အလှမယ်တစ်ယောက်အဖြစ် ပရိသတ်တွေအားပေးမှုကနေ သရုပ်ဆောင်အနုပညာအလုပ်တွေကို လုပ်ကိုင်းရင်း ပရိသတ်တွေရဲ့အချစ်ကို ပိုပြီးရရှိပိုင်ဆိုင်လာသူတစ်ဦးကတော့ ခင်ဝင့်ဝါပါ။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ‘လှပ်၍ လွင့်သော’ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း မတ် ၂၂ ရက်ကစပြီး မြန်မာနိုင်ငံတစ်ဝန်းမှာ ရုံတင်ပြသတော့မှာပါ။ အဲဒီဇာတ်ကားရဲ့ ဇာတ်ဝင်ခန်း ရိုက်ကူးမှုတွေကို အွန်လိုင်းပေါ်တင်ခဲ့ချိန်မှာလည်း ပရိသတ်တွေက ခင်ဝင့်ဝါရဲ့ ကြိုးစားမှုကိုအသိအမှတ်ပြုကြတဲ့အတွက် ဇာတ်ကားနဲ့ ပတ်သက်ပြီး ခင်ဝင့်ဝါရဲ့ကြိုးစားအားထုတ်မှုနဲ့ အတွေ့အကြုံတွေအပြင် သူ့ရဲ့ အနုပညာခြေလှမ်းတွေအကြောင်းကို မေးမြန်းဖြစ်ခဲ့ပါတယ် . . . .
■မေး - လှပ်၍ လွင့်သော ဇာတ်ကားကို လက်ခံရိုက်ကူးဖြစ်ခဲ့တာလေးကို အရင်ပြောပြပေးပါ။
■ ဖြေ - ဒါရိုက်တာ ကိုဝိုင်းရဲ့ မန်နေဂျာ ဦးနိုင်ကြီးကနေပြီး ရုပ်ရှင်ဇာတ်ကားကြီးရိုက်ဖို့အတွက် ဖုန်းအရင်ဆက်တယ်။ အရင်ကတည်းကလည်း ညီမအနေနဲ့ ဒါရိုက်တာ ကိုဝိုင်းနဲ့ အရမ်းရိုက်ချင်တဲ့စိတ်လေးလည်း ရှိတယ်။ ကိုဝိုင်းနဲ့ရိုက်ရမယ်ဆိုရင် ဇာတ်ပို့ပဲဖြစ်ဖြစ် ရိုက်ချင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ကိုဝိုင်းက သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ရင် အရမ်းသင်ပေးတဲ့ ဆရာတစ်ယောက်ဖြစ်တော့ ပညာလိုချင်ခဲ့တာကြောင့် ကမ်းလှမ်းလာတဲ့ အချိန်မှာ အရမ်းပျော်ခဲ့ရပါတယ်။
■ မေး - ‘လှပ်၍ လွင့်သော’ စပြီး လက်ခံရိုက်ကူးတော့ မယ်ဆိုတဲ့အခါမှာရော ဘယ်လိုတွေပြင်ဆင်ခဲ့ရလဲ။
■ ဖြေ - ကိုယ်ကလက်ခံရိုက်ကူးမယ်ဆိုတဲ့အခါ ဇာတ်ကိုအရင် ဖတ်ကြည့်ဦးဆိုပြီး ဇာတ်ညွှန်းပို့လာတယ်။ ဇာတ်ညွှန်းကိုဖတ်ပြီး ကိုယ်သရုပ်ဆောင်ရမှာက ခင်ငြိမ်းချမ်းနေရာကဖြစ်မယ်ဆိုပြီး ခင်ငြိမ်းချမ်းနေရာကနေဖတ်ပြီး ကိုယ့်ကာရိုက်တာကို မှတ်နေခဲ့တာ။ တကယ်တမ်းကျတော့ ညီမသရုပ်ဆောင်ရမှာက