အမျိုးသားလူ့အခွင့်အရေးကော်မရှင်အတွင်းရေးမှူး ဦးဘုန်းကြွယ်နှင့် တွေ့ဆုံခြင်း

အမျိုးသားလူ့အခွင့်အရေးကော်မရှင်အတွင်းရေးမှူး ဦးဘုန်းကြွယ်နှင့် တွေ့ဆုံခြင်း
Published 7 April 2019
နေမျိုးဝင်း၊ မျိုးထွန်း

ယခုနှစ်ပိုင်းများတွင် အမှုတစ်ခုအတွက် သံသယရှိသူတစ်ဦးကို ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာ အချုပ်ခန်းများသို့ ခေါ်ဆောင်ပြီး စစ်ဆေးနေစဉ်အတွင်း ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးရသည်ဆိုသော သတင်းများမှာ အများပြည်သူအကြား ထိန့်လန့်ကြောက်ရွံ့မှုများ ဖြစ်ပေါ်စေခဲ့သည်။ အဆိုပါဖြစ်စဉ်များထဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင် ဖြစ်ပွားခဲ့သည့် အချုပ်သားသေဆုံးမှုသတင်းများမှာ ထင်ရှားသည်။  တစ်ဆက်တည်းမှာပင် အဆိုပါဖြစ်စဉ်သတင်းများကြောင့် ရဲတပ်ဖွဲ့အပေါ် လူထု၏ ယုံကြည်မှု၊ လေးစားမှုများ လျော့ကျလာမည်မှာ အသေအချာဖြစ်သည်။ ယင်းကြောင့် အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးဘုန်းကြွယ်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး - အချုပ်ခန်းတွေမှာပေါ့လေ။ စစ်ဆေးတုန်းမှာ သေဆုံးသွားတယ်ဆိုတဲ့ သတင်းတွေက ကျွန်တော်တို့ မကြာခဏကြားရတယ်။ မန္တလေးမှာလည်း အဲဒီလို ဖြစ်စဉ်တွေ ကြားရတယ်။ နောက်ပြီးတော့ ဧရာဝတီတိုင်းဘက်မှာပဲ ပလတ်စတစ်ချပြီးတော့မှ စစ်ဆေးတဲ့ဟာ တွေဖြစ်ခဲ့တယ်။ ဒါကိုပြောရရင် ဒီတာဝန်ထမ်းဆောင် နေတဲ့ရဲတပ်ဖွဲ့တွေအနေနဲ့ လူ့အခွင့်အရေးကို မသိလို့ သူတို့ လူ့အခွင့်အရေးအမြင် အားနည်းနေလို့လား။

