ဂီတာဖေး နှင့် လီဟာနက်စ် (စနေညနေ ၆း၃၀ နာရီ)
ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် အကြိတ်အနယ်ပို ရှိလာတဲ့အချိန်မှာ ဂီတာဖေးအိမ်ကွင်းမှာအမှားမရှိအောင် ကြိုးစားပါလိမ့်မယ်။ လီဟာနက်စ်က အဝေးကွင်းအားနည်းတတ်လို့ အိမ်ရှင်ဂီတာဖေးကိုပဲ ရွေးထားရမယ်ထင်တယ်။ ဂိုးနည်းမယ်။
ဘာစီလိုနာ နှင့် အက်စ်ပန်ညို (စနေည ၉း၄၅ နာရီ)
ဘာစီလိုနာတိုက်စစ်မှာ မက်ဆီ၊ ဆွာရက်ဇ်၊ ဒမ်ဘီလီတို့ (၃)ဦးစလုံး ဒဏ်ရာရရှိနေကြလို့ ဒီပွဲမှာ ဘာစီလိုနာတိုက်စစ်ပွဲထွက်စာရင်း အပြောင်းအလဲရှိမှာသေချာတယ်။ လက်ရှိ အက်စ်ပန်ညိုရဲ့ခြေစွမ်းအရ ဘာစီလိုနာအတွက်သိပ်စိုးရိမ်စရာမရှိပေမယ့် ဘာစီလိုနာဂိုးတွေ အများကြီးသွင်းပြနိုင်ဖို့တော့ မျှော်လင့်လို့ မရဘူး။ ဘာစီလိုနာ ဂိုးနည်းနည်းနဲ့ ကပ်နိုင်လိမ့်မယ်။
ဆယ်လ်တာဗီဂို နှင့် ဗီလာရီးယဲလ် (စနေည ၁၂းဝ၀ နာရီ)
တန်းဆင်းဇုန်နဲ့ လွတ်အောင်ကစားနေရတဲ့ ဒီ(၂)သင်းရဲ့ပွဲက စိတ်ဝင်စားစရာပါပဲ။ ဆယ်လ်တာဗီဂို အိမ်ရှင်အခွင့်အရေးရှိနေပေမယ့်လည်း ဗီလာရီးယဲလ်ရဲ့ ခုနောက်ပိုင်းတည်ငြိမ်လာတဲ့ ကစားပုံကြောင့် ဆယ်လ်တာဗီဂိုအတွက် ကစားရခက်မယ့်ပွဲ မျိုးလို့ထင်တယ်။ နှစ်သင်းစလုံးအမှားမရှိအောင် ထိန်းကစားဖို့ များနေလို့ ဂိုးနည်းသရေပွဲလို့ပဲ မှန်းထားချင်တယ်။
အလာဗတ်စ် နှင့် အက်သလက်တီကို (တနင်္ဂနွေနံနက် ၂း၁၅ နာရီ)
ရီးယဲလ်မက်ဒရစ်နဲ့ (၂)မှတ်ပဲကွာနေတဲ့အနေအထားက အက်သလက်တီကိုအတွက် အဆင့် (၂)နေရာမြဲဖို့ ထပ်ပြီးကြိုး စားပြရဦးမယ့်ပုံပါပဲ။ လာလီဂါတစ်ခုတည်းကိုပဲ အာရုံစိုက်ခွင့်ကျန်တော့တာက အက်သလက်တီကိုအတွက် အားသာမှုလို့ ပြောနိုင်ပေမယ့်လည်း အခုရင်ဆိုင်ရမှာက အလာဗတ်စ်ဆိုတော့ အက်သလက်တီကိုအတွက် စိန်ခေါ်မှုရှိနေတာအမှန်ပဲ။ အလာဗတ်စ်ကလည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆင့်(၄)နေရာက ဂီတာဖေးထက် (၂)မှတ်သာလျော့နေလို့ မျှော်လင့်ချက်အပြည့်နဲ့ ကစားနေတဲ့အသင်းဖြစ်တယ်။ အခုနောက်ပိုင်း ကစားပုံလည်း အားကောင်းနေပြီး ရီးယဲလ်မက်ဒရစ်ကို ရှုံးခဲ့တဲ့ ပွဲစဉ် (၂၂)နောက်ပိုင်းမှာ ရှုံးပွဲမရှိအောင် တောက်လျှောက်ကစားပြထားနိုင်တယ်။ အလာဗတ်စ်ရဲ့အဓိကအားကလည်း အိမ်ကွင်းဖြစ်ပြီး အိမ်ကွင်းမှာဆို ကစားပုံက ပိုမာကျောကျစ်လျစ်တယ်။ အက်သလက်တီကိုကတော့ တိုက်စစ်ကစားသမားတွေ လူစုံလာပေမယ့် ကစားပုံကပုံမှန်မဟုတ်သေးဘူး။ အလာဗတ်စ်က ခံစစ်ကိုပိုသတိထားကစားနိုင်လို့လည်း အက်သလက်တီကိုရဲ့ဟန်ချက် ပျက်တိုက်စစ်အတွက် စိုးရိမ်စရာပါ။ အိမ်ကွင်းလည်းဖြစ်တဲ့ အလာဗတ်စ်နဲ့ ဂိုးအနည်းကိုပဲ ရွေးထားကြည့်ချင်တယ်။