အမေမွှေး(မို့မို့မြင့်အောင်)ရဲ့ ငယ်ဘဝက နေရာဆိုတာ သိလိုက်ရတယ်။ အဲဒီအချိန်မှာတော့ ကိုယ်က အရမ်းကြောက်သွားခဲ့ရတယ်။ အမေမွှေးဆိုတာက ပြည်သူချစ် အကယ်ဒမီများရှင် အနုပညာရှင်ကြီးတစ်ယောက်လေ။ အဲဒီလိုလူတစ်ယောက်ပါဝင်မယ့် ဇာတ်ကောင်ရဲ့ ငယ်ဘဝဆိုတော့ ကြောက်တာပေါ့။ အမှန်အတိုင်းပြောရရင်လည်း ညီမအနေနဲ့က အနုပညာနဲ့ပတ်သက်ရင် ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရတဲ့ထဲမှာ မရှိသေးသလို ပရိသတ်တွေက ကိုယ့်ရဲ့သရုပ်ဆောင်မှုအပေါ် အားမရသေးဘူးဆိုတာသိတယ်။ အဲဒီလိုအချိန်ကြီးမှာ ဒီဇာတ်ကို လက်ခံရိုက်ကူးရမှာဖြစ်တဲ့အတွက် အရမ်းလန့်တယ်၊ ကြောက်တယ်။ ဖြစ်ပါ့မလားဆိုတဲ့ စိတ်ရှိတယ်။ ဒါပေမဲ့ ဆရာကိုဝိုင်းကိုလည်းယုံတယ်။ ဇာတ်ကားမရိုက်ကူးခင်မှာတော့ ကိုဝိုင်းက ထရိန်နင်ခေါ်တယ်။ ဇာတ်ကားမရိုက်ခင်မှာတည်းက ကိုဝိုင်းက ဇာတ်ညွှန်းကိုပိုင်နိုင်အောင် စကားဘောင်ပဲ့အောင် လေယူလေသိမ်းကအစ အလွတ်ရနေအောင်ကို သင်ထားတယ်။ ဒါပေမဲ့ တကယ့်ရိုက်ကွင်း ပေါ်ရောက်တဲ့အခါမှာတော့ နည်းနည်းကြောက်နေပေမဲ့ ကိုဝိုင်းက အွန်လိုင်းမှာ ဗီဒီယိုအတိုလေးတင်ထားသလိုပဲ အရမ်းကို စိတ်ရောကိုယ်ပါ အပင်ပန်းခံပြီး သေချာသင်ပေးတယ်။ စေတနာထားပြီး သေချာသင်ပေးခဲ့တယ်။ ဒါကြောင့်လည်း မကြည်ပြာရဲ့ ငယ်ဘဝက ပိုပြီးအသက်ဝင်ခဲ့တာပါ။
■မေး - လှပ်၍ လွင့်သော ဇာတ်ကားမှာ အလှအပပိုင်းနဲ့ပတ်သက်ပြီး ဘာမှကိုသိပ်လုပ်မထားဘူးနော်။
■ ဖြေ - ဟုတ်ကဲ့။ ညီမခံယူထားတာက မင်းသမီးဆိုတာက အပြင်မှာလည်း လှနေတာပဲလေ။ ဇာတ်ကားထဲမှာတော့ လှနေဖို့ထက် သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်ပီပြင်ဖို့က ပိုပြီးအရေးကြီးတယ်လို့ပဲ ခံယူထားပါတယ်။ အဲဒီအတွက် ဒီဇာတ်ကားမှာဆိုရင်လည်း ဇာတ်ကောင်နဲ့လိုက်ဖက်ဖို့အတွက် မိတ်ကပ်မလိမ်းတဲ့အပြင် အညိုတွေချထားရတယ်။ အဝတ်အစားပိုင်းမှာဆိုရင်လည်း ဒီဇာတ်ကားအတွက် ချုပ်ထားပြီးသား အကျႌတွေရှိပေမဲ့ ဒါရိုက်တာက အရမ်းသစ်နေတယ်လို့ပြောတဲ့အတွက် ညီမမှာ အဝတ်တွေကို ညစ်ပတ်နေအောင် ပြန်ပြီးလုပ်ထားရတယ်။ အဓိကတော့ လှဖို့ထက် ဇာတ်ကောင်ပီပြင်ဖို့ပဲ ဦးစားပေးထားပါတယ်။
