အာဆီယံနိုင်ငံများထုတ်လုပ်မှု PMI ညွှန်းကိန်း၏ အဆင့် ၁ နေရာတွင် မြန်မာနိုင်ငံ နှစ်လဆက်တိုက် ရပ်တည်နိုင်ခဲ့ပြီး ဝယ်လိုအားကောင်းမွန်လာမှုကြောင့် မြန်မာစက်မှုကုန်ထုတ်လုပ်ငန်းများ တိုးတက်နှုန်းမြင့်မားနေ

အာဆီယံနိုင်ငံများထုတ်လုပ်မှု PMI ညွှန်းကိန်း၏ အဆင့် ၁ နေရာတွင် မြန်မာနိုင်ငံ နှစ်လဆက်တိုက် ရပ်တည်နိုင်ခဲ့ပြီး ဝယ်လိုအားကောင်းမွန်လာမှုကြောင့် မြန်မာစက်မှုကုန်ထုတ်လုပ်ငန်းများ တိုးတက်နှုန်းမြင့်မားနေ
ရန်ကုန်မြို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသည့် ကုန်ထုတ်လုပ်မှုစက်ရုံတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်မြို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသည့် ကုန်ထုတ်လုပ်မှုစက်ရုံတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 4 April 2019
စည်သူအောင်

ထုတ်လုပ်မှု PMI ညွှန်းကိန်း (Manufacturing Purchasing Manager’s Index -ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း) တွင် ခုနစ်နိုင်ငံအနက် မြန်မာနိုင်ငံက ထိပ်ဆုံးနေရာတွင် နှစ်လဆက်တိုက် ရပ်တည်နိုင်ခဲ့ပြီး ဝယ်လိုအားကောင်းမွန်မှုကြောင့် မြန်မာစက်မှုကုန်ထုတ်လုပ်ငန်းများ ခိုင်မာသောနှုန်းဖြင့် ဆက်လက်တိုးတက်လာကြောင်း Nikkei ၏ ပံ့ပိုးမှုဖြင့်ပြုလုပ်သော HIS Markit စစ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။

၂၀၁၉ ခုနှစ် မတ်လ အာဆီယံထုတ်လုပ်မှု PMI ညွှန်းကိန်းတွင် မြန်မာနိုင်ငံက ၅၂ ဒသမ ၄၊ ဗီယက်နမ်နိုင်ငံက ၅၁ ဒသမ ၉၊ ဖိလစ်ပိုင်နိုင်ငံက ၅၁ ဒသမ ၅၊ အင်ဒိုနီးရှားနိုင်ငံက ၅၁ ဒသမ ၂၊ ထိုင်းနိုင်ငံက ၅၀ ဒသမ ၃၊ စင်ကာပူနိုင်ငံက ၄၇ ဒသမ ၇၊ မလေးရှား နိုင်ငံက ၄၇ ဒသမ ၂  ရရှိခဲ့သည်။ အဆိုပါစာရင်းတွင် မြန်မာနိုင်ငံသည် အောက်ဆုံးအဆင့်၌ ၂၀၁၈ ခုနှစ် ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ သုံးလဆက်တိုက်ရောက်ရှိခဲ့ပြီး နိုဝင်ဘာမှ စတင်ကာ အဆင့် ၃ နေရာ၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီမှစတင်ကာ အဆင့် ၁ နေရာသို့ မြင့်တက်ခဲ့ခြင်းဖြစ်ကာ မတ်လတွင်လည်း ယင်းနေရာတွင် ဆက်လက်ရပ်တည်ခဲ့သည်။

