မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု သုံးနှှစ်ပြည့်အထိမ်းအမှတ် အခမ်းအနား နေပြည်တော်၌ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီးဦးကျော်တင် တက်ရောက်

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု သုံးနှှစ်ပြည့်အထိမ်းအမှတ် အခမ်းအနား နေပြည်တော်၌ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီးဦးကျော်တင် တက်ရောက်
ပြည်ထောင်စုဝန်ကြီးဦးကျော်တင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသုံးနှှစ်ပြည့်အထိမ်းအမှတ် အခမ်းအနား၌ အဖွင့်အမှာစကား ပြောကြားနေစဉ် (ဓာတ်ပုံ-MOFA)
ပြည်ထောင်စုဝန်ကြီးဦးကျော်တင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသုံးနှှစ်ပြည့်အထိမ်းအမှတ် အခမ်းအနား၌ အဖွင့်အမှာစကား ပြောကြားနေစဉ် (ဓာတ်ပုံ-MOFA)
Published 28 March 2019

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ သုံးနှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် ဓာတ်ပုံနှင့် ပန်းချီပြပွဲကို ၂၀၁၉ ခုနှစ် မတ် ၂၆ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC – 2 ) ၌ကျင်းပခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါအခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများဖြစ်သော တရုတ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ သံရုံးများမှ သံအမတ်ကြီး၊ သံရုံးအကြီးအကဲများနှင့် သံတမန်များ၊ ဖိတ်ကြားထားသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လှုပ်ရှားမှုဓာတ်ပုံနှင့် ပန်းချီပြပွဲအခမ်းအနားအား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံ ခြောက်နိုင်ငံမှ သံအမတ်ကြီး၊ သံရုံးအကြီးအကဲများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများသည် ဓါတ်ပုံနှင့် ပန်းချီပြပွဲကို လှည့်လည်ကြည့်ရှုကြကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့နောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု သုံးနှစ်ပြည့် အထိမ်းအမှတ် ဧည့်ခံပွဲအား ဆက်လက်ကျင်းပရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က အဖွင့်အမှာစကား ပြောကြားခဲ့ရာတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ယန္တရားတစ်ရပ် ထူထောင်ရေးကိစ္စကို ၂၀၁၄ ခုနှစ်တွင် နေပြည်တော်၌ ကျင်းပသည့် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးတွင် စတင်အဆိုပြုခဲ့ပြီး ၂၀၁၆ ခုနှစ်၊ မတ် ၂၃ ရက်တွင် တရုတ်နိုင်ငံ၊ ဆန်းယမြို့၌ ကျင်းပခဲ့သော ပထမအကြိမ် မဲခေါင်-လန်ချန်း နိုင်ငံခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးမှ တရားဝင် စတင်တည်ထောင်ခဲ့ကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ပြည်သူတို့အကြား အသိပညာ ပြန့်ပွားစေရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ သုံးနှစ်ပြည့် အခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ မဏ္ဍိုင်သုံးခုဖြစ်သည့် နိုင်ငံရေးနှင့် လုံခြုံရေးမဏ္ဍိုင်၊ စီးပွားရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးမဏ္ဍိုင်၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံရေးမဏ္ဍိုင်တို့အောက်တွင် ပူးပေါင်းဆောင်ရွက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံက အထူးရန်ပုံငွေများ ထူထောင်ပေးထားပြီး၊ ဦးစားပေး နယ်ပယ်ငါးခုဖြစ်သည့် ပေါင်းစည်းဆက်နွယ်မှု၊ ထုတ်လုပ်မှုစွမ်းရည်တိုးမြှင့်ရေး၊ နယ်စပ်ဖြတ်ကျော် စီးပွားရေး၊ ရေအရင်းအမြစ်၊ စိုက်ပျိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များအောက်မှ စီမံကိန်းများအတွက် ကူညီပံ့ပိုး ပေးလျက်ရှိပါကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် မဲခေါင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများအား အထောက်အကူပြုစေလျက်ရှိကြောင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ အနေဖြင့် ယင်းအစီအစဉ်အောက်မှ ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း အဆိုပြုချက်များ တင် သွင်းနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က အသိပေးပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်မှုတွင် ပါရှိသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးမစ္စတာ ဟုန်လျန်ကလည်း မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်၍ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှစ်ပတ်လည် အထိမ်းအမှတ် ဗီဒီယိုမှတ်တမ်းအား ပြသခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား ညစာဖြင့် တည်ခင်းဧည့်ခံစဉ် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)မှ မြန်မာ့ရိုးရာ အကများနှင့် မဲခေါင်နိုင်ငံများမှ အကနှင့် တေးသီချင်းများဖြင့် တင်ဆက်ဖျော်ဖြေခဲ့ကြောင်း သိရသည်။

Most Read

Most Recent