■ မေး - ‘လှပ်၍ လွင့်သော’ မှာ မကြည်ပြာရဲ့ ငယ်ဘဝ ပီပြင်ဖို့ ကိုယ့်ဘက်က ကြိုးစားခဲ့ရတာတွေလည်း သိပါရစေ။
■ဖြေ - အမှန်အတိုင်းပြောရရင်တော့ သရုပ်ဆောင်လုပ်ခဲ့တဲ့ တစ်လျှောက်မှာ ခင်ဝင့်ဝါအတွက် ဒီဇာတ်ကားက အခုချိန်ထိတော့ အပင်ပန်းဆုံးရိုက်ခဲ့ရတဲ့ဇာတ်ကားပါ။ ကံကောင်းတာက မိုးရွာထဲမှာ အချိန်တွေ အကြာကြီးနေပြီးရိုက်ခဲ့ရပေမဲ့ မဖျားခဲ့ဘူး။ ဒါပေမဲ့ ဦးလေးကို မောင်လေးအခြေအနေ ဆင်းမေးတဲ့အခန်းရိုက်တုန်းကဆို ချော်လဲကျသွားတာ တင်ပါးမှာဆိုရင် အညိုမည်းကွက် အကြီးကြီးဖြစ်သွားတယ်။ အဲဒီဇာတ်ဝင်ခန်း တစ်ခုတည်းကိုပဲ နှစ်ရက်ရိုက်ခဲ့ရတယ်။ ဒဏ်ရာတွေလည်းရတယ်။ ဒါပေမဲ့ ဇာတ်ကား ရိုက်နေချိန်တုန်းက ပင်ပန်းတယ်ဆိုတဲ့ ခံစားချက်မရှိခဲ့ဘူး။ အရမ်းပျော်တယ်။ တက်ကြွခဲ့တယ်။ ကိုယ်ပါဝင်ရမယ့်ဇာတ်ကောင်ကိုလည်း အရမ်း ခံစားလို့ရခဲ့တယ်။
■ မေး - အခုဇာတ်ကားကို ပြန်ကြည့်တဲ့အခါမှာရော ကိုယ့်ကိုယ်ကိုယ်ကျေနပ်မှုရှိလား။
■ ဖြေ - ပြန်ကြည့်တဲ့အခါမှာတော့ တချို့ဇာတ်ဝင်ခန်းတွေမှာ ကိုယ့်ကိုယ်ကိုယ်အားမရဘူး၊ လိုသေးတယ်လို့ ခံစားရတယ်။
■မေး - ‘လှပ်၍ လွင့်သော’ ဇာတ်ကားနဲ့ပတ်သက်တဲ့ အမှတ်တရဆိုရင်။
■ ဖြေ- အမှတ်တရဆိုတာကတော့ ပညာတွေ အများကြီးရတယ်။ ဒါရိုက်တာ ကိုဝိုင်းဆီကနေလည်း ပညာတွေအများကြီးရသလို အမေမွှေးပြောတဲ့ ‘ကိုယ်အရုပ်မပါဘဲ ခြေထောက်ပဲ ရိုက်မယ်ဆိုရင်တောင် ခြေလှမ်းတိုင်းမှာ အိုက်တင်ရှိတယ်’ ဆိုတဲ့စကားတစ်ခွန်းနဲ့တင် အရမ်းအဓိပ္ပာယ်ရှိပြီး ပညာရခဲ့သလို အမေမွှေးရဲ့ အားပေးမှုလည်းရခဲ့တယ်။
■ မေး - ‘လှပ်၍ လွင့်သော’ ဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပြောချင်တာရှိရင်။
■ ဖြေ - ဒီဇာတ်ကားလေးကို လာပြီးကြည့်ရှု အားပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ပရိသတ်တွေအတွက် ဇာတ်ကားကောင်းလေး ဖြစ်မှာပါ။