ဖြေ - မှန်ပါတယ်။ ဒီလိုဖြစ်စဉ်တွေက တော်တော်လေးဖြစ်နေတဲ့ သဘောတရားတွေ တွေ့ရပါတယ်။ ဒါကို မကြာခင်ကပဲ တူးပေါင်းမှာဖြစ်တဲ့ဟာဆိုရင်လည်း အဲဒီလိုပဲ အစက်ချပြီး တရားခံကို နှိပ်စက်ညှဉ်းပန်းမှုတွေကို သွားပြီးတော့ စုံစမ်းစစ်ဆေးမှုတွေကို ကျွန်တော်ကိုယ်တိုင်ပဲ သွားပြီးလုပ်ခဲ့တာဖြစ်ပါတယ်။ ထိုနည်းလည်းကောင်းပဲ မန္တလေးမှာလည်း အချုပ်ခန်းထဲမှာ သေဆုံးတယ်။ အချုပ်တရားခံချင်း ရန်ဖြစ်လို့ သေဆုံးသွားတယ်ဆိုတဲ့အတွက် ဒါရဲစခန်းမှာပဲ သေဆုံးတယ်လို့ပဲ ဒါသိရတယ်။ အဲဒီတော့ အခုလည်း ဒီလိုတွေ ဖြစ်လာတယ်။ ဖြစ်လာတယ်ဆိုတဲ့ဟာတွေကို အစ်ကိုတို့ သုံးသပ်ကြည့်တဲ့အခါမှာ ဒီရဲတပ်ဖွဲ့ဝင် အများစုဟာ လူ့အခွင့်အရေးကို တမင်တကာချိုးဖောက်တာ မဟုတ်တောင်မှ သူတို့ ဒီလူ့အခွင့်အရေး သဘောတရားတွေကို နားမလည်တဲ့အတွက် ဒါသူတို့လုပ်ငန်းအတွက် အောင်မြင်မလား။ သူတို့လုပ်ငန်းအတွက် ထိရောက်မလားဆိုပြီး လုပ်ရင်းကိုင်ရင်းနဲ့ ဒါလက်လွန်ခြေလွန်တွေဖြစ်မယ်။ နောက်သူတို့ရဲ့ လုပ်ထုံးလုပ်နည်းတွေကို စနစ်တကျ မဆောင်ရွက်တဲ့အတွက် ဖြစ်သွားတယ်လို့ အစ်ကိုတို့ထင်ပါတယ်။ ဒါကြောင့်မို့လို့လည်း ဒီရဲတပ်ဖွဲ့တွေနဲ့ ပတ်သက်တဲ့ သင်တန်းတွေ၊ အမှုစစ်သင်တန်းတွေ၊ နယ်ထိန်း သင်တန်းတွေ၊ မြို့နယ်မှူး၊ ခရိုင်မှူးသင်တန်းတွေမှာလည်း အစ်ကိုတို့ဆီက လူ့အခွင့်အရေးကော်မရှင်ကနေ အစ်ကိုတို့ကော်မရှင် ဒုတိယဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ၊ အစ်ကိုတို့ကိုယ်တိုင်လည်း သွားရောက်ပို့ချပြီးတော့ လူ့အခွင့်အရေးဘာသာရပ်ကို ဒါရှင်းလင်းပြောကြားခြင်းရှိပါတယ်။ ဒါမကြာခင်မှာပဲ ၁၀ ရက်နေ့ ဆိုလို့ရှိရင် အစ်ကိုတို့ ဇီးပင်ကြီးမှာ ရဲအရာရှိ လေ့ကျင့်ရေးကျောင်းမှာ အမှုစစ်အထူးသင်တန်း အဲဒီမှာတော့ စောစောကပြောတဲ့ အမှုစစ်အရာရှိကြီးတွေ အကုန်ပါမယ်။ အထူးသင်တန်း။ အဲဒါကိုလည်း အစ်ကိုနဲ့ ဒုတိယ ဥက္ကဋ္ဌနဲ့အတူ အစ်ကိုတို့သွားပြီးတော့ ဟောပြောပို့ချဖို့ရှိပါတယ်။ သူတို့ကိုတော့ ဒါ Knowledge ကို Share  လုပ်တဲ့ သဘောပါပဲ။

မေး - ဒီလို စတင်ပို့ချတွေကရော ကြာပြီလားခင်ဗျ။ ဘယ်တုန်းလောက်က စပြီးပို့ချတာလဲ။       

ဖြေ - စတင်ပို့ချတာကတော့  အခုပတ်ဝန်းကျင်အားဖြင့်တော့ သုံးနှစ်မပြည့်တပြည့်ပေါ့နော်။ သုံးနှစ် မပြည့်တပြည့်လောက်တော့ရှိပါတယ်။ ဆိုတော့ တကယ်တမ်းကျတော့ ဒီကာလက အင်မတန် တိုတောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရဲတပ်ဖွဲ့ဆိုတာက အခြေတည်လာတာ နှစ်ပေါင်းမြောက်မြားစွာ အခြေတည်လာတာဖြစ်တယ်။ ဆိုတော့ ဒီလောက်ကာလလေးနဲ့တော့ လုံလောက်မယ်မထင်ပါဘူး။ ဆိုတော့ အများကြီးလည်း အစ်ကိုတို့ တောက်လျှောက်ပို့ချရမှာပဲ။ သူတို့တွေလည်း တဖြည်းဖြည်းနဲ့ လူ့အခွင့်အရေးသဘောတရားတွေ လူ့အခွင့်အရေးရဲ့ အခြေခံတွေ၊ လူ့အခွင့်အရေး သဘောတရားတွေ နားလည်လာနိုင်လာတဲ့အမျှ  သူတို့တွေအနေနဲ့ ဒါတွေကို လုပ်တယ်ဆိုရင် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်။ ရှောင်ရန် ဆောင်ရန် နည်းလမ်းတွေကိုလည်း သူတို့ ဒါပိုပြီးတော့ သိရှိနားလည်မှာ ဖြစ်ပါတယ်။ ထို့အတူပဲ ဒါပြည်သူလူထုကို ကိုယ်စားပြုပြီးတော့ ဆောင်ရွက်နေရတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့အတွက် ပြည်သူလူထုအပေါ်မှာ သူတို့ဘယ်လို ကိုယ်ချင်းစာနာစိတ်၊ ဘယ်လိုနားလည်မှုနဲ့ ရှေ့ဆက်ဆောင်ရွက်မလဲဆိုတာကိုလည်း သူတို့ သဘောပေါက်လာဖို့ ကြိုးစားဆောင်ရွက်လျက် ရှိပါတယ်။