၂၀၁၈ ခုနှစ် မတ်၊ ဧပြီ အာဆီယံနိုင်ငံများထုတ်လုပ်မှု PMI ညွှန်းကိန်းတွင် နှစ်လဆက်တိုက် ထိပ်ဆုံး၌ရပ်တည်ခဲ့သော မြန်မာနိုင်ငံသည် စီးပွားရေးအရှိန်ပျော့လာခြင်းကြောင့် မေတွင် အဆင့် ၄၊ ဇွန်တွင် အဆင့် ၆၊ ဇူလိုင်လမှစတင်ကာ စက်တင်ဘာလ အထိ အဆင့် ၇၊ အောက်တိုဘာတွင် အဆင့် ၆၊ နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ဇန်နဝါရီတွင် အဆင့် ၃ နေရာသို့ရောက်ရှိခဲ့ကာ ဖေဖော်ဝါရီနှင့် မတ်တွင် အဆင့် ၁ နေရာသို့ ပြန်ရောက်လာခြင်း ဖြစ်သည်။

ယခုစစ်တမ်းတွင် ပါဝင်သော နိုင်ငံပေါင်းခုနစ်နိုင်ငံအနက် ငါးနိုင်ငံမှာ မတ်လအတွင်း ကုန်ထုတ်လုပ်ရေးအခြေအနေများ တိုးတက်လာသော်လည်း ကျန်နိုင်ငံများမှာ ကုန်ထုတ်လုပ်ရေးကဏ္ဍ အခြေအနေများ နှေးကွေးကျဆင်းနေကြောင်း အချက်ပြနေသည်။ မြန်မာနိုင်ငံသည် ငွေကြေးဖောင်းပွမှု ဖိအားများ အားပျော့လာခဲ့၍ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ အောက်တိုဘာလ၏ ကျဆင်းမှုမှနေပြီး ပြန်လည်ဦးမော့လာနိုင်ခဲ့ခြင်းဖြင့် လေးလမြောက်တွင် ထိပ်ဆုံးနေရာသို့ ပြန်လည်တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

မတ်လဒေတာမှ မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်း လုပ်ငန်းလည်ပတ်မှု အခြေအနေ အသင့်အတင့်တိုးတက်မှုရှိလာကြောင်း အချက်ပြခဲ့ပြီး အညွှန်းကိန်းသည် ဖေဖော်ဝါရီလကထက် မသိမသာနိမ့် ကျသွားခဲ့သော်လည်း မြင့်မားသည့်နှုန်းထား ဖြစ်နေဆဲဖြစ်သည်။ ဘက်စုံတိုးတက်မှုကို ထုတ်လုပ်မှု၊ အော်ဒါသစ်များနှင့် အလုပ်နေရာများ ဆက်လက်ဦးမော့နေခြင်းက ပံ့ပိုးပေးခဲ့သည်။ ကုမ္ပဏီများက ထုတ်လုပ်ရေးလိုအပ်ချက်များ မြင့်တက်လာကြောင်း အစီရင်ခံလာခဲ့သဖြင့် အလုပ်နေရာသစ်ဖန်တီးမှုနှုန်းမှာ ၁၂ လအတွင်း အမြင့်ဆုံးဖြစ်ခဲ့သည်။

လက်ရှိတိုးတက်မှုဖြစ်စဉ်သည် ငါးလဆက်တိုက်ဖြစ်လာပြီး တိုးတက်မှုနှုန်းခိုင်မာဆဲ ဖြစ်သည်။ စျေးဝယ်များလက်မှ ဝယ်လိုအားကောင်းလာပြီး အလုပ်သစ်များဆက် လက်တိုးလာခဲ့ခြင်းကြောင့် ထုတ်လုပ်မှုတိုး လာရေးကို ပံ့ပိုးပေးနိုင်ခဲ့ကြောင်း ပါဝင်ဖြေကြားသူတို့က ဆိုသည်။ အော်ဒါသစ်များသည် မတ်လတွင်ပိုတိုးခဲ့ပြီး ကုန်ထုတ်လုပ်ရေးကုမ္ပဏီများက အလုပ်သစ်များဦးမော့လာမှုသည် မြန်မာနိုင်ငံတစ်ဝန်းမှ ဝယ်လိုအားအခြေအနေများ ကောင်းလာမှုကြောင့် ဖြစ်သည်ဟု ထောက်ပြကြသည်။           

Most Read

Most Recent