“အချင်းချင်း ရန်သူတွေလို့ မမြင်ပါဘူး” - အောင်လအန်ဆန်

“အချင်းချင်း ရန်သူတွေလို့ မမြင်ပါဘူး” - အောင်လအန်ဆန်
Published 30 March 2019

မြန်မာ MMA ကစားသမား အောင်လအန်ဆန်သည် မတ် ၃၁ ရက်တွင် ဂျပန်နိုင်ငံသား ဟဆဲဂါ၀ါနှင့် မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ပြီး ယင်းပွဲအကြို ဂျပန်နိုင်ငံ၌ မြန်မာမီဒီယာများနှင့် တွေ့ဆုံမှုတွင် အောင်လအန်ဆန်၏ ပြောကြားမှုများကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

- ဟဆဲဂါ၀ါနဲ့ပွဲအတွက် ဘယ်လိုပြင်ဆင်ထားသလဲ။

ဖြေ - ဒီပြိုင်ပွဲက ကျွန်တော့်ရဲ့ပထမဦးဆုံး ပြည်ပနိုင်ငံမှာ ခါးပတ်ကာကွယ်မယ့်ပွဲဖြစ်တယ်ဆိုတော့ ဒီပွဲအတွက် ကျွန်တော် အရမ်းကြိုးစားထားတယ်။ အောင်မြင်မှုရရှိအောင် နေ့ရောညပါ လေ့ကျင့်မှုတွေလုပ်ထားတယ်။ အရင်ပွဲတွေတုန်းက Camp မှာ ခြောက်ပတ်လောက်ပဲနေတယ်။ အခုကျ Camp မှာ ၁၂ ပတ်လောက် အချိန်ယူထားတယ်။

- မြန်မာပြည်မှာရှိတဲ့ ပရိသတ်တွေက သေချာပေါက်နိုင်မှာ အောင်လအန်ဆန် တစ်ယောက်ပဲရှိတယ်ဆိုပြီး ပြောကြတယ်။ အဲဒီအပေါ် ဘာပြောချင်လဲ။

ဖြေ - ကျေးဇူးတင်ပါတယ် (ရယ်လျက်)။ နိုင်ဖို့ဆိုပြီး ကျွန်တော် ကောင်းကောင်းပြင်ဆင်ထားတယ်။ ကျွန်တော့်ရဲ့ အကောင်းဆုံးပွဲဖြစ်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ဆီမှာ Momentum ဆိုတာရှိတယ်။ နိုင်ပွဲရတိုင်း ပျော်တယ်ဆိုပေမဲ့ နည်းနည်းပိုလိုချင်တယ်။ ကမ္ဘာမှာ အကောင်းဆုံးဖြစ်ချင်တဲ့စိတ် ရှိသေးတယ်ဆိုတော့ အခုအထိ အကောင်းဆုံး ပြင်ဆင်ထားတယ်။

- ပြိုင်ဘက်ဟဆဲဂါ၀ါက သူ့မြေမှာဆိုတော့ ပရိသတ်အားရှိပြီး နိုင်ပွဲရမယ်လို့ ယုံကြည်မှုပြင်းထန်နေတယ်။ အဲဒီအပေါ် ဘာများပြောချင်သေးလဲ။

ဖြေ - ကျွန်တော် ဂရုမစိုက်ပါဘူး။ သူဘယ်လိုမျိုးစိတ်ရှိလဲဆိုတာ ဂရုမစိုက်ဘူး။ ပြိုင်ပွဲဆီရောက်ပြီဆိုတာနဲ့ ပရိသတ်အသံကို ကျွန်တော်မကြားရတော့ဘူး။ သူနဲ့ ကျွန်တော်ပဲ ကစားရမှာလေ။ ပြည်ပပွဲတွေထိုးသတ်လာတာ ကျွန်တော် ၁၀ နှစ်ကျော်ရှိပြီ။ ဒါက ကျွန်တော့်အတွက် အဆန်းမဟုတ်ပါဘူး။

- ဂျပန်နိုင်ငံမှာ လာအားပေးမယ့် ပရိသတ်တွေကို ဘာပြောချင်လဲ။

ဖြေ - ကွင်းထဲအထိ လာအားပေးမယ့် ပရိသတ်တွေကို ပြောချင်တာက ကျွန်တော်ထွက်လာတဲ့ အခါကျရင် သီချင်းအကျယ်ကြီးဆိုပေးပါလို့ ပြောချင်ပါတယ်။ ကျွန်တော့်ကို ဒီလိုမျိုးအားပေးတဲ့အတွက် ကျေးဇူးတင်တယ်၊ အရမ်းလည်းချစ်တယ်။ အလုပ်နဲ့ အဆင်မပြေလို့ လာအားမပေးနိုင်ဘူးဆိုလည်း တီဗွီကနေကြည့်ပါလို့ ပြောချင်ပါတယ်။

- အောင်လနဲ့ ဟဆဲဂါ၀ါက ကောင်းမွန်တဲ့ဆက်ဆံရေးရှိတာတွေ့ရပါတယ်။ ဒီတော့ အဲဒီဆက်ဆံရေးကြောင့် ပြိုင်ပွဲဝင်တဲ့အခါမှာ အနှောင့်အယှက်ဖြစ်နိုင်သလား။

ဖြေ -  မရှိပါဘူး။ အချင်းချင်းရန်သူတွေလို့ မမြင်ပါဘူး။ ကျွန်တော်တို့အားကစားနည်းက ကြမ်းတမ်းတဲ့ ကစားနည်းဖြစ်ပါတယ်။ ဒါပေမဲ့ ပွဲပြီးတာနဲ့ သူငယ်ချင်းတွေလို ဆက်ဆံလို့ရပါတယ်။ သူတောင်မှ ဒီပွဲပြီးရင် ဆူရှီသွားစားရအောင်လို့ ကျွန်တော့်ကို ပြောတယ်(ရယ်လျက်)။

 

Most Read

Most Recent