မေး - ဒီလိုမျိုး အချုပ်သားတွေ ခေါ်စစ်ရင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကြောင့် ဆရာတို့ဆီကို လာပြီးတော့ တိုင်ကြားတဲ့ အမှုတွေရော ဘယ်နှမှုလောက် ရှိမလဲဆရာ။

ဖြေ - ဒါမျိုးမှုတွေကတော့ ရှိပါတယ်။ အကြမ်းအားဖြင့်တော့ အတိအကျပြောလို့ မရသေးတောင်မှ ရှိပါတယ်။ အထူးသဖြင့် များများစားစားဖြစ်နေတာက အစ်ကိုတို့လည်း ဒါတွေ့ရတယ်ပေါ့။ ဧရာဝတီတိုင်းမှာတော့ ပိုပြီးဖြစ်တာတွေရှိပါတယ်။ အဲဒီတော့ ဒီလိုဟာလေးတွေက မကြာခဏ တရားခံကို စစ်ရင်းနဲ့ ဒီမထင်မှတ်ဘဲနဲ့ ဒီစခန်းမှာ သေဆုံးသွားတယ်။ ဒါမှမဟုတ်လည်း သူတို့စစ်ဆေးရင်းနဲ့ပဲ အဲဒါစစ်ဆေးတဲ့ အခြေအနေကြောင့် သေဆုံးရတယ်ဆိုပြီးတော့ ဒါတစ်ဖက်က စွပ်စွဲမှုနဲ့ သူတို့ဖြေရှင်းရတာတွေ ရှိပါတယ်။ ဒါရန်ကုန်တိုင်းမှာလည်း မကြာသေးခင်ကမှ ဘက်ထရီခိုးတဲ့အမှုထဲမှာ စစ်တယ်။ စစ်တော့ တရားခံကို တရားရုံးထုတ်တဲ့အချိန်မှာပဲ သေဆုံးသွားတယ်ဆိုပြီး စစ်ဆေးခဲ့ပြီးဖြစ်ပါတယ်။

မေး - ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အခုလိုမျိုး လုပ်ဆောင်တာတွေကို ပြည်သူတွေအနေနဲ့ သူတို့အပေါ်မှာ ယုံကြည်မှုတွေ အားနည်းလာတယ်ပေါ့။ အဲဒီအပေါ်မှာရော ဘယ်လိုမြင်လဲ။ ရဲတပ်ဖွဲ့အနေနဲ့ ဘာတွေလုပ်ဆောင်ဖို့သင့်လဲဆိုတာ ဆရာအနေနဲ့ အကြံပြုချက်လေး ပြောပေးပါဦး။    

