ချန်ပီယံဆုအတွက် အရေးပါတဲ့ထိပ်တိုက်တွေ့ဆုံမှုမှာတော့ ဘိုင်ယန်မြူးနစ်အသင်းက အသင်းလိုက်အကောင်းဆုံးဟန်ချက်ကိုပြခဲ့ပြီး ပထမအကျော့ရှုံးကြွေးကိုဆပ်နိုင်ခဲ့သလို၊ အမှတ်ပေးဇယားထိပ်ဆုံးနေရာကိုလည်း (၁)မှတ်အသာနဲ့ပြန်လည်ဦးဆောင်ခဲ့ပါတယ်။
အသင်းကြီးတွေရဲ့ထိပ်တိုက်တွေ့ဆုံမှုတွေနဲ့ ပွဲကောင်းတွေများခဲ့တဲ့ ဒီတစ်ပတ် စနေညရဲ့ပွဲကောင်းတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်အသင်းတို့ရဲ့ German Clasico မှာ ဘိုင်ယန်မြူးနစ်အသင်းက အိမ်ကွင်းမှာ (၅-၀)ဂိုးနဲ့ဂိုးပြတ်အနိုင်ရခဲ့ပြီး FA ဖလားဆီမီးဖိုင်နယ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်စီးတီး - ဘရိုက်တန်ပွဲစဉ်မှာတော့ မန်စီးတီးက (၁-၀)ဂိုးနဲ့ အနိုင်ယူကာ ဗိုလ်လုပွဲတက်ခဲ့ပါတယ်။
ချန်ပီယံဆုအတွက် အရေးပါတဲ့ထိပ်တိုက်တွေ့ဆုံမှုမှာတော့ ဘိုင်ယန်မြူးနစ်အသင်းက အသင်းလိုက်အကောင်းဆုံးဟန်ချက်ကိုပြခဲ့ပြီး ပထမအကျော့ရှုံးကြွေးကိုဆပ်နိုင်ခဲ့သလို၊ အမှတ်ပေးဇယားထိပ်ဆုံးနေရာကိုလည်း (၁)မှတ်အသာနဲ့ပြန်လည်ဦးဆောင်ခဲ့ပါတယ်။
ပုံစံကောင်းရနေလို့ ဒီပွဲစဉ်မှာ အသာရဖို့ရေပန်းစားနေတဲ့ ဒေါ့မွန်အသင်းကတော့ အလိုင်းယန့်ဇ်အရီနာမှာ ဘိုင်ယန်မြူးနစ်ကို မယှဉ်နိုင်ခဲ့ပါဘူး။
ဒီနေ့ပွဲမှာ ဒေါ့မွန်အသင်းရဲ့စိတ်ပျက်စရာကစားပုံကို တွေ့ခဲ့ရပြီး၊ အသင်းရဲ့အားသာချက်ဖြစ်တဲ့ ကွင်းလယ်နဲ့တောင်ပံတိုက်စစ်တွေကလည်း အလုပ်မဖြစ်ခဲ့ပါဘူး။
ဘိုင်ယန်မြူးနစ်ကတော့ အိမ်ကွင်းမှာ စနစ်တကျပြင်ဆင်လာခဲ့ပြီး အထနှေးတဲ့ ဒေါ့မွန်ခံစစ်ကို တစ်ချက်ကောင်းတွေနဲ့ ဒုက္ခပေးသွားခဲ့တာပါ။
လူငယ်တွေအများစုနဲ့ ဒေါ့မွန်အတွက်ချန်ပီယံဖိအားကို ရာသီကုန်အထိတောင့်ခံနိုင်ဖို့လိုအပ်သေးတယ်ဆိုတာကို ပြသလိုက်တဲ့ပွဲတစ်ပွဲဆိုရင်လည်းမမှားပါဘူး။
လီဝန်ဒေါစကီး၊ မူလာ၊ နာဘရီ၊ ကိုးမန်းတို့နဲ့ဘိုင်ယန်မြူးနစ်ရဲ့တိုက်စစ်စုဖွဲ့မှုက ပစ်ချက်၊ အကန်ဂျာ၊ ဒီယာလို၊ ဇာကာဒူတို့ရဲ့ ဒေါ့မွန်ခံစစ်ကို ထောင့်ပေါင်းစုံကထိုးနှက်နိုင်ခဲ့ပါတယ်။
ပွဲချိန် (၁၀)မိနစ်မှာပဲ ဘိုင်ယန်မြူးနစ်အသင်းအဖွင့်ဂိုးစရခဲ့ပြီး ထောင့်ကန်ဘောကနေ သီယာဂို ပေးပို့တာကို နောက်ခံလူ ဟမ်းမဲလ်က ခေါင်းတိုက်သွင်းယူသွားခဲ့တာပါ။
