ဒါရိုက်တာအကယ်ဒမီဝိုင်းနှင့် တွေ့ဆုံခြင်း

ဒါရိုက်တာအကယ်ဒမီဝိုင်းနှင့် တွေ့ဆုံခြင်း
Published 19 March 2019
လင်းလင်းခိုင်

မေး - အကယ်ဒမီအတွက် ကြိုတင်ရိုက်ကူးပေးတဲ့ ရိုက်ကူးရေးအကြောင်းလေး အရင်ပြောပြပါဦး။

ဖြေ - အဲဒါကတော့ ဦးအောင်လွင် အင်တာဗျူးလေးအကယ်ဒမီအတွက် ရိုက်ကူးပေးတာပါ။

မေး- အခုနှစ်အကယ်ဒမီဆန်ခါတင် စာရင်းဝင်ဇာတ်ကားမှာ အစ်ကို့ဇာတ်ကားတွေက အရေအတွက် အများစုပါဝင်နေတယ်ဆိုတော့ ဘယ်ဇာတ်ကားကိုပိုအားရပြီး ဘယ်သူတွေအတွက်ရင်ခုန်ပေးချင်လဲ။

ဖြေ - အစ်ကိုထင်ပါတယ်။ ရွှေကြာနဲ့သမ္မတကြီးထံပေးစာ ဇာတ်ကားနှစ်ကားက ရည်ရွယ်ချက်လည်း ကောင်းမွန်တဲ့အခါကျတော့ မျှော်လင့်ပါတယ်။ ပြီးတော့ဒီနှစ်မှာ ဖွေးဖွေးကတော့ သမ္မတကြီးထံ ပေးစာနဲ့ရမလား၊ ရွှေကြာနဲ့ရမလား တစ်ခုခုတော့ဖြစ်မယ်လို့ ထင်ပါတယ်။ ဇာတ်ပို့တွေထဲကဆိုရင်လည်း အမေစန်း (စန်းစန်းဝင်း) ပေါ့။ သူတို့အတွက်တော့ ရင်ခုန်ပါတယ်။ ကျန်တဲ့ဆုတွေကတော့ သိပ်ပြီးမျှော်လင့်လို့မရဘူး ထင်ပါတယ်။ နောက်ခံတေးဂီတတို့ဘာတို့ကလည်း အစ်ကိုက နိုင်ငံခြားမှာတီးထားတဲ့ အခါကျတော့ အမှတ်ပေးစည်းမျဉ်းနဲ့ကျ မကိုက်ဘူးလေ။ အဲဒါလေးတော့ ရှိပါတယ်။

မေး - ဖွေးဖွေးနဲ့ပတ်သက်လို့ အဲဒီဇာတ်ကား နှစ်ကားထဲကဘယ်ကားမှာ ပိုအားရလဲ။

ဖြေ - အမှန်အတိုင်းပြောရရင်တော့သူ့အနေ နဲ့ ပိုရသင့်တာကရွှေကြာနဲ့ပါ။ သူမရိုက်ခင်မှာလည်း PSI မှာ ရွှေကြာလိုမိိန်းကလေးမျိုးတွေနဲ့ သွားပြီးတွေ့ဆုံမေးမြန်းတာတွေ လုပ်ခဲ့တယ်။ အဲဒီလိုပြင်ဆင်ပြီးမှ ရိုက်ခဲ့တာဆိုတော့ တကယ်ရိုက်တော့လည်း သူ့အတွက် သက်သောင့်သက်သာဖြစ်တယ်။ သမ္မတကြီးထံ ပေးစာဇာတ်ကားကတော့ သူ့အတွက် အခက်အခဲနည်းနည်း ရှိတယ်ပေါ့။

မေး - ဒီနှစ်အကယ်ဒမီက ဇာတ်ကားအရေအတွက် စံချိန်တင်များသလို စံချိန်စံညွှန်း အကဲဖြတ်တဲ့ပုံစံတွေ ပြောင်းလဲထားတဲ့အပေါ်မှာရော ဘယ်လိုမျှော်လင့်ထားလဲ။

ဖြေ-  အဓိကတော့ပြိုင်ဆိုင်မှု ပြင်းထန်လေ ကောင်းလေပါပဲ။ ပြိုင်ဆိုင်မှုပြင်းထန်မှလည်း တိုးတက်မှာလေ။ အဓိကတော့ ဒိုင်လူကြီးတွေလည်း ခေါင်းခြောက်ရမယ့်နှစ်ဖြစ်တယ်လို့ ထင်ပါတယ်။ စံချိန်စံညွှန်းဆိုတာကတော့ ရှိသင့်ရှိထိုက်တဲ့ ဥပဒေပါ။ အမှတ်ပေးစည်းမျဉ်းတွေ၊ စံချိန်စံညွှန်းတွေ မရှိရင်လည်း ပွဲတစ်ပွဲကအလကားပါ။ အဲဒါကို အဂတိတရားကင်းရှင်းစွာနဲ့ ဆုံးဖြတ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။