ဖြေ - ရဲတပ်ဖွဲ့ကတော့ သူက သီးခြားရပ်တည်နေတဲ့ အဖွဲ့အစည်းမှ မဟုတ်တာ။ ပြည်သူတွေထဲက ပေါက်ဖွားလာတဲ့ တပ်ဖွဲ့ပါပဲ။ ရဲဆိုတာလည်း ဒါပြည်သူတွေရဲ့ သားသမီးတွေပဲ။ အကုန်လုံးက ဒါ ဆွေမျိုးတော်စပ်နေကြတာပဲ။ ဒါသူတို့နဲ့ပတ်သက်တဲ့အထဲက ရဲတပ်ဖွဲ့ဝင်တွေရှိသလို တခြားလူတွေနဲ့ ပတ်သက်တဲ့ တပ်ဖွဲ့ဝင်တွေလည်း ရှိတာပဲ။ အဲဒီတော့ ဒီထဲရောက်လာတဲ့အခါမှာ တာဝန်ကို ထမ်းဆောင်တဲ့အခါမှာ သူတို့ ဒီထမ်းဆောင်ရတဲ့ တာဝန်ဟာ သူတို့ပြည်သူလူထုအပေါ် သူတို့ ဘယ်လိုဆောင်ရွက်ရမလဲဆိုတဲ့ ကွန်ဆက်ကို သူတို့နားလည်လာဖို့လိုပါတယ်။ ဒါရဲတပ်ဖွဲ့က တကယ်တမ်းကျတော့ သူရဲ့ထမ်းဆောင်တဲ့တာဝန်တွေက လူထုကို ကာကွယ်စောင့်ရှောက်ပေးမယ်။ လူထုကို အကျိုးပြုဖို့ဖြစ်ပါတယ်။ အဲဒီတော့ ဒါကိုသူတို့သေချာ နားလည်တယ်။ သဘောပေါက်လာတယ်ဆိုရင် တဖြည်းဖြည်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လျော့ပါးသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။

မေး - ဆရာတို့တိုင်ကြားတဲ့အမှုတွေကို အထူးသဖြင့် အခုလိုမျိုးပေါ့နော် အချုပ်သားသေဆုံးတယ်ဆိုတဲ့ အမှုတွေပုံစံမျိုး ကျန်တဲ့အမှုတွေကိုရောပေါ့။ ဆရာတို့ ကွင်းဆင်းစစ်ဆေးတဲ့အခါမှာ ဘယ်လိုအခက်အခဲတွေ ရှိလဲဆိုတာ ပြောပြပေးနိုင်မလဲခင်ဗျ။        

ဖြေ - ကွင်းဆင်းစစ်ဆေးတဲ့အခါမှာတော့ သိပ်ပြီးတော့ အခက်အခဲမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီကော်မရှင်ကလည်း နိုင်ငံတော်က ဖွဲ့စည်းထားပေးတဲ့ ကော်မရှင်ဖြစ်တယ်။ ဒါကြောင့်မို့လို့ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းအစိုးရအဖွဲ့တွေရော၊ သက်ဆိုင်ရာ ဌာနအသီးသီးကရော၊ နောက်သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနတွေကရော ဒါကူညီဆောင်ရွက်ပေးတာဖြစ်ပါတယ်။ အဲဒီတော့ ဆိုလိုတာကတော့ ကွင်းဆင်းစစ်ဆေးတယ်ဆိုတာဟာလည်း အပြစ်ရှာဖို့ထက် ဖြစ်နေတဲ့အပြစ်တွေကို ရှာဖို့ အစ်ကိုတို့ သွားရောက်ခြင်းဖြစ်ပါတယ်။ ဒါကွင်းဆင်းစစ်ဆေးတယ်၊ သွားတယ်ဆိုကတည်းက ဒါအပြစ်ရှာမယ့်ဆန္ဒ အစ်ကိုတို့မှာ လုံးဝမရှိပါဘူး။ ဒါဘာကြောင့်ဖြစ်လဲ ဖြစ်နေတဲ့အဖြစ်တွေက ဘာကြောင့်ဖြစ်နေရတာလဲ။ နောင်ဒီလိုမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။ ဒါအရေးကြီးပါတယ်။ ဒီနေရာတစ်ခုတည်းမှာပဲ  ဒီတပ်ဖွဲ့ဝင်တွေကို အရေးယူလိုက်ရုံနဲ့ မပြီးပါဘူး။ နောက်ထပ်မဖြစ်ဖို့ ဘယ်လိုကာကွယ်မလဲ။ ဘာကြောင့်ဖြစ်နေလဲဆိုတဲ့ အခြေခံအကြောင်းတရားတွေ သိနေထားဖို့ လိုပါတယ်။ အဲဒီအခြေခံအကြောင်းတရားတွေကိုလည်း အစ်ကိုတို့ကလေ့လာပြီးတော့မှ အစ်ကိုတို့ ကွင်းဆင်းဆောင်ရွက်တာ ဖြစ်ပါတယ်။                            

 

Most Read

Most Recent