် ကုန်ပစ္စည်း အမျိုးအစား ၁၆၆ မျိုးရွေးချယ်ခဲ့ပြီး စုစုပေါင်း၂၇၄ မျိုးကို တိုးချဲ့ ကောက်ယူ တွက်ချက်ခဲ့ကြောင်း ဗဟိုစာရင်း အင်းအဖွဲ့၏ ထုတ်ပြန်ထားမှုအရ သိရသည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂  ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက် ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၉ခုနှစ်ဖေဖော် ၀ါရီအထိ တစ်နှစ် ပျမ်းမျှ ၇ ဒသမ ၀၇ ရာခိုင် နှုန်းရှိပြီး နှစ်အလိုက်ငွေကြေး ဖောင်းပွမှုနှုန်းမှာ ၆ ဒသမ ၆၉ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ကုန်စည်စျေးနှုန်း ပြောင်းလဲမှုအပေါ် သုံးသပ်ချက်

စျေးကွက်အတွင်းရှိ ကုန်ပစ္စည်းစျေးနှုန်းများ ပြောင်းလဲမှု အခြေအနေကို ဗဟိုစာရင်းအင်းအဖွဲ့၏ သုံးသပ်ချက်အရ ဖေဖော်ဝါရီလ အတွင်းက ဖြစ်ပေါ်ခဲ့သည့် ဆန်စျေးနှုန်းများကို ယခင်လနှင့် နှိုင်းယှဉ်ပါက  အနည်းငယ် ပြန်လည်မြင့်တက်လာပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါကလည်း များစွာမြင့်တက်ခဲ့ကြောင်း သိရသည်။

သို့သော် တရုတ်အစိုးရက တရားမဝင် ကုန်သွယ်မှုကို ထိန်းချုပ်လိုသော သဘောဖြင့် မူဆယ်မှ ဝယ်ယူသည့် ဆန်အပါအဝင် လယ်ယာထွက်ကုန်အချို့ ဝယ်ယူမှုရပ်နား ထားသောကြောင့် စျေးနှုန်းများ ကျဆင်းလာသည်။ ဆန်စပါးအသစ် ရိတ်သိမ်းချိန်ဖြစ်၍ ဆန်အသစ်စျေးနှုန်းများ ကျဆင်းနေသော်လည်း စျေးကွက်အတွင်း ဆန်အဟောင်း ရှားပါးနေသည့်အတွက် စျေးနှုန်းမြင့်တက်လျက်ရှိသည်။

စားသုံးဆီအုပ်စုတွင် ပါဝင်သည့် မြေပဲဆီ၊ နှမ်းဆီနှင့် ဟင်းရွက်ဆီ စျေးနှုန်းများမှာ ကုန်ကြမ်းများ ဖြစ်ကြသော မြေပဲဆန်နှင့် နှမ်းကို ပြည်ပဝယ်လိုအား ကောင်းမွန်သော်လည်း အထွက်နည်းခြင်းကြောင့် စျေးမြင့်တက် လာသည်ဟု သုံးသပ်ထားသည်။

စားအုန်းဆီစျေးမှာ ယခင်လကထက် အနည်းငယ်ပြန်လည် မြင့်တက်လာကြောင်း၊ ပြည်ပစားအုန်းဆီ စျေးနှုန်းမှာ ယခင်လတွင် မက်ထရစ် တစ်တန်လျှင် ဒေါ်လာ ၅၃၉ ဒသမ ၀၁ ရှိရာမှ ယခုလတွင် ဒေါ်လာ ၅၅၁  ဒသမ ၇၀ သို့ မြင့်တက်နေသောကြောင့် ပြည်တွင်းစားအုန်းဆီစျေး အနည်းငယ် မြင့်တက်လာသည်။

အသား၊ ငါးနှင့်ဥအုပ်စုတွင် ပါဝင်သော အသားစျေးနှုန်းများမှာ ပြည်ပမှ ကျွဲ၊နွား၊ ဆိတ်၊ ဝက်ဝယ်ယူ မှုများ ရှိနေခြင်းကြောင့် လည်းကောင်း၊ ပြည်တွင်းမွေးမြူရေးကဏ္ဍ၌ တိရ စ္ဆာန် အစာမလုံလောက်ခြင်း၊ မွေးမြူ ရေးလုပ်ငန်းသုံး အစာကုန်ကြမ်း များဖြစ်ကြသော ပဲဖတ်၊ နှမ်းဖတ် နှင့်ဆီထွက်သီးနှံမှ ရရှိသော ကုန်ကြမ်း အားလုံးစျေးနှုန်းများ မြင့်တက်လျက် ရှိနေသောကြောင့် အသားစျေးနှုန်း များ မြင့်တက်လာသည်။

အလားတူ ငါးစာစျေးနှုန်း မြင့် တက်နေသဖြင့် ငါးမွေးမြူရေး လျော့ကျကာ စျေးကွက်အတွင်း ငါးဝင် ရောက်မှုနည်းလာ သည့်အတွက် ငါးစျေးနှုန်းမှာလည်း မြင့်တက်လာ သည်။ ကြက်စာ ဘဲစာစျေးမြင့် တက်နေခြင်းနှင့် ဥထွက်နှုန်း ကျဆင်းခြင်းတို့ကြောင့် ကြက်ဥနှင့် ဘဲဥစျေး မြင့်တက်လာသည်။

ဟင်းသီးဟင်းရွက် စျေးနှုန်းများကို လေ့လာကြည့်ပါက အများအားဖြင့် စျေးနှုန်းမြင့်တက်နေပြီး ဒေသ အတွင်း ထွက်ရှိသော ကုန်ပစ္စည်းများသာ စျေးနှုန်းကျဆင်းလာကြောင်း သိရသည်။

သို့သော် စားဖိုဆောင်သီးနှံ ဖြစ်သော ကြက်သွန်ဖြူ၊ ကြက်သွန် နီစျေးမှာ သိသိသာသာ ကျဆင်းလာသည်။ လှောင်ကြက်သွန်နီ မဟုတ်သော မိုးကြက်သွန်နီ(အသစ်)များ ပြည်တွင်းစျေးကွက်သို့ လှိုင်လှိုင် ဝင်ရောက် လာသောကြောင့် အနိမ့်ဆုံးစျေးနှုန်းသို့ ရောက်ရှိခဲ့ကြောင်း၊ အစိုဓာတ် အနည်းငယ်ရှိနေသဖြင့် ရက်ကြာသည်နှင့်အမျှ အလေးချိန် လျော့နည်းလာသည့်အတွက် အမြန်ဆုံး ရောင်းချနေရပြီး စျေးကျလာကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းမှာလည်း ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင် မြင့်တက်နေသည်။ လောင်စာဆီ စျေးနှုန်းများ မြင့်တက်ခြင်းနှင့် အခြေခံ စားသောက်ကုန် စျေးနှုန်းများ မြင့်တက်လာခြင်းတို့ကြောင့် စားသုံးသူစျေးဆနှုန်း မြင့်တက်ခဲ့ပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာလည်း မြင့်တက်လာကြောင်း သိရသည်။                                     

 

Most Read

Most Recent