မေး - ဒီနှစ်ဆန်ခါတင်ဇာတ်ကားတွေထဲမှာ မျက်နှာသစ်အနုပညာရှင်တွေရဲ့ဇာတ်ကားတွေလည်း အများကြီးပါလာတာ တွေ့ရတယ်။ အဲဒီအပေါ်သုံးသပ်ပေးပါဦး။

ဖြေ - ဒါကတော့ သူတို့တွေရဲ့ကြိုတင်ပြင်ဆင်မှုအားကောင်းလို့ အခုလိုပါဝင်လာတာလို့မြင်တယ်။ သူတို့တွေ သေချာပြင်ဆင်ထားတယ်။ သေချာလုပ်ထားတယ်။ အဲဒီအရှိန်အတိုင်း ဆက်သွားဖို့အရေးကြီးတယ်။ အဲဒီအရှိန်ထက် ကျသွားရင်တော့ ဆက်သွားဖို့ခက်လိမ့်မယ်။ ဒါကြောင့်အခုလိုအရှိန်အတိုင်း ဆက်သွားပါ၊ ကောင်းပါတယ်လို့ပဲ ပြောချင်ပါတယ်။

မေး - ဒီနှစ်အကယ်ဒမီက ပရိသတ်တွေမျှော်လင့်တာနဲ့ ဘယ်လောက်ထိ ထပ်တူကျနိုင်မယ်လို့ရော မျှော်လင့်ထားလဲ။

ဖြေ - အဓိကတော့ သူတို့အမှတ်ပေးစည်းမျဉ်းတွေနဲ့ညီမယ်၊ အဂတိတရားလေးပါး ကင်းစင်စွာနဲ့ ဆုံးဖြတ်မယ်ဆိုရင်တော့ ပရိသတ်တွေကကျေနပ်မှာပါ။ ပရိသတ်ကျေနပ်ခြင်း မကျေနပ်ခြင်းမှာ တစ်ခါတလေကျတော့လည်း သူတို့ချစ်တဲ့မင်းသားမင်းသမီးကို ရစေချင်ပေမယ့် တကယ့်အမှတ်ပေးစည်းမျဉ်းတွေက တစ်ကွက်ကောင်းတွေသာ သွားတာမျိုးရှိတယ်လေ။ အဲဒါကိုတော့ လက်ခံနိုင်ရမှာပါ။

မေး - လှပ်၍လွင့်သောဇာတ်ကားကို ပုံဖော်ခဲ့ရတဲ့အမှတ်တရလေးလည်း ပြောပြပေးပါဦး။

ဖြေ - အဓိကတော့ ဒီဇာတ်ကားက သရုပ်ဆောင်ရွေးချယ်မှုပေါ့။ မင်းသားမင်းသမီး ချစ်ကြိုက်ကွဲညားထဲက ခွဲထွက်ထားတဲ့ ဇာတ်လမ်းမျိုးပါ။ ဝတ္ထုထဲက ဇာတ်ကောင်နှစ်ယောက်လောက်ကိုတောင် ဖြုတ်လိုက်တယ်။ ကိုနိုင်ကြီး(ကျော်ရဲအောင်) နဲ့တခြား မင်းသမီးသုံးယောက်ကို တည်ထားတယ်။ ဒီဇာတ်ကားရဲ့ အဓိကတော့ ဇာတ်ညွှန်းနဲ့ရိုက်ချက်ပေါ့။ တခြားကားတွေနဲ့မတူအောင် ဆန်းသစ်ထားတယ်။ ကြည့်လိုက်ရင်လှပ်ခနဲဖြစ်ပြီး ငြိမ့်ငြိမ့်လေးနဲ့ဆွေးဆွေးလေးဖြစ်အောင် ဖန်တီးထားတယ်။ ဒီဇာတ်ကားမှာ ပုံဖော်ထားတာက အစ်ကိုတို့နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ပြဿနာ အားလုံးရဲ့ အခြေခံဇာစ်မြစ်လို့ပြောလို့ရတယ်။

မေး - လှပ်၍လွင့်သောကို အားပေးမယ့်ပရိသတ်တွေအတွက် နောက်ထပ်ဘယ်လိုရသအသစ်တစ်မျိုးကို ရရှိစေမယ်လို့ ပြောလို့ရမလဲ။

ဖြေ - ၀ိုင်းရဲ့ ၂၀၁၉ မော်ဒယ်အသစ်တစ်ခု ထွက်လာတဲ့အပေါ်ကြည့်ကြည့်ပါ။ ရှေ့ကကားတွေနဲ့ အများကြီးကွဲပြားသွားပါလိမ့်မယ်။ သေချာတာက ကိုယ့်ကိုယ်ကိုယ်အများကြီး ကြိုးစားပြုပြင်ပြီး တည်ဆောက်ထားပါတယ်။ တစ်ကားနဲ့တစ်ကားမတူအောင် ပရိသတ်အတွက်လည်းစဉ်းစားတယ်။ ကိုယ့်အတွက်လည်း ကိုယ်စဉ်းစားပါတယ်။

 

Most Read

Most Recent