ဂိုးရပြီးချိန်မှာ ဒေါ့မွန်တို့ချေပဂိုးအတွက်ကြိုးစားခဲ့ပေမယ့် တကယ်တမ်းကစားကွက်စီးနေတာက ဘိုင်ယန်မြူးနစ်ပါပဲ။
ပွဲချိန် (၁၇)မိနစ်မှာ ဒေါ့မွန်နောက်ခံလူရဲ့ အမှားကနေ ဘိုင်ယန်မြူးနစ်ဒုတိယဂိုးရရှိခဲ့ပြီး လီဝန်ဒေါစကီးက လှလှပပကန်သွင်းယူသွားခဲ့တာပါ။
(၂)ဂိုးပြတ်ပြီးချိန်မှာ ဒေါ့မွန်ရဲ့ကစားပုံနဲ့ စိတ်ဓာတ်ပိုင်းပါ ပျက်ယွင်းသွားခဲ့တာတွေ့ရပြီး ကစားသမားတွေရဲ့ခြေစွမ်းကအစအမှားတွေများလာခဲ့တာ တွေ့ရပါတယ်။
ပွဲချိန် (၄၁)မိနစ်မှာ မာတီနက်ဇ်က ဘိုင်ယန်မြူးနစ်အတွက် တတိယဂိုးကိုသွင်းယူပြီးချိန်မှာတော့ အနိုင်၊ အရှုံးရလဒ်အတွက် အဖြေထွက်သလောက်ဖြစ်သွားခဲ့ပါပြီ။
ဆက်တိုက်ဆိုသလို ပွဲချိန် (၄၃)မိနစ်မှာ မူလာရဲ့ပေးပို့မှုကနေ နာဘရီက ဘိုင်ယန်မြူးနစ်အသင်းအတွက် စတုတ္ထဂိုးကိုသွင်းယူပေးခဲ့ပြီး ပထမပိုင်းမှာပဲ ဘိုင်ယန်မြူးနစ်က (၄-၀)ဂိုးနဲ့ဦးဆောင်နိုင်ခဲ့တာပါ။
ဒုတိယပိုင်းမှာ ဒေါ့မွန်အသင်းချေပဂိုးအတွက်ကြိုးစားလာခဲ့ပေမယ့် ယုံကြည်မှုတည်ဆောက်ထားနိုင်တဲ့ ဘိုင်ယန်မြူးနစ်ရဲ့ ကစားကွက်ကိုကျော်ဖြတ်ဖို့ခက်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်ကိုပွဲကိုထိန်းကစားနေခဲ့ပြီး ဒေါ့မွန်အသင်းဘက်ကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိကစားထားခဲ့တာပါ။
ဒေါ့မွန်အသင်းချေပဂိုးအတွက်အခွင့်အရေးတချို့ရခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်ခံစစ်ပိုင်းနဲ့ ဂိုးသမားနော်ယာတို့အတွက် ဖိအားမဖြစ်ခဲ့ပါဘူး။
ဘိုင်ယန်မြူးနစ်အသင်းအတွက် နောက်ဆုံးဂိုးကိုတော့ ပွဲချိန် (၈၉)မိနစ်မှာ နာဘရီရဲ့ပေးပို့မှုကနေ လီဝန်ဒေါစကီးက ဒီရာသီသူ့ရဲ့ (၂၁)ဂိုးမြောက်ဘွန်ဒစ်လီဂါသွင်းဂိုးအဖြစ်သွင်းယူသွားခဲ့ပြီး ပွဲအပြီးမှာ ဒေါ့မွန်ကို (၅) ဂိုးပြတ်အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ FA ဖလားဆီမီးဖိုင်နယ်ပထမပွဲစဉ်မှာတော့ မန်စီးတီးအသင်းက ဘရိုက်တန်အသင်းကို တိုက်စစ်မှူး ဂျေးဆူရဲ့တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ချန်ပီယံဆုအတွက် ရေပန်းစားတဲ့အသင်းပီပီ မန်စီးတီးအသင်းဒီနေ့ပွဲကိုလည်း အဓိကကစားသမားအစုံအလင်နဲ့ ပွဲထွက်စေခဲ့ပြီး၊ ဘရိုက်တန်အသင်းရဲ့ကစားအားနဲ့ ခံစစ်မာကျောမှုကြောင့်သာ (၁-၀)ဂိုးနဲ့ကျေနပ်ခဲ့ရတာပါ။
ပွဲအစ (၄)မိနစ်မှာပဲ မန်စီးတီးအနိုင်ဂိုးရသွားခဲ့ပြီး ဒီဘရိုင်းနားရဲ့လှပသေသပ်တဲ့ဖြတ်တင်ဘောက ဂိုးစည်းထဲပြေးတက်လာခဲ့တဲ့ ဂျေးဆူက ခေါင်းတိုက်ပိတ်သွင်းယူခဲ့တာပါ။
ဂိုးရပြီးချိန်မှာ မန်စီးတီးအသင်းနောက်ထပ်ဂိုးတွေအတွက်ကြိုးစားခဲ့ပေမယ့် ဘရိုက်တန်အသင်းရဲ့တုံ့ပြန်မှုတွေက မန်စီးတီးအတွက် အခက်အခဲဖြစ်စေခဲ့တာ အမှန်ပါပဲ။
မန်စီးတီးအသင်းအတွက် လွယ်ကူတဲ့ပွဲတစ်ပွဲဖြစ်မယ်လို့ သုံးသပ်မှုတွေရှိခဲ့ပေမယ့် FA ဖလားရဲ့ဆီမီးဖိုင်နယ်ပွဲစဉ်ပြီပြီး ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။
ပထမပိုင်း (၄)မိနစ်မှာရရှိခဲ့တဲ့ ဂျေးဆူးရဲ့ဂိုးကပဲ မန်စီးတီးအတွက်ဗိုလ်လုပွဲရောက်ဖို့လုံလောက်ခဲ့ပြီး လက်ကျန်မိနစ်မှာရရှိခဲ့တဲ့ အခွင့်အရေးတွေကို နှစ်သင်းစလုံးဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့လို့ ဂိုးတွေထပ်မမြင်ခဲ့ရတော့ပါဘူး။
မန်စီးတီးအသင်းကတော့ အင်္ဂလန်ဘောလုံးသမိုင်းမှာ တစ်ရာသီအတွင်း လိဂ်ဖလားနဲ့ FA ဖလားကိုဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တဲ့ (၉)သင်းမြောက်အသင်းဖြစ်လာခဲ့သလို၊ တစ်ရာသီအတွင်း ဆုဖလား (၄)လုံးအိပ်မက်ကလည်း တဖြည်းဖြည်းနဲ့ အကောင်အထည် ပေါ်လာပြီလို့ ဆိုရမှာပါ။
■ ယနေ့ကစားသည့်ပွဲစဉ်များ ရလဒ်
ပရီးမီးယားလိဂ်
ဘုန်းမောက် ၁-၃ ဘန်လေ
ဟတ်ဒါဖီးလ် ၁-၄ လက်စတာ
နယူးကာဆယ် ၀-၁ ခရစ္စတယ်ပဲလေ့စ်
FA ဖလား (ဆီမီးဖိုင်နယ်)
မန်စီးတီး ၁-၀ ဘရိုက်တန်
လာလီဂါ
ဟီရိုနာ ၁-၂ အက်စ်ပန်ညို
ရီးယဲလ်မက်ဒရစ် ၂-၁ အီဘာ
ဗယ်လက်ကာနို ၂-၀ ဗလင်စီယာ
စီးရီးအေ
ပါးမား ၀-၀ တိုရီနို
ဂျူဗင်တပ်စ် ၂-၁ အေစီမီလန်
ဘွန်ဒစ်လီဂါ
ရှော်လ်ကေး ၁-၂ ဖရန့်ဖတ်
လေဗာကူဆင် ၂-၄ လိုက်ပ်ဇစ်
စတုဂတ် ၁-၁ နုရင်ဘတ်
ဟာသာဘာလင် ၁-၂ ဒစ်ဆယ်ဒေါ့ဖ်
ဝုလ်ဖ်ဘတ် ၃-၁ ဟန်နိုဗာ
ဘိုင်ယန်မြူးနစ် ၅-၀ ဒေါ့မွန်
လီဂူး
လိုင်ယွန် ၁-၃ ဒီယွန်း
လိဂ်ချန်ပီယံရှစ်
နောဝစ်ချ် ၄-၀ QPR
ဘာမင်ဂမ် ၁-၀ လိဒ်စ်
ဘလက်ဘန်း ၀-၁ စတုတ်စီးတီး
ဘော်လ်တန် ၁-၂ အစ်ဝစ်ချ်
ဘရန့်ဖို့ဒ် ၃-၃ ဒါဘီ
ဘရစ္စတိုးလ်စီးတီး ၂-၂ ဝီဂန်
ဟားလ်စီးတီး ၃-၁ ရက်ဒင်း
မီဝေါလ် ၂-၀ ဝက်စ်ဘရွန်း
ပရက်စတန် ၀-၁ ရှက်ဖီးယူနိုက်တက်
ရော့သာဟမ် ၂-၁ နော်တင်ဟမ်
ရှက်ဖီးဝင်းစ်ဒေး ၁-၃ အက်စတွန်ဗီလာ
ဆွမ်ဆီး ၃-၁ မစ်ဒယ်